PSG အသင်းတိုက်စစ်မှူး နေမာသည် ယခုရာသီတွင် ပါရီကလပ်၌သာ ဆက်ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံထုတ် L'Equipe သတင်းစာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြသည်။
PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘရာဇီးလ်လက်ရွေးစင် နေမာသည် ပါရီ၌မပျော်ရွှင်တော့သဖြင့် နှစ်နှစ်အကြာမှာပင် အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမရသဖြင့် ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက နေမာအတွက် သင့်လျော်သည့်ကမ်းလှမ်းမှုရရှိပါက ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း ယူရိုသန်း ၂၀၀ ပြန်လည်ရရှိမှသာ ရောင်းချဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ဘာစီလိုနာအသင်းက ၎င်းအား ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသော်လည်း တစ်ရာသီအငှားဖြင့် ခေါ်ယူ၍ လာမည့်နှစ်တွင် ယူရိုသန်း ၁၆၀ ဖြင့် အပြီးသတ်ခေါ်ယူခြင်း (သို့မဟုတ်) ကစားသမားနှစ်ဦးနှင့် ယူရိုသန်း ၁၀၀ အလိုက်ပေး ၍ ခေါ်ယူခြင်းစသည်ဖြင့် အကြိမ်ကြိမ်ကမ်းလှမ်းသော်လည်း PSG အသင်းက လက်မခံဘဲ ပယ်ချခဲ့သည်။
L'Equipe သတင်းစာ၏ ဖော်ပြချက်အရ နေမာသည် ယခုရာသီတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်မဖြစ်နိုင်တော့ကြောင်း လက်ခံလိုက်ပြီဖြစ်ပြီး ၎င်း၏ကိုယ်စားလှယ်များကလည်း PSG အသင်း၌သာ ဆက်ကစားတော့မည်ဟု လီယိုနာဒိုထံ အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း သိရ သည်။
ထို့အပြင် Le Parisien သတင်းစာကလည်း PSG အသင်းတာဝန်ရှိသူများသည် အမာခံပရိသတ်အဖွဲ့နှင့်တွေ့ဆုံ၍ လာမည့်ပွဲစဉ်များတွင် နေမာကိုလှောင်ပြောင်ခြင်းမပြုရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ရာသီအဖွင့်ပွဲတွင် ပရိသတ်အချို့က ၎င်းအား လှောင်ပြောင်မှုပြုလုပ်ခဲ့ဖူးသည်။