စက်မှုဇုန်အတွင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို လုပ်ငန်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးခြင်း မရှိပါက ဒဏ်ကြေးအဖြစ် မြေကာလတန်ဖိုး ၁၀ ရာခိုင်နှုန်းကို နှစ်စဉ် ပေးဆောင်ရန်နှင့် ဒဏ်ကြေး မဆောင်ပါက ပါမစ် သို့မဟုတ် ဂရန် ပြန်လည်ရုပ်သိမ်းခြင်း ခံရမည့် ပြဋ္ဌာန်းချက် ပါဝင်သော စက်မှုဇုန် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အတည်ပြု

စက်မှုဇုန်အတွင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို လုပ်ငန်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးခြင်း မရှိပါက ဒဏ်ကြေးအဖြစ် မြေကာလတန်ဖိုး ၁၀ ရာခိုင်နှုန်းကို နှစ်စဉ် ပေးဆောင်ရန်နှင့် ဒဏ်ကြေး မဆောင်ပါက ပါမစ် သို့မဟုတ် ဂရန် ပြန်လည်ရုပ်သိမ်းခြင်း ခံရမည့် ပြဋ္ဌာန်းချက် ပါဝင်သော စက်မှုဇုန် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အတည်ပြု
Published 4 September 2019
စည်သူ

တည်ထောင်ပြီးသည့် စက်မှုဇုန်အတွင်း မြေကွက်များ ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို လုပ်ငန်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးခြင်း မရှိပါက ဒဏ်ကြေးအဖြစ် မြေကာလတန်ဖိုး ၁၀ ရာခိုင်နှုန်းကို နှစ်စဉ်ပေးဆောင်ရန်နှင့် ဒဏ်ကြေး မဆောင်ပါက ပါမစ် သို့မဟုတ် ဂရန် ပြန်လည် ရုပ်သိမ်းခြင်းခံရမည့်  ပြဋ္ဌာန်းချက် ပါဝင်သော စက်မှုဇုန် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသော အထက်ပါ ဥပဒေကြမ်းအား စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော် အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းတွင် စက်မှုဇုန်အတွင်း မြေကွက်များအား လက်ရှိ ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက် တင်ပြ၍ အတည်ပြုချက် ရယူရမည်။ တင်ပြသော စီမံကိန်းကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ကိုင်ခြင်းမရှိပါက ဒေသဆိုင်ရာ ကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြင့် ပြန်လည် သိမ်းဆည်း၍ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား လွှဲပြောင်းပေးခြင်းကို ခံယူရမည်ဟု အဆိုပြု ပြဋ္ဌာန်းထားသည်။

ယင်းအဆိုပြု ပြဋ္ဌာန်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးက တည်ထောင်ပြီး စက်မှုဇုန်အတွင်း မြေကွက်များအား ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမည့်ကာလကို တင်ပြ၍ သက်ဆိုင်ရာ ဒေသဆိုင်ရာကော်မတီ၏ အတည်ပြုချက် ရယူရမည်။ အတည်ပြုပြီး ဖြစ်သည့် စီမံကိန်း သတ်မှတ်ကာလအတိုင်း ပြီးစီးအောင် လုပ်ကိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သက်ဆိုင်သည့် ဒေသဆိုင်ရာ ကော်မတီသို့ နှစ်စဉ် ပေးဆောင်ရမည်။ ဒဏ်ကြေးပေးဆောင်နိုင်ခြင်း မရှိပါက အဆိုပါ မြေအသုံးပြုခွင့် ပါမစ် သို့မဟုတ် ဂရန်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည်ဟု ပြင်ဆင်ရန် တင်ပြထားသည်။

ယင်းသို့ အဆိုပြုချက်နှင့် ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦး၏ ပြင်ဆင်ရန် တင်ပြချက်တွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ရန် တင်ပြချက်အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်ဒဏ်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်နိုင်သော ပြစ်ဒဏ်၊ ခြောက်လထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ရမည့် ပြစ်ဒဏ်၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့ ်ပြစ်ဒဏ်၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းထိ ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်ဒဏ်၊ ငွေဒဏ် ကျပ်သိန်း ၂၀ ချမှတ်ရမည့်အပြင် ခြောက်လထက် မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည့် ပြစ်ဒဏ်တို့ကိုလည်း ဥပဒေကြမ်းတွင် ထည့်သွင်း၍ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

“လူတစ်ယောက်က မြေကို ယူထားတယ်။ အရင်တုန်းကလည်း စက်မှုဇုန်မြေကို ဝယ်ထားတယ်။ အလုပ် မလုပ်ဖြစ်ဘူးဆိုရင် သူ့ဘာသာ အရင်က ဘယ်လောက် ကိုင်ထားခဲ့ ကိုင်ထားခဲ့ ဒါကို နိုင်ငံတော်ကနေ ဒါကို ဒီဟာသည် စက်မှုဇုန်အဖြစ်နဲ့ ကြေညာပြီဆိုရင် ခြောက်လအတွင်းမှာ သူ ဘာလုပ်ငန်းလုပ်မယ် ဒီလိုလုပ်ဖို့ တည်ဆောက်လုပ်ရေးလုပ်ငန်း နှစ်နှစ်ကြာပါမယ်၊ သုံးနှစ်ကြာပါမယ်။ ကြီးရင်ကြီးသလို သေးရင် သေးသလို တင်ပြပေါ့။ ဒီကာလ ကျော်လွန်သွားလို့မှ လုပ်ငန်းဆောင်တာတွေ မပြီးရင် ၁၀ ရာခိုင်နှုန်း စပေးရမှာ။ ကျွန်မတို့က ဥပဒေ အသက်ဝင်စေချင်လို့ ဒဏ်ကြေးကို ထည့်ထားတာ” ဟု ပြင်ဆင်ရန် တင်ပြခဲ့သူ တစ်ဦးဖြစ်သည့် ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၁၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ယင်းဥပဒေကြမ်းအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။ 

Most Read

Most Recent