ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ရန် ကွတ်ခိုင်မြို့သို့ ချဉ်းကပ်လာသည့် ညီနောင်မဟာမိတ်အဖွဲ့များကို တပ်မတော်က ရဟတ်ယာဉ်နှစ်စင်းဖြင့် ကြိုတင်ပစ်ခတ် တားဆီးနိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ရန် ကွတ်ခိုင်မြို့သို့ ချဉ်းကပ်လာသည့် ညီနောင်မဟာမိတ်အဖွဲ့များကို တပ်မတော်က ရဟတ်ယာဉ်နှစ်စင်းဖြင့် ကြိုတင်ပစ်ခတ် တားဆီးနိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 4 September 2019
မင်းနိုင်စိုး

ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ရန် ကွတ်ခိုင်မြို့သို့ ချဉ်းကပ်လာသည့် ညီနောင်မဟာ မိတ်လက်နက်ကိုင်အဖွဲ့များကို စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စင်းဖြင့် ကြိုတင်ပစ်ခတ်တားဆီးနိုင်ခဲ့ကြောင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့တွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂ ရက်တွင်ပင် နမ့်ဖတ်ကာ၏ တောင်ဘက် ရင်ကွဲတောင်တွင် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို ညီနောင် မဟာမိတ်သုံးဖွဲ့က လာရောက်ပစ်ခတ်ခဲ့ သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“မနေ့ကတော့ ကျွန်တော်တို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ နမ့်ဖတ်ကာရဲ့ တောင်ဘက် ရင်ကွဲတောင်ဘက်မှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့က လာရောက်ပစ်ခတ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် ထိ တွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ ညနေပိုင်းမှာ တော့ ကျွန်တော်တို့ ကွတ်ခိုင်ဘက်ကို ပစ် ခတ်တိုက်ခိုက်နှောင့်ယှက်ဖို့ ချဉ်းကပ်လာ တဲ့အဖွဲ့တွေကို ကျွန်တော်တို့ သတင်းကြို တင်ရရှိတဲ့အတွက် ကြိုတင်ချေမှုန်းလိုက် တာ ရှိပါတယ်။ မှန်ပါတယ်။ ဒီဟာကတော့ ကြိုတင်သတင်းရရှိတဲ့အတွက် ကြိုတင်ပြီး တားဆီးတာ ဖြစ်ပါတယ်” ဟု စက်တင်ဘာ ၂ ရက်တွင် ရဟတ်ယာဉ်နှစ်စင်းဖြင့် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်အချို့ အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်စသည့် ခုနစ်မြို့နယ်ခန့်တွင် တပ်မတော်နှင့် အဆိုပါ လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၃၁ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ကွတ်ခိုင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် မော်ဟစ်စုစည်းကျေးရွာမှ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“အဓိကကတော့ ဟိုတစ်လောက ဖြစ်တာကတော့ ကွတ်ခိုင်မြို့ရဲ့ အရှေ့မြောက်ဘက်ကနေ တစ်ဖွဲ့၊ အနောက်တောင်ဘက်ကနေ တစ်ဖွဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ အဲဒီမှာ မော်ဟစ်စုစည်းရွာက ရွာသားငါးဦးသေဆုံးမှုအတွက် ကျွန်တော်တို့လည်း သတင်းထုတ်ပြန်ထားတယ်။အခုလည်း ကွတ်ခိုင်မြို့ဘက်ကို လာရောက်ချဉ်းကပ်တယ်။ ချဉ်းကပ်တဲ့အခါမှာ ကျွန်တော်တို့ ကြိုတင်သတင်းရရှိတဲ့အတွက် ကျွန်တော်တို့ ပစ်ခတ်တားဆီးနိုင်ခဲ့ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ကွတ်ခိုင်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား လာရောက်ပစ်ခတ်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ၎င်းတို့၏ တရားမဝင်  Website များမှ တပ်မတော်က ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ရွာသူရွာသားများ သေဆုံး/ဒဏ်ရာရရှိခဲ့သည်ဟု သတင်းမှားနှင့် ကောလာဟလထုတ်လွှင့်ခဲ့သည်။

ဖြစ်စဉ်မှန်အားစိစစ်ရာ လက်နက်ကိုင်များက ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တို့အား ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ချပ်စ် ကျောင်းအနီးနေရာမှလည်းကောင်း၊ ကွတ် ခိုင်မြို့၏ အနောက်တောင်ဘက် ပန်ဆေး ကျေးရွာအနီးနေရာမှလည်းကောင်း အသီးသီး လက်နက်ကြီးများဖြင့် လာရောက်နှောင့် ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ဖြစ်စဉ်အပါအဝင် သြဂုတ် ၁၅ ရက်မှ ယနေ့ အထိ ကွတ်ခိုင်မြို့ပတ်ဝန်းကျင်အား သောင်းကျန်းသူများက လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်မှုမှာ ငါးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်ဟစ်စုစည်းကျေးရွာသည် ကွတ်ခိုင်မြို့၏မြောက်ဘက် မီတာ ၁၀၀၀ အကွာအဝေးခန့်အတွင်း၌ရှိပြီး ပန်ဆေးကျေးရွာအနီးမှ ပစ်ခတ်သည့် ရန်သူ့ ကျည်လမ်းကြောင်းနှင့် မန်ထန်ရွာ ကချင် ချပ်စ်ကျောင်းအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်း နှစ်ကြောင်းပေါ်၌ ကျရောက်လျက်ရှိသည်ကို လက်နက်နှင့် ခဲ ယမ်း ကျွမ်းကျင်ပညာရှင်များက စစ်ဆေးတွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ စက်တင်ဘာ ၂ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

 

 

Most Read

Most Recent