ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မီးရှို့ခံရသည့် ကားများနှင့် ပတ်သက်၍ တပ်မတော်နှင့် ၎င်းတို့ကြား တိုက်ပွဲကြောင့် ကားများ မီးလောင်ခြင်းဖြစ်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ရှင်းလင်းချက်တွင် အကြောင်းပြချက်ပေး

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မီးရှို့ခံရသည့် ကားများနှင့် ပတ်သက်၍ တပ်မတော်နှင့် ၎င်းတို့ကြား တိုက်ပွဲကြောင့် ကားများ မီးလောင်ခြင်းဖြစ်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ရှင်းလင်းချက်တွင် အကြောင်းပြချက်ပေး
Published 5 September 2019
မင်းနိုင်စိုး

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မီးရှို့ခံရသည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် ၎င်းတို့ကြား တိုက်ပွဲကြောင့် ကားများ မီးလောင်ခြင်းဖြစ်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့် ရှင်းလင်းချက်၌ အကြောင်းပြချက် ပေးထားသည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်အဖွဲ့ (AA) တို့အကြား စက်တင်ဘာ ၃ ရက် ည ၇ နာရီခွဲခန့်မှ ည ၈ နာရီခန့်အထိ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီး လားရှိုး- ကွတ်ခိုင် - မူဆယ် ကားလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ရှင်းလင်းချက်တွင် ဖော်ပြခဲ့သည်။

ထိုကားလမ်းမကြီး၏ နမ့်ကွတ်ရွာနှင့် ဟိုနောင်ရွာအကြား လမ်းပိုင်းတွင် နေရာယူထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့က မူဆယ်ဘက်မှ ဆင်းလာသည့် ကားများအား တပ်မတော်နှင့် ၎င်းတို့အကြား အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သဖြင့် လမ်းအခြေအနေ မကောင်းသောကြောင့်  ဆက်လက် မသွားရန် ရပ်တန့်သတိပေး ရှင်းပြနေချိန်တွင် တပ်မတော်နှင့် ၎င်းတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြစဉ် ကားကြီး လေးစီး မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရပြီး နောက် ည ၈ နာရီခန့်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က တိုက်ပွဲဖြစ်ပွားရာ လမ်းမကြီးမှ ပြန်လည် ဆုတ်ခွာခဲ့ရာ တိုက်ပွဲမှာ အဆုံးသတ်ခဲ့ကြောင်း ရှင်းလင်းချက်တွင် ပါရှိသည်။

တိုက်ပွဲရပ်တန့်သွားပြီးနောက် ကားကြီး လေးစီး ဆက်လက် မီးလောင်နေသည်ကို တွေ့ခဲ့ရသော်လည်း စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင်မူ ကားကြီး ကားငယ် ခုနစ်စီး မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ရှင်းလင်းချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ခုခံကာကွယ်စစ်ကို မလွှဲမရှောင်သာသော အခြေအနေများကြောင့်သာ လှုပ်ရှား ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူလူထုများ ဘေးကင်းလုံခြုံမှုရရှိရန် မေတ္တာရပ်ခံ သတိပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊  နှစ်ဖက် တိုက်ပွဲများအကြား မီးလောင်ပျက်စီးသွားသည့် ခရီးသွားကားများအတွက် အထူးဝမ်းနည်းကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရှင်းလင်းချက်တွင် ပါရှိသည်။

သို့သော်လည်း စက်တင်ဘာ ၃ ရက် တိုက်ပွဲအတွင်း ကားများ မီးလောင်ပျက်စီးမှုသည် ညီနောင်မဟာမိတ် သုံးဖွဲ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကားသုံးစီးမှာ မောင်းနှင်ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းနှင့် ညီနောင်မဟာမိတ် အဖွဲ့ဝင်များအနေဖြင့်  ကားသမားများ၏ ဖုန်းများနှင့် ငွေများကို ယူဆောင်သွားခဲ့ကြောင်း ကားများ မီးလောင်နေမှုကို ဗွီဒီယိုရိုက်ယူကာ လူမှုကွန်ရက် Facebook ပေါ်တွင် တင်ခဲ့သူတစ်ဦးက အဆိုပါ ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

 

 

Most Read

Most Recent