အီမရိတ်စ်မှာ အမှတ်ခွဲယူခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ

အီမရိတ်စ်မှာ အမှတ်ခွဲယူခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ
Photos: Daily Mail
Photos: Daily Mail
Published 2 September 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၄) တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ တစ်ဖက် (၂)ဂိုးစီ သရေကျခဲ့ပါတယ်။

စနေညမှာယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ ချယ်လ်ဆီး သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းရော၊ စပါးအသင်းပါ အနိုင်ရဖို့ရုန်းကန်ခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ ဒီနေ့ပွဲစဉ်မှာ ပေပေ၊ လာကာဇက်နဲ့ အူဘာမီယန်းတို့ တိုက်စစ်မှူး (၃)ဦးစလုံးကို တွဲဖက်ပွဲထုတ်ခဲ့ပြီး၊ စပါးအသင်းကလည်း ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ အဲရစ်ဆင်တို့နဲ့ တုံ့ပြန်ခဲ့ပါတယ်။

ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး အဖွင့်ဂိုးကိုရရှိသွားတာကတော့ ဧည့်သည် စပါးအသင်းပါ။

ပွဲချိန် (၁၀)မိနစ်မှာ လာမယ်လာရဲ့ကန်ချက်ကို အာဆင်နယ်ဂိုးသမား လေနိုရဲ့ဘောလုံးပုတ်ထုတ်ပုံ မသေသပ်မှုကနေ အဲရစ်ဆင်က ပြေးဝင်ပိတ်သွင်းပြီး စပါးအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ အာဆင်နယ်အသင်းချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် စပါးအသင်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန်မိနစ် (၄၀)မှာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ချာကာအနေနဲ့ ဂိုးစည်းထဲမှာ ဆွန်ဟောင်မင်ကို ဟန့်တားပုံကြမ်းခဲ့တာကြောင့် ပယ်နယ်တီပေးခဲ့ရပြီး ဒီပယ်နယ်တီကို ဟာရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။

ဒါဟာ ဟာရီကိန်းအတွက် အာဆင်နယ်အသင်းနဲ့ပြိုင်ပွဲစုံတွေ့ဆုံမှုမှာ (၁၀)ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပြီး အဒီဘာယော၊ ဘော်ဘီစမစ်တို့နဲ့ အရေအတွက်တူညီခဲ့ပါတယ်။

ပွဲချိန် (၄၅)မိနစ်မှာတော့ အာဆင်နယ်အသင်း ချေပဂိုးရခဲ့ပြီး လာကာဇက်က အနီးကပ်အပြင်းပိတ်သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာတော့ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ချေပဂိုးအတွက် ကြိုးပမ်းလာမှုကြောင့် ပွဲကပိုပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် (၇၁)မိနစ်မှာတော့ ဂန်ဒူဇီရဲ့ဖြတ်တင်ပေးပို့မှုကို အူဘာမီယန်းက ပြေးဝင်လမ်းကြောင်းပြီး အာဆင်နယ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး အပြောင်းအလဲတွေလုပ်ပြီး အနိုင်ဂိုးအတွက် ကြိုးပမ်းခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးတွေထပ်မရခဲ့ပါဘူး။

အာဆင်နယ်အသင်း ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရလို့လည်း နစ်နာခဲ့ပါတယ်။

ပွဲအပြီးမှာတော့ (၂-၂)ဂိုးနဲ့သရေကျခဲ့ပြီး အမှတ်ခွဲယူခဲ့ကြပါတယ်။

 

Most Read

Most Recent