မိုးအုံ့နေတဲ့ နေ့တစ်နေ့အကြောင်း

မိုးအုံ့နေတဲ့ နေ့တစ်နေ့အကြောင်း
 လျှပ်စစ်ရုံးတစ်ခုတွင် မီတာခဆောင်ရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် ( ဓာတ်ပုံ-ကြည်နိုင်)
လျှပ်စစ်ရုံးတစ်ခုတွင် မီတာခဆောင်ရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် ( ဓာတ်ပုံ-ကြည်နိုင်)
Published 27 August 2019
ထက်လူအောင်

အိမ်ပြန်လမ်းတစ်ဝက် ရောက်မှ လျှပ်စစ်ဓာတ်အားခဆောင်ဖို့ကို သတိရလိုက်ပါတယ်။ အင်္ကျီအိတ်ထဲက ဓာတ်အားခတောင်းခံလွှာကို ထုတ်လိုက်ပါတယ်။ ဓာတ်အားခဆောင်ဖို့ သတ်မှတ်ထားတဲ့နေ့ကို သေသေချာချာ ကြည့်လိုက်ပါတယ်။ ဓာတ်အားခဆောင်ဖို့က ဒီနေ့ နောက်ဆုံးတဲ့။ လျှပ်စစ်ရုံးကို ပြေးရတာပေါ့။ လျှပ်စစ်ရုံးရှေ့က လူတန်းကိုတွေ့လိုက်ရတော့ . . .

နေရောင်က ရောက်မလာသေးဘူး။ ကောင်းကင်မှာ မိုးတိမ်တွေကအပြည့်။ ထိုင်းမှိုင်းခြင်းတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေတယ်။ နံနက်ခင်းရဲ့ ငှက်ကလေးတွေကိုတောင် မတွေ့ရဘူး။ လေးလံနေတဲ့ ခန္ဓာကို ရေနဲ့ထိတွေ့ပြီး လန်းဆန်းစေလိုက်တယ်။ မျက်နှာသစ်၊ သွားတိုက်ပေါ့။ အစာစားဖို့ကတော့ တစ်ခုခုသွားဝယ်မှရမယ်။ သမီးလေးကလည်း ဗိုက်ဆာနေပြီလို့ ပြောနေပြီ။ ညကကျန်တဲ့ ထမင်းကြမ်းကိုကြော်လိုက်ရင် ကောင်းမလား။ ကြက်ဥလေးထည့်ပြီးတော့ပေါ့။ စဉ်းစားနေရင်းနဲ့  မုန့်ဟင်းခါးစားချင်စိတ်ပေါ်လာတယ်။ အိမ်ထဲကချိုင့်ကိုယူပြီးတော့  ဟိုဘက်ရပ်ကွက်ထိပ်ကို ခပ်သွက်သွက် လမ်းလျှောက်ပေါ့။ ဟိုဘက်ရပ်ကွက်ထိပ်မှာ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ရှိတယ်။ လက်ရာကောင်းတယ်။ စျေးသင့်တယ်။ မြို့ထဲကလူတွေ တော်တော်များများလည်း လာစားကြတယ်။ မုန့်ဟင်းခါးဆိုင်ရောက်တော့ လူတွေက များနေပြန်ပါတယ်။ ပါဆယ်ဆွဲရဖို့ ကိုယ့်အလှည့်ကို စောင့်ပေတော့။ မုန့်ဟင်းခါးဆိုင်မှာ စောင့်နေရင်းနဲ့ သိလိုက်ရတာက မုန့်ဟင်းခါးတစ်ပွဲ ၄၀၀ ဖြစ်သွားတာကိုပါပဲ။ စျေးတက်သွားတယ်တဲ့။ စျေးတက်တဲ့အကြောင်းဆိုင်မှာလည်း စာမကပ်ထားဘူး။ သူ့ဆိုင်နဲ့ သူ့ဖောက်သည်ဆိုတော့ အေးဆေးပေါ့။ ၄၀၀ ဆိုတော့လည်း ၄၀၀ ပေါ့။ မုန့်ဟင်းခါးတစ်ပွဲ သောင်းကျော်တောင် ရှိသေးတာပဲဟာ။ မုန့်ဟင်းခါး ဝယ်လို့ပြီးတဲ့အခါ အိမ်ကို အမြန်ပြန်ရတယ်။ သမီးလေး ဗိုက်အတော်ဆာနေပြီ ထင်တယ်။

နံနက်ခင်း မိုးမရွာသေးတဲ့ ကောင်းကင်ဟာ ဆက်လက်အုံ့မှိုင်းနေဆဲပါ။ မုန့်ဟင်းခါးဆိုင်ကနေ အိမ်ကိုပြန်တဲ့ လမ်းမှာ အရက်ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ အရက်ဖြူနဲ့ စျေးပေါတဲ့ ဝီစကီတွေ၊ ရမ်လောက်သာရတဲ့ ဆိုင်လေးတစ်ဆိုင်ပေါ့။ အလာတုန်းက ဒီအရက်ဆိုင်လေးကို မကြည့်ခဲ့မိဘူး။ အခုကြည့်လိုက်တော့မှပဲ ဆိုင်ထဲမှာ လူတော်တော်များများ ရောက်နေတာကို တွေ့ရပါတယ်။ ရာသီဥတုကလည်း အေးစက်နေတဲ့အချိန်ဆိုတော့ ဒီအနီးနားရပ်ကွက်လေးတွေက မနက်ခင်းပုံမှန်သောက်တဲ့သူတွေ အကုန်လုံး ရောက်နေတဲ့ပုံပါပဲ။ ခေတ်ကြီးမှာကလည်း စျေးမတက်တာဆိုလို့  အရက်ဖြူ အရက်ကြမ်းတွေပဲ  ရှိတယ်ထင်ပါတယ်။ ကျွန်တော်နေတဲ့ ရပ်ကွက်လေးရော၊ ဒီအနီးနားက ရပ်ကွက်လေးတွေမှာရော အခြေခံလူတန်းစားတွေပဲ နေကြတာများတယ်။ အလုပ်လုပ်ကြတော့လည်း ကာယအခြေပြုတဲ့အလုပ်တွေပဲ လုပ်ကြသူတွေက အများစုပေါ့။ အဲဒီတော့ ညနေရောက်တဲ့အခါ၊ အလုပ်ပြန်တဲ့အခါ အရက်သောက်ပြီး အပန်းဖြေကြတာပေါ့။ အပန်းဖြေသောက်ရင်းနဲ့ အရက်စွဲကြပေါ့။ စျေးပေါတဲ့အရက်ဖြူပဲ သောက်နိုင်ကြတဲ့ ဘဝတွေ။ ဒီလိုနဲ့ပဲ နံနက်ခင်းမှာပဲ သောက်သုံးတဲ့သူတွေ ဖြစ်လာကြတာပေါ့။

အိမ်ပြန်ရောက်တော့ ဗိုက်ဆာနေတဲ့ သမီးလေးကို မုန့်ဟင်းခါးကျွေးပေါ့။ မုန့်ဟင်းခါးစားပြီး ဗိုက်ပြည့်သွားတဲ့အခါ သမီးလေးက စက်ဘီးစီးမယ်လို့ ပူဆာလာပြန်ပါတယ်။ ဒီနေ့က တနင်္ဂနွေနေ့လေ။ ကျွန်တော်လည်း အလုပ်ပိတ်တယ်။ သမီးလေးလည်း ကျောင်းပိတ်တယ်လေ။ အဲဒါကြောင့် သမီးလေးက စက်ဘီးစီးဖို့ ပူဆာနေတာပေါ့။ သမီးလေး စက်ဘီးစီးတာကို လိုက်တွန်းပေးရင်းနဲ့ ရပ်ကွက်လေးရဲ့ အစွန်ကို ရောက်သွားပါတယ်။  စက်ဘီးစီးနေတဲ့သမီးလေးဟာ ရပ်ကွက်ထိပ်မှာရှိတဲ့ ရေမြောင်းတွေမှာ ငါးမျှားနေတဲ့သူတွေကို စိတ်ဝင်စားသွားပြန်ပါတယ်။

ငါးမျှားနေတဲ့သူတွေနား သွားကြည့်ပြန်ပါတယ်။ ကျွန်တော်တို့ရပ်ကွက်လေးရဲ့ ရေမြောင်းတွေမှာက ငါးပြေမတွေ၊ ငါးရံ့ပေါက်လေးတွေကို မျှားလို့မိပါတယ်။ ငါးမျှားနေတဲ့သူတွေက အပျော်မျှားနေကြတာ မဟုတ်ပါဘူး။ ဟင်းစားတစ်ခွက်အတွက် မျှားနေကြတဲ့သူတွေပါ။ ၀ါးကိုင်းငါးမျှားတံတွေနဲ့ ငါးစာအတွက် တီကောင်တွေ။ ငါးထည့်ကော်ပုံးသေးသေးလေးတွေ။ ငါးမျှားသူတွေနားက ပြန်အလာမှာ သမီးလေးက ပြောလာပါတယ်။ “ငါးလေးတွေ သနားပါတယ် ဖေဖေ” တဲ့။ သမီးလေးကို ကျွန်တော်ဘယ်လိုပြန်ပြောရမှန်း မသိတော့ပါဘူး။ ငါးမျှားချိတ်မှာ မိသွားတဲ့ ငါးလေးတွေကလည်း သနားစရာပါ။ ငါးမျှားနေတဲ့သူတွေကလည်း စိတ်အပန်းဖြေဖို့ ငါးမျှားနေကြတာ မဟုတ်ပြန်ဘူး။ ဆာလောင်နေတဲ့ ဝမ်းဗိုက်တွေအတွက် ငါးသေးငါးမွှားတွေကို မျှားနေရတဲ့ဘဝတွေပေါ့။ သမီးလေးကိုရှင်းပြဖို့ စကားလုံးရှာမရတဲ့ နေ့တစ်နေ့ပေါ့။ အုံ့မှိုင်းနေတဲ့ကောင်းကင်ဟာ အခုထိ ကြည်လင်ခြင်းမရှိသေးပါဘူး။ မိုးကလည်း မရွာသေးပါဘူး။ အရာရာဟာ မသေချာသေးတဲ့အခြေအနေပေါ့။

သမီးလေးကို အိမ်ပြန်ခေါ်လာပြီး သတင်းစာဝယ်ဖို့ ကျွန်တော် ပြန်ထွက်ခဲ့ပါတယ်။ သတင်းစာဆိုင်ရောက်တော့ သတင်းစာဝယ်ပေါ့။ သတင်းစာဝယ်ပြီးတဲ့နောက် လက်ဖက်ရည်သောက်ချင်တာနဲ့ လက်ဖက်ရည်ဆိုင်ဆီ ဦးတည်လိုက်ပါတယ်။ သတင်းစာဆိုင်က မြို့လေးရဲ့ တစ်ခုတည်းသော စျေးနားမှာပါ။ ထုံးစံအတိုင်း တနင်္ဂနွေနေ့မို့ လူစည်နေတာပေါ့။ “ဖုန်းဆင်းကတ်တွေ တစ်ကတ် ၅၀၀၊ တစ်ကတ် ၅၀၀” ၊ “ဖုန်းအားသွင်းကြိုးတွေ တစ်ကြိုးမှ ၁၀၀၀” ၊ “နားဖာကလော်တွေ၊ အစွန်းချွတ်ဆေးတွေ၊ လက်သည်းညှပ်တွေ ရမယ်” စတဲ့ အသံတွေ။ စျေးအဝင်လမ်းပေါ်ကနေ လွင့်ပျံ့လာတဲ့ အသံတွေပါပဲ။ မတ်တတ်ရပ် စျေးသည်တွေဆီက ထွက်လာတဲ့အသံတွေ။ မြို့လေးရဲ့ စျေးရှေ့ ပလက်ဖောင်းတွေပေါ်မှာ လမ်းဘေးစျေးသည်တွေ စျေးဗန်းခင်းပြီး စျေးရောင်းလို့ မရပါဘူး။ အဲဒါကြောင့် စျေးဗန်းထဲ ပစ္စည်းတစ်နိုင်စာထည့်၊ စျေးဗန်းကိုလက်နှစ်ဖက်နဲ့ ကိုင်ပြီး  စျေးရောင်းနေကြတာပေါ့။

စျေးသည်တွေ အရောင်းအဝယ်ကောင်းမကောင်း၊ စီးပွားရေး အဆင်ပြေမပြေတော့ မသိပါဘူး။ အဆင်ပြေခြင်းက လူတိုင်းဆီကို ရောက်မလာသေးတာကတော့ အသေအချာပါပဲ။ ဟိုငေး ဒီငေးနဲ့ လမ်းလျှောက်လာလိုက်တာ သောက်နေကျ လက်ဖက်ရည်ဆိုင်ရှေ့ကို ရောက်ခဲ့ပေါ့။ ဆိုင်ပေါက်ဝမှာ ၀ိှုက်ဘုတ်တစ်ခု ထောင်ထားတာ တွေ့လိုက်ရပါတယ်။ ၀ိှုက်ဘုတ်ပေါ်မှာ ရေးထားတာက လက်ဖက်ရည် ရိုးရိုးတစ်ခွက် ၃၅၀၊ ရှယ်တစ်ခွက် ၅၀၀ တဲ့။ လက်ဖက်ရည် စျေးတက်ပြီပေါ့။ လျှပ်စစ်ဓာတ်အားခ တက်တာနဲ့ ကုန်စျေးနှုန်းက လိုက်တက်လာတယ်တဲ့။

ရပ်ကွက်ထဲက လူတွေတော့ ပြောနေတာပါပဲ။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒီနေ့မှာ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် စျေးတက်သွားတာကိုတော့ လက်တွေ့ကြုံလိုက်ရပါပြီ။ ဟင်းချက်စရာ အသားငါးတွေရော ဘယ်လောက်စျေးတက်ကုန်ပြီလဲ။ အတက်ရှိရင် အကျရှိမှာပေါ့လေလို့ စိတ်ထဲမှတ်လိုက်ပြီး လက်ဖက်ရည် ရှယ်တစ်ခွက် မှာလိုက်ပါတယ်။ ၁၀ နှစ်ကျော်အရွယ် စားပွဲထိုးလေးတစ်ယောက် လက်ဖက်ရည်ခွက်လာချပေးပါတယ်။ ကလေးတွေ လာချပေးတဲ့ လက်ဖက်ရည်ကို သောက်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပြီပဲ။ လက်ဖက်ရည်စျေးတွေ ပြောင်းသွားပေမဲ့ စားပွဲထိုးလေးတွေ ကလေးအရွယ်ဖြစ်နေတာကတော့ မပြောင်းလဲသေးပါဘူး။ ဒီလိုနဲ့ ဝယ်လာတဲ့သတင်းစာကို စလှန်လိုက်ပါတယ်။ စစ်ပွဲဟာကျွန်တော့်ဆီ တန်းဝင်လာပါတယ်။ ယမ်းနံ့တွေ၊ သွေးညှီနံ့တွေကို သတင်းစာထဲကနေ ရနေပါတယ်။ တိုက်လိုက်ကြ၊ ဆွေးနွေးလိုက်ကြနဲ့  အရာရာဟာ  အစီစဉ်တကျ ဖြစ်ပျက်နေသလိုပါပဲ။ ပြည်တွင်းစစ်ကလည်း ကြာလှပြီပေါ့။ အဲဒီလိုတွေးမိလို့ မင်းဘာလုပ်နိုင်လဲ မေးလာရင် ဘာမှမလုပ်နိုင်ဘူးလို့ ဖြေရမှာပါ ပဲ။ စစ်ပွဲတွေကလည်း ဆက်ရှိနေဦးမှာပဲလေ။ သတင်းစာကို ဆက်လှန်တိုင်း သေနတ်သံပဲ ကြားနေရပါတယ်။ စစ်ပွဲသတင်းက စာမျက်နှာတော်တော်များများမှာ ပါနေလေရဲ့။ လက်ဖက်ရည်ဖိုးရှင်းပြီး လက်ဖက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အထိ မိုးက မရွာသေးပါဘူး။ ကောင်းကင်က အုံ့မှိုင်းနေဆဲပါပဲ။

အိမ်ပြန်လမ်းတစ်ဝက်ရောက်မှ လျှပ်စစ်ဓာတ်အားခဆောင်ဖို့ကို သတိရလိုက်ပါတယ်။ အကျႌအိတ်ထဲက ဓာတ်အားခ တောင်းခံလွှာကို ထုတ်လိုက်ပါတယ်။ ဓာတ်အားခဆောင်ဖို့  သတ်မှတ်ထားတဲ့နေ့ကို သေသေချာချာ ကြည့်လိုက်ပါတယ်။ ဓာတ်အားခဆောင်ဖို့က ဒီနေ့ နောက်ဆုံးတဲ့။ လျှပ်စစ်ရုံးကို ပြေးရတာပေါ့။ လျှပ်စစ်ရုံးရှေ့က လူတန်းကို တွေ့လိုက်ရတော့ ရင်ထဲမှာ မောသွားပြန်ပါတယ်။ ကိုယ့်လိုလူတွေ အများကြီးပဲဆိုတာကို တွေ့ရသိလိုက်ရလို့ပါပဲ။ ဝီရိယမရှိလို့ မဟုတ်ကြပါဘူး။ ဆောင်စရာငွေမလွယ်သေးဘူးဆိုတဲ့ လူတွေပေါ့။ ဓာတ်အားသုံးတာ လျှော့ရမယ်ဆိုတဲ့ စကားက လူတန်းကြီးဆီကနေ မကြာခဏ ထွက်ပေါ်နေပါတယ်။ စျေးတက်မှတော့ သုံးတာ လျှော့ရမှာပဲပေါ့။ စိတ်ထဲကနေ တွေးလိုက်မိပါတယ်။ လျှပ်စစ်မီးကို ဘယ်လိုလျှော့သုံးရမလဲဆိုတာကို အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး စဉ်းစားရပါဦးမယ်။ လျှော့စရာဆိုလို့ အိမ်မှာကအဲကွန်းလည်း မရှိ။ ပန်ကာတော့ ရှိတယ်။ ပန်ကာသိပ်မဖွင့်နဲ့ပေါ့။ မီးတွေမှောင်မှ ထွန်းပေါ့။ အဲ့ဒီလို တွေးမိတော့ အရင်က မမှောင်ခင်မီးထွန်းသလို ဘာလိုလိုနဲ့။ အရင်ကတည်းက မှောင်မှပဲ မီးထွန်းကြတာမဟုတ်လား။ ကိုယ့်နာမည် ခေါ်သံကြားတော့ အတွေးဟာရပ်သွားရပြန်တယ်။ ဓာတ်အားခဆောင်ဖို့ အလှည့်ရောက်ပြီလေ။

ဓာတ်အားခဆောင်ပြီးလို့ အိမ်ပြန်တဲ့အထိ မိုးက မရွာသေးပါဘူး။ ကောင်းကင်မှာ မိုးတိမ်တွေရှိနေဆဲ၊ အုံ့မှိုင်းနေဆဲပါ။ အရာရာ ပြတ်ပြတ်သားသား မဖြစ်တာ မုန်းစရာကောင်းလိုက်တာ။ မိုးရွာမယ်ဆိုလည်း ရွာ၊ မရွာရင်လည်း နေသာပေါ့။ တစ်ခုခု ပြတ်ပြတ်သားသား ဖြစ်သွားတာ မကောင်းဘူးလား။ စျေးတွေတောင် တက်စရာရှိတာ တက်သွားခဲ့ပြီပဲလေ။

Most Read

Most Recent