ငတုံးအင်အားစုကြီးကို ဘယ်တော့မှ လျှော့မတွက်နဲ့

ငတုံးအင်အားစုကြီးကို ဘယ်တော့မှ လျှော့မတွက်နဲ့
Photos: AFP,Twitter,Getty Images
Photos: AFP,Twitter,Getty Images
Published 24 August 2019

လက်ရှိအင်္ဂလန်ဘောလုံးလောကမှာတော့ တာဝန်ရှိသူတွေရော၊ ဘောလုံးသမားတွေပါ ဆိုရှယ်မီဒီယာတွေကို တော်တော်စိတ်ပျက်နေကြပြီ။ ဘောလုံးရာသီက စတာမကြာသေးဘူး။ ဘောလုံးလောကထဲကို လူမျိုးရေးခွဲခြားမှုတွေ၊ ပုဂ္ဂိုလ်ရေး Abuse လုပ်တာတွေနဲ့ လှိုင်းထန်နေပါပြီ။ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာ၊ ချယ်လ်ဆီးလူငယ်တိုက်စစ်မှူး အေဘရာဟမ်၊ ရက်ဒင်းတိုက်စစ်မှူး ယာကူမီတေးတို့ဟာ ဒီလှိုင်းလုံးတွေရဲ့ အလယ်မှာ တိုက်ခိုက်ခံနေရတဲ့သူတွေဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး FARE (လူမျိုးရေးခွဲခြားမှုများကို ဆန့်ကျင်တိုက်ဖျက်နေသည့် ဥရောပအခြေစိုက်အဖွဲ့အစည်း) က တာဝန်ရှိသူ ပီယာရာပါ၀ါကလည်း တော်တော်လေးစိတ်ပျက်နေပြီး ဆိုရှယ်မီဒီယာ ပေါ်က လူတွေဟာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ဖို့ အရမ်းလွယ်ကူနေတယ်လို့ ညည်းတွားခဲ့တယ်။

"အင်္ဂလန် လူ့အသိုင်းအဝိုင်းကို စိတ်ပျက်စရာအကောင်းဆုံးနေရာတွေထဲက တစ်ခုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ မြင်နေရပါတယ်။ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ နားလည်လက်ခံတဲ့သူတွေ အရမ်းနည်းလာတယ်။ လူတစ်ဦးကို စော်ကားဖို့အတွက် သိပ်စဉ်းစားစရာမလိုဘဲ၊ အဟန့်အတားလည်းမရှိဘဲ လွယ်လွယ်လေး လုပ်ဆောင်လာကြတယ်" လို့ ပြောခဲ့တယ်။ Independent နဲ့ တွေ့တော့ ဒီစကားကို ပြောခဲ့သလို၊ The Guardian နဲ့ တွေ့တော့လည်း သူက Twitter ဟာဘောလုံးသမားတွေအတွက်တော့ စက်ဆုပ်ရွံရှာ ဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်လာပြီလို့ ဆိုခဲ့သေးတယ်။

ဒါပေမဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေကိုတော့ သူက ချီးကျူးခဲ့သလို၊ ဘောလုံးပရိသတ်တွေထဲမှာ လူကောင်းတွေလည်း ရှိနေပါသေးတယ်လို့ ဆိုတယ်။ သူက အင်္ဂလန်ဟာအလွန် ဆိုးသွမ်းတဲ့သူတွေနဲ့ အလွန်ကျင့်ဝတ်ရှိသူတွေရှိနေတဲ့ နေရာလို့ဆိုပြီး၊ လူမျိုးရေးခွဲခြားမှုပေါင်းများစွာ ရှိနေသလို၊ ဒီအရာတွေကို လက်မခံတဲ့သူတွေလည်း အများကြီးရှိနေတာကိုတော့ ချီးကျူးခဲ့တယ်။ "အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို စပါးပရိသတ်တစ်ဦးက ငှက်ပျောသီးအခွံနဲ့ ပစ်ပေါက်တော့ အင်္ဂလိပ်လူမျိုးပရိသတ်တွေရဲ့ တုံ့ပြန်မှုက အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင် တခြားနိုင်ငံတွေမှာ ဒါဟာ ငှက်ပျောခွံလေးပဲဆိုပြီး ခပ်ပေါ့ပေါ့ ပြီးဆုံးသွားနိုင်ပေမယ့် အင်္ဂလန်မှာတော့ ဒီကိစ္စကို အလေးအနက်ထားခဲ့ကြပါတယ်။ ဘောလုံးကွင်းထဲမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်နေတဲ့ လူတွေအများကြီးတွေ့နိုင်တယ်။ ဒါပေမဲ့ အဲဒီအင်္ဂလန်က လူတွေပဲ Twitter မှာတော့ လူမျိုးရေးခွဲခြားမှုတွေကို လွယ်လွယ် လေးလုပ်နေကြပြန်တယ်။ ဒီလူတွေဟာ အတူတူပဲလား၊ မတူဘူးလားဆိုတာ ကျွန်တော် မသိဘူး။ မတူဘူးဆိုရင်တောင် စိုးရိမ်စရာကောင်းပေမယ့် အတူတူပဲ ဆိုရင်တော့ ပိုစိုးရိမ်စရာဖြစ်နေပြီ" လို့ သူက ဆိုတယ်။

အင်္ဂလိပ်မီဒီယာတွေကတော့ တာဝန်ကျေပါတယ်။ ဘယ်အသင်းရဲ့ ဘယ်ကစားသမား၊ ဘယ်ပရိသတ်ကိုမှ အလွတ်မပေးဘူး။ ဒီလို လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတယ်။ တခြား ဥရောပမီဒီယာတွေထက် ပိုပြီး နစ်နာသူတွေကို အကာအကွယ်ပေးနေတယ်။ ဒါပေမဲ့ပြဿနာက ဆိုရှယ်မီဒီယာက အရမ်းအားကြီးလာတာပဲအရင်လို သတင်းမီဒီယာတွေဆီကတစ်ဆင့် အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ လူတစ်ဦးရဲ့အသံကိုကစားသမားတွေကကြားရတာမဟုတ်ဘူး။ ကစားသမားတစ်ဦးကို ပရိသတ်တစ်ဦးက တိုက်ရိုက်စော်ကားလို့ရတဲ့အထိ လွယ်ကူနေပြီး ဒီလိုတိုးတက်လာမှုနဲ့ နည်းပညာပိုင်းမြင့်မားလာခြင်းကို အသုံးချပြီး စော်ကားတာတွေက အရမ်းများလာခဲ့တယ်။

မကြာသေးမီကပဲ ဆိုရှယ်မီဒီယာမှာ ပွက်လောရိုက်ခဲ့တဲ့ ကိစ္စတစ်ခုမှာ မြန်မာအသိုင်းအဝိုင်းကလို့ ယူဆရတဲ့လူတစ်ဦး ပါဝင်ခဲ့တာကို တွေ့ရတယ်။ ရက်ဒင်းကစားသမားတစ်ဦးဖြစ်တဲ့ ယာကူမီတေးဟာ ကာဒစ်ဖ်စီးတီးအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းကရတဲ့ ပယ်နယ်တီကို လွဲချော်ခဲ့တယ်။ ပွဲရလဒ်ကို ထိခိုက်ရ လောက်အောင် ဆိုးရွားခဲ့တာ မဟုတ်သလို၊ ဒီလို ဖြစ်ခဲ့ရင်တောင် ပယ်နယ်တီ လွဲချော်တဲ့ ကစားသမားတစ်ဦးကို အကြောင်းမဲ့စော်ကားဖို့တော့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ရက်ဒင်းပရိသတ်ဟုတ်ပုံမရတဲ့ စောပြေထူးဆိုတဲ့ Twitter အကောင့်ပိုင်ရှင်က မီတေးရဲ့ Twitter မက်ဆေ့ချ်ထဲဝင်ပြီး ဆဲဆိုထားတာ တွေ့ရတယ်။ ဆဲတဲ့အထိ ပြဿနာမတက်နိုင်ပေမယ့် လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်တဲ့ F******g Monkey ဆို တာမျိုးပါ သွားတဲ့အခါ လက်မခံနိုင်စရာ အသုံးအနှုန်းဖြစ်သွားတယ်။ မီတေးက Screenshot ရိုက်ပြီး Twitter ပေါ်ပြန်တင်လိုက်တော့ ဒီဖြစ်ရပ်က ပိုပြီးကျယ်ပြန့်သွားတယ်။ Guardian နဲ့တွေ့တော့ မီတေးက "ကျွန်တော့်အသင်း အနိုင်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ ဒါပေမဲ့ ပယ်နယ်တီလွဲချော်ခဲ့တဲ့အတွက်တော့ ကျွန်တော် အံ့အားသင့်စရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့် ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာ ဒီမက်ဆေ့ချ်ကို တွေ့လိုက်တော့ ကျွန်တော် အရမ်းဝမ်းနည်းခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ဘဝမှာ ဒီလိုမက်ဆေ့ချ်မျိုးက ပထမဆုံးအတွေ့အကြုံပါ။ ဒီမက်ဆေ့ချ်ကိုကြည့်နေရင်း အစောပိုင်း မိနစ် (၃၀)လောက် ကျွန်တော် ရှော့ခ်ဖြစ်သွားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူတိုင်းက ဒီလိုလူ တွေချည်းပဲ မဟုတ်ပါဘူးလေဆိုပြီး ကျွန်တော် စိတ်ဖြေနိုင်ခဲ့ပါတယ်"လို့ သူက ဖြေတယ်။

စောပြေထူးဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ မီတေးတစ်ဦးတည်းကိုမဟုတ်ဘဲ အရင်ကလည်း မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို လူမျိုးရေးခွဲခြားဆက်ဆံခဲ့ဖူးသူအဖြစ် ဖော်ပြလာကြတဲ့ အခါမှာ ဒီလိုလူတွေရဲ့ အတွင်းစိတ်ကို ခန့်မှန်းလို့တော့ ရသွားတယ်။ Twitter သုံးစွဲသူ တစ်ဦးကတော့ "သူက ရက်ဒင်းအသင်းရဲ့ ပရိသတ်လည်းမဟုတ်ပါဘူး။ လူမည်းကစားသမားတွေအပေါ် ဘယ်သူဘယ်ဝါမသိနိုင်တဲ့ မျက်နှာမဲ့တွေရဲ့ စော်ကားမှုတွေက ပိုဆိုးလာတာတော့ အမှန်ပဲ။ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ဆိုတာ လူသားတွေအားလုံးကို ကိုယ်စားမပြုပါဘူး။ ငါတို့ မင်းနဲ့အတူ ရှိနေတယ်" လို့ ရေးသားပြီး အားပေးခဲ့တယ်။

မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကတော့ "လုံလောက်ပါပြီ။ ဒီလောက်ဆို Twitter သုံးစွဲတာကို ရပ်တန့်ဖို့လိုလာပြီ"လို့ ရေးသားခဲ့တယ်။ "မန်ချက်စတာယူနိုက်တက်ဆိုတာ မိ သားစုကြီးဖြစ်ပြီး၊ ပေါ့ဘာက ကျွန်တော်တို့ရဲ့ မိသားစုဝင်ပါ။ သူ့ကို စော်ကားခြင်းဟာ ကျွန်တော်တို့အားလုံးကို စော်ကားသလိုပါပဲ"လို့ ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားမှုတွေ၊ စော်ကားမှုတွေကို ကြုံတွေ့ခဲ့တဲ့ အသင်းဖော် ပေါ့ဘာဘက်က ကာကွယ်ရေးသားခဲ့တယ်။

Twitter အပါအဝင်၊ လူမှုကွန်ရက်မီဒီယာတွေမှာ Troll သူတွေက အားကောင်းပါတယ်။ တချို့ကတော့ နောက်ရုံ၊ ပြောင်ရုံ၊ ကလိရုံပဲ။ ကြည့်လိုက်တဲ့အခါ စိတ်ပျော်ရွှင်ရတယ်။ စိတ်ချမ်းသာရတယ်။ တကယ်တော့ Troll ဖို့ရည်ရွယ်ထားတဲ့ Page တွေမှာလည်း သူ့စည်းကမ်းတွေနဲ့ သူရှိပါတယ်။ အားနည်းချက်ကို နင်းပြီး လုပ်ရတာမျိုးဆိုပေမယ့် များသောအားဖြင့်တော့ လူမျိုးရေးခွဲခြားမှုတွေကို လက်ရှောင်လေ့ရှိတာ တွေ့ရပြီး၊ တကယ့် ညစ်ညမ်းမှုတွေ၊ အမှိုက်တွေကိုတော့ Personal သုံးတဲ့သူတွေဆီမှာတွေ့ရလေ့ရှိတယ်။ ရပ်ရှ်ဖို့ဒ်က Twitter ကိုဦးတည်ပြီးပြောပေမယ့် သူ့ကို စောပြေထူး Abuse လုပ်ခဲ့တုန်းက Instagram မှာပါ။ ပြဿနာက Twitter တင်မဟုတ်ဘဲ လူမှုကွန်ရက်မီဒီယာပေါ်မှာ ကိုယ်ပိုင်စာမျက်နှာတစ်ခုရပြီဆိုပြီးရေးချင်တာ ရေးတဲ့သူတွေဖြစ်နေတယ်။ ဒီနေရာမှာလည်း ခွဲခြားပြီး ပြောရရင် တချို့က ခေတ်ရဲ့ပုံရိပ်ကို ဖော်ပြနိုင်တဲ့ ဦးနှောက်အဆင့်အတန်းမျိုးနဲ့ သရော်ကြပြီး၊ တချို့ကတော့ လူကိုဦးတည်တိုက်ခိုက်တဲ့ ဦးနှောက်အဆင့်အတန်းမျိုးလောက်ပဲ ရှိနေတယ်။ လူကို ဦးတည်တဲ့ဆိုတာကလည်း ခြေစွမ်းကောင်းခြင်းညံ့ခြင်းမဟုတ်၊ နိုင်ငံရေးသမားဆိုရင်လည်း သူ့ရဲ့ ပေါ်လစီအမှား၊ စကားလုံးအမှားတွေအတွက်မဟုတ်ဘဲ မဟုတ်မမှန်တဲ့ အချက်အလက်တွေကိုသုံးပြီး ထင်ရောင်ထင်မှားဖြစ်အောင် လုပ်တာ၊ လူမျိုးရေးခွဲခြားတာ၊ လူတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဘဝကို ဝင်ရောက်စွက်ဖက်တာ၊ တိုက်ခိုက်တာတွေဖြစ်တယ်။ Twitter နဲ့ Facebook ဆိုရင်တောင် Twitter က ပိုဆိုးတဲ့ သဘောသဘာဝရှိတယ်။ ဘာကြောင့်လဲဆိုတော့ Twitter Content က အဓိကအားဖြင့် Public ကို ဦးတည်ပြီး Facebook ရဲ့ သဘောသဘာဝကတော့ Public ကို ဦးစားပေးတယ်ဆိုဦးတော့ Private ကို ဦးတည်ထားလို့ဖြစ်ပါတယ်။ နောက်တစ်ချက်က Facebook က လူကိုဦးတည်တဲ့ Network ဖြစ်ပြီး Twitter ကတော့ အိုင်ဒီယာနဲ့တော့ပစ်တွေကို ဦးတည်တဲ့ Network ဖြစ်တယ်။ နာမည်ကျော်တွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ပြီး တိုက်ရိုက်စော်ကားလို့ လွယ်တယ်။ ဒါတွေကြောင့် ပိုဆိုးတယ်လို့ ပြောရတာ ဖြစ်တယ်။ တစ်ခုရှိတာက ထိပ်တန်းလိဂ် (၅)ခုစလုံးဟာ ဥရောပမှာရှိနေပြီး ဥရောပနဲ့ အမေရိကဟာ Twitter ကို အဓိကအသုံးပြုတာကြောင့် ရပ်ရှ်ဖို့ဒ်တို့လို လူတွေက Twitter ကို အဓိကဦးတည်ပြောနေပေမယ့် သူတို့မသိတဲ့ နေရာတွေ၊ အရပ်ဒေသတွေမှာ (အဲဒီနေရာဒေသ၊ အဲဒီနိုင်ငံမှာ) တွင်ကျယ်နေတဲ့ လူမှုကွန်ရက်မီဒီယာကိုသုံးပြီး ဆဲဆိုရမ်းကားနေတဲ့၊ လူမျိုးရေးခွဲခြားနေတဲ့၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတဲ့သူတွေလည်း ရှိပါတယ်။ ပြဿနာကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ နယ်မြေဖြစ်နေခြင်းကြောင့်ဖြစ်ပြီး၊ ဒီလိုနယ်မြေမှာတောင် ကျင့်ဝတ်နဲ့အညီနေထိုင်နေကြတဲ့၊ အလုပ်ကိစ္စအတွက်၊ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအနေနဲ့ သုံးနေကြသူတွေကတော့ ဒီနေ့ကမ္ဘာမှာစံထားရတဲ့ ကိုယ်ကျင့်တရားကို ပိုင်ဆိုင်သူတွေအဖြစ် သတ်မှတ်ရမလိုဖြစ်လာပါတယ်။

မန်ယူအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားကတော့ ပရိသတ်တွေနဲ့ ထိတွေ့မှုအတွက် Twitter ကို အသုံးပြုနေသူဖြစ်ပြီး သူက "ဆိုရှယ်မီဒီယာတွေကို တစ်ခုခုတော့ လုပ်ကြပါဦး။ လူတိုင်း၊ အကောင့်တိုင်းဟာ ပွင့်လင်းမြင်သာတဲ့ အကောင့်တွေဖြစ်သင့်ပြီး ဒရိုင်ဘာလိုင်စင်၊ ပတ်စ်ပို့တွေနဲ့ အကောင့်ဖွင့်တာကိုသာ လက်ခံတဲ့ပုံစံကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ပါတယ်" လို့ ပြောတယ်။ မက်ဂွိုင်းရားပြောတာက သဘာဝကျပြီး ကိုယ်ပိုင်တာဝန်ယူမှု လမ်းကြောင်းဆီကို ဦးတည်သွားတာဖြစ်တယ်။ လူမျိုးရေးခွဲခြားမှု၊ စော်ကားမှု ပြုလုပ်နေသူတွေကို အလွယ်တကူ ရှာဖွေနိုင်တဲ့ အနေအထားရှိရင် ဒါတွေလျော့ နည်းသွားမယ်လို့ သူက ယူဆနေတယ်။

အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဖီးလ်နဗီးလ်က "ပြဿနာကတော့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးပါပဲ။ ဒါပေမဲ့ ဘောလုံးဟာ အားလုံးရဲ့ ရင်ထဲမှာရှိနေတဲ့ အားကစားနည်းပါ။ ဒီပါ၀ါကို အသုံးပြုပြီး တစ်ခုခုလုပ်ကြဖို့တော့ လိုပါတယ်"လို့ဆိုတယ်။ ဖီးလ်နဗီးလ်က ဘောလုံးသမားတွေဟာ ဆိုရှယ်မီဒီယာကို Boycott လုပ်သင့်တယ်လို့တောင် ပြောခဲ့တယ်။

ထိရောက်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဆိုရှယ်မီဒီယာပေါ်က ပြဿနာတွေကို မဖြေရှင်းဘူးဆိုရင်တော့ သူရဲဘောကြောင်ပြီး ကျက်သရေကင်းမဲ့တဲ့ တိုက်ခိုက်သူတွေရဲ့ အင်အားဟာ ပိုမိုကြီးထွားလာပါလိမ့်မယ်။ အမေရိကန်ဟာသပညာရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်ကာလင်းကတော့ "Never underestimate the power of stupid people in large groups" (ငတုံး အင်အားစုကြီးကို ဘယ်တော့မှလျှော့မတွက်နဲ့) လို့ ပြောခဲ့ဖူးတယ်။ အခုလည်း ဆိုရှယ်မီဒီယာဟာ အင်အားကြီးမားလာတာနဲ့အမျှ ဉာဏ်ရည်မြင့်သူတွေ၊ အသိတရားရှိသူတွေကို ငတုံးတွေက ဖုံးလွှမ်းလာပါပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားဘယ်ကဏ္ဍမှာမဆို ကိုယ်မကြိုက်တာကို မကြိုက်ကြောင်း ပြောနေခြင်းဟာ လူ့အခွင့်အရေးပါ။ ဆဲဆို၊ ရိုင်းစိုင်းတယ်ဆိုတာတောင် ပြဿနာမဟုတ်သေးဘူး။ တကယ့် ပြဿနာအစစ်က လူတစ်ယောက်ရဲ့ မွေးရာပါ အားနည်းချက်ကို လှောင်ပြောင်ခြင်း၊ လူတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဘဝကို တိုက်ခိုက်ခြင်းတို့ ဖြစ်ပါတယ်။ အသိရှိကြပါစေ။

ထိပ်တန်းဘောလုံးသမားတွေပါဝင်ခဲ့တဲ့ #Enough လှုပ်ရှားမှု

#Enough လှုပ်ရှားမှုသည် အင်္ဂလန်ပရော်ဖက်ရှင်နယ်ကစားသမားအစည်းအရုံးက ဦးဆောင်ခဲ့သည့် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး အင်္ဂလန်၊ ဝေးလ်စ်နှင့် တစ်ကမ္ဘာလုံးမှ ကစားသမားများ ပါဝင်လာအောင်ရည်ရွယ်ထားသည်။

နာမည်ကြီးကစားသမားများထဲမှ စတာလင်၊ လင်ဂတ်၊ ဂါရတ်ဘေးလ်၊ မစ်ခီတာရီယန်နှင့် အခြားကစားသမားပေါင်းများစွာ ပါဝင်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုတွင် ပါဝင်သူများသည် Social Media ပေါ်တွင် (၂၄)နာရီကြာအောင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ အနီရောင်အောက်ခံပေါ်တွင် #Enough ဆိုသည့်စာသားကိုသာ ဖော်ပြထားပြီး အဓိကရည်ရွယ်ချက်မှာ ဆိုရှယ်မီဒီယာပေါ်မှ လူမျိုးရေးခွဲခြားမှုပြဿနာများကို သတိပြုမိလာစေရန်ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့ချုပ်က ယင်းလှုပ်ရှားမှုသည် အနာဂတ်ခြေလှမ်းများ၏ အစသာဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုထိရောက်တွင်ကျယ်စွာ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

Most Read

Most Recent