ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေညရဲဲ့ပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပေမယ့်၊ ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ တန်းတက် ရှက်ဖီးယူနိုက်တက်ကို နောက်ကျချေပဂိုးပေးခဲ့ရပြီး သရေသာကစားနိုင်ခဲ့ပါတယ်။
ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ပွဲစဉ်မတိုင်မီ နိုင်ပွဲရယူထားနိုင်ဖို့အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အိမ်ကွင်းမှာ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အဂွဲရိုး၊ စတာလင်၊ မာရက်ဇ်၊ ရိုဒရီ၊ ဒီဘရိုင်းနားတို့နဲ့ လူစုံထုတ်ခဲ့တာပါ။
ပွဲအစ (၂)မိနစ်မှာပဲ ဒီဘရိုင်းနားက မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူလိုက်ပြီး အဲဒီနောက်ပိုင်းမန်စီးတီးအသင်းကပဲ ပွဲကိုစိတ်ကြိုက်ကစားသွားခဲ့တာပါ။
ဘရိုက်တန်အသင်းကတော့ ခံစစ်မှာပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်နဲ့ ဂိုးရဖို့ကြိုးပမ်းခဲ့ပေမယ့် မန်စီးတီးအသင်းကို ဘယ်လိုမှယှဉ်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
မန်စီးတီးအသင်းအခွင့်အရေးတွေထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် (၄၂)မိနစ်မှာမှ အဂွဲရိုးက မန်စီးတီးအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းမှာ (၂-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ပွဲကိုဆက်လက်စိုးမိုးကာ ဂိုးတွေထပ်ရခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် တတိယဂိုးကို ပွဲချိန်(၅၅)မိနစ်မှာ အဂွဲရိုးကပဲ သွင်းယူခဲ့ပြီး ဒါဟာသူ့အတွက် အီတီဟတ်ကွင်းမှာ သွင်းယူခဲ့တဲ့ (၉၉)ဂိုးမြောက်လိဂ်သွင်းဂိုးဖြစ်လာခဲ့ပါတယ်။
မန်စီးတီးအတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၇၉)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရကာ လီဗာပူးလ်အသင်းရဲ့ပွဲစဉ်မတိုင်မီ အဆင့် (၁)နေရာကို ယာယီတက်လှမ်းခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ရှက်ဖီးယူနိုက်တက်တို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက (၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး (၂)ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ သရေရလဒ်သာရရှိခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြလမ်းပတ်မှာ ဒီပွဲမှာလည်း တိုမိုရီ၊ ပူလီဆစ်၊ အေဘရာဟမ်၊ မေဆန်မောင့်တို့လို လူငယ်တွေကိုပွဲထုတ်ခဲ့ပြီး ဂျော်ဂျင်ဟို၊ ဘာကလေ၊ ကိုဗာချစ်တို့နဲ့ တွဲဖက်ခဲ့ပါတယ်။
ပွဲအစကတည်းက ချယ်လ်ဆီးအသင်း ကစားကွက်စီးဖို့ကြိုးစားခဲ့သလို လူငယ်ကစားသမားတွေကလည်း နည်းပြလမ်းပတ် စိတ်ကျေနပ်အောင် ပုံစံကောင်းပြခဲ့ကြပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာက လူငယ်တိုက်စစ်မှူး အေဘရာဟမ်ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ် (၃)မှာ (၂)ဂိုးသွင်းယူခဲ့သလို၊ အခုပွဲမှာလည်း ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၉)မိနစ်မှာ အေဘရာဟမ်ကသွင်းယူပေးခဲ့ပြီး၊ ဂိုးရပြီးနောက်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်းကပဲ ပွဲကိုစိုးမိုးထားခဲ့တာပါ။
ဒီရာသီတန်းတက်အသင်းတွေထဲမှာ ပုံစံကောင်းပြနေတဲ့အသင်းလို့ဆိုရမယ့် ရှက်ဖီးယူနိုက်တက်အသင်းကလည်း တန်ပြန်တိုက်စစ်တွေကတစ်ဆင့် ချယ်လ်ဆီးအသင်းကို တုံ့ပြန်ဖို့ကြိုးစားခဲ့ပါတယ်။
ပွဲချိန် (၄၃)မိနစ်မှာ ချယ်လ်ဆီးအသင်း ဒုတိယဂိုးရသွားခဲ့ပြီး အေဘရာဟမ်ကပဲ သွင်းယူခဲ့တာပါ။
ပထမပိုင်းမှာတော့ (၂-၀)ဂိုးနဲ့ပြီးဆုံးပြီး ဒုတိယပိုင်းမှာတော့ ရှက်ဖီးယူနိုက်တက်အသင်း ချေပဂိုးအတွက် ကြိုးစားလာခဲ့တာကြောင့် ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။
ဒုတိယပိုင်းအစ ပွဲချိန် (၄၆)မိနစ်မှာပဲ စတီဗန်ရဲ့ ပေးပို့မှုကနေ ရောဘတ်ဆန်က ရှက်ဖီးယူနိုက်တက်အသင်းအတွက် ပထမချေပဂိုးသွင်းယူပေးခဲ့လို့ ချယ်လ်ဆီးအသင်း ပိုပြီးအားစိုက်ကစားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဂိုးရဖို့အခွင့်အရေးတွေရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့သလို ရှက်ဖီးယူနိုက်တက်အသင်းက မာမာထန်ထန်တုံ့ပြန်လာခဲ့လို့ ကစားရခက်ခဲ့ပါတယ်။
ဒီရလဒ်အတိုင်းပွဲပြီးမယ်ထင်ခဲ့ပေမယ့် ပွဲချိန် (၈၉)မိနစ်မှာတော့ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ချယ်လ်ဆီးနောက်ခံလူ ဇူးမား ရှင်းထုတ်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ရှက်ဖီးယူနိုက်တက်အသင်း အဖိုးတန်ချေပဂိုးကိုရရှိခဲ့ပါတယ်။
လက်ကျန်မိနစ်မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းက ပွဲကိုထိန်းကစားသွားပြီး စတမ်းဖို့ဒ်ဘရစ်ချ်အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းသရေရလဒ်ကြောင့် နစ်နာခဲ့တယ်လို့ပဲဆိုရပါမယ်။