အန်ဖီးလ်မှာ အာဆင်နယ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ လီဗာပူးလ်

အန်ဖီးလ်မှာ အာဆင်နယ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်နေဆဲ လီဗာပူးလ်
Photos: Twitter, Getty Images & Reuters
Photos: Twitter, Getty Images & Reuters
Published 25 August 2019

■ လီဗာပူးလ် ၃-၁ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၃) စနေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက (၃-၁)ဂိုးနဲ့ဂိုးပြတ်အနိုင်ယူပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

အဖွင့်ပွဲစဉ် (၂)ပွဲဆက် နိုင်ပွဲဆက်ထားတဲ့ အသင်း(၂)သင်းရဲ့တွေ့ဆုံမှုက အကြိတ်အနယ်ရှိခဲ့ပြီး ပိုကောင်းခဲ့တဲ့ လီဗာပူးလ်အသင်းက နိုင်ပွဲရယူခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး နိုင်ပွဲဆက်ဖို့ပြင်ဆင်လာခဲ့ပြီး လီဗာပူးလ်အသင်းက ဆာလာ၊ မာနေ၊ ဖေမီနို၊ ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့ လူစုံခဲ့သလို၊ အာဆင်နယ်အသင်းကလည်း လာကာဇက်၊ တော်ရဲရားတို့ ပွဲထွက်စာရင်းမပါခဲ့တာကလွဲလို့ အူဘာမီယန်း၊ ပေပေ၊ စီဘယ်ယို့စ်၊ ချာကာ၊ ဂန်ဒူဇီတို့နဲ့ တုံ့ပြန်ခဲ့တာပါ။

ပွဲအစပိုင်းမှာ အာဆင်နယ်အသင်း ကစားကွက်စီးသလိုရှိပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်အားကို အာဆင်နယ်ခံစစ် ထိန်းဖို့ခက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ကံဆိုးခဲ့တာက ပထမပိုင်းပြီးခါနီး ပွဲချိန် (၄၁)မိနစ်မှာ လီဗာပူးလ်အသင်းကို အဖွင့်ဂိုးပေးလိုက်ရတာပါ။

လီဗာပူးလ်အတွက်အဖွင့်ဂိုးကိုတော့ အာနိုးလ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ နောက်ခံလူ မာတစ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ဂိုးမပေးရခင်မှာ အာဆင်နယ်အသင်း လီဗာပူးလ်အသင်းကိုတုံ့ပြန်ကစားနိုင်ခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ပေပေ အသုံးမချနိုင်ခဲ့တာ တွေ့ရပါတယ်။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းရဲ့ကစားအားကို အာဆင်နယ်အသင်း မယှဉ်နိုင်တော့ဘဲ ဂိုးတွေခွင့်ပြုခဲ့ရတာပါ။

ဒုတိယပိုင်းအစ ပွဲချိန် (၄၉)မိနစ်မှာတော့ ပယ်နယ်တီဧရိယာအတွင်းမှာ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ဆာလာကို နောက်ကနေဆွဲထားသလိုဖြစ်တာကြောင့် လီဗာပူးလ်အသင်း ပယ်နယ်တီရခဲ့ပါတယ်။

ဒီပယ်နယ်တီကို ဆာလာက အမှားအယွင်းမရှိကန်သွင်းယူပြီး လီဗာပူးလ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။

(၂)ဂိုးရပြီးနောက်မှာလည်း ကစားကွက်စီးနေတဲ့ လီဗာပူးလ်ကပဲ ဖိကစားခဲ့ပြီး  ပွဲချိန် (၅၈)မိနစ်မှာ ဖာဘင်ညိုရဲ့ပေးပို့မှုကနေ ဆာလာက  အာဆင်နယ်နောက်ခံလူတွေကို ကျော်ဖြတ်ကာ ဂိုးသမားလေနိုရဲ့ ညာဘက်ထောင့်ကို လှလှပပကန်သွင်းယူသွားခဲ့တာပါ။

ဆာလာကတော့ အာဆင်နယ်အသင်းနဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၇)ဂိုး (၅ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)အထိရှိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ကျန်မိနစ်မှာတော့ လီဗာပူးလ်အသင်း ကစားအားချခဲ့လို့ အာဆင်နယ်အသင်းအခွင့်အရေးတွေပြန်ရခဲ့ပြီး ပွဲချိန် (၈၅)မိနစ်မှာ တော်ရဲရားက အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်အနိုင်မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အာဆင်နယ်အသင်းနဲ့ နည်းပြအမ်မရီအတွက်ကတော့ ဒီရှုံးပွဲဟာ အသင်းရဲ့ကစားကွက်မှာ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာ ပြသခဲ့တယ်လို့ပဲဆိုရပါမယ်။

Most Read

Most Recent