မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း
Published 21 August 2019
စုမှူးနိုင်

‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားနဲ့အတူ မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားပြီးတဲ့ အနုပညာရှင်တစ်ဦးကတော့ ဂျပန်နိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား မိုရီဆာကီဝင်းပါ။ ဂျပန် နိုင်ငံက အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Prizma X ရဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်သလို မြန်မာနိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေ လာရောက်လုပ်ကိုင်နေတဲ့  မိုရီဆာကီဝင်းဟာ ‘အိပ်မက်တွေမိုးထားတဲ့အိမ်’ မြန်မာရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ အဝင်းနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်တာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

မေး - ‘အိပ်မက်တွေ မိုးထားတဲ့အိမ်’ ဇာတ်လမ်းတွဲရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေး အရင်ပြောပြပေးပါဦး။

ဖြေ - ပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့က မြန်မာနိုင်ငံမှာ သရုပ်ဆောင်တာကို အရမ်းလုပ်ကြည့်ချင်တယ်။ အရင်ကတည်းကလည်း သရုပ်ဆောင်ရတာကို အရမ်းကြိုက်တယ်။ ဒါပေမဲ့ သရုပ်ဆောင်လုပ်ဖို့အတွက်က အခွင့်အရေးမရှိခဲ့ဘူး။ ကျွန်တော်က ဂျပန်မှာလည်း အလုပ်လုပ်နေရတဲ့အတွက် ဂျပန်ဘက်မှာလုပ်ရမယ့် အလုပ်တွေကလည်း အချိန်ဇယားက အပြည့်ပဲဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်က မြန်မာပြည်မှာလည်း သရုပ်ဆောင်လုပ်ချင်တဲ့အခါ ကျွန်တော့်မန်နေဂျာကို အမြဲပြောဖြစ်တယ်။ သူကလည်း အချိန်ဇယားကမလွတ်ဘူး အချိန်မရဘူး၊ နောက်နှစ်လောက်ဆို ရမယ်ရမယ်နဲ့ နှစ်နှစ်၊ သုံးနှစ်လောက် ဖြစ်သွားတယ်။ နောက်တော့ Win Shoow Time ရိုက်ကူးမယ်ဆိုတဲ့အခါ MNTV နဲ့ ကျွန်တော်အလုပ်တွေ စလုပ်ဖြစ်ရင်းကနေ သူတို့ဘက်က ဇာတ်လမ်းတွဲစရိုက်မယ်၊ ဇာတ်လမ်းကလည်း မိသားစုနဲ့ပတ်သက်တာ ဖြစ်တယ်။ ကျွန်တော်မန်နေဂျာကို ကမ်းလှမ်းတဲ့အခါ ကျွန်တော့်မန်နေဂျာကလည်း MNTV ဖြစ်နေတဲ့အတွက် ယုံလည်းယုံကြည်တယ်။ ဇာတ်လမ်းကလည်း အဆင်ပြေတဲ့အတွက် အချိန်ဇယားကို ဖွင့်ပေးလိုက်တာကြောင့် ကျွန်တော် ဒီဇာတ်လမ်းတွဲ ရိုက်ကူးဖို့ဖြစ်လာခဲ့တာပါ။

မေး - အိပ်မက်တွေမိုးထားတဲ့ အိမ်ဇာတ်လမ်းတွဲမှာ အဝင်းက ဘယ်လိုမျိုးပါဝင်ရမှာလဲ။

ဖြေ - အခုချိန်မှာတော့ ဇာတ်ညွှန်းက ကျွန်တော့်ဆီကို မရောက်လာသေးတော့ သေးတဲ့အတွက် မဖတ်ရသေးတော့ သေချာမပြောတတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို သူတို့ကြိုပြောထားတာကတော့ ကျွန်တော်က မနေခြည်ဦးရဲ့ ရည်စားအနေနဲ့ပါဝင်ရမယ်။ နောက်ပြီး မြန်မာပြည်ကနေပြီး ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ ကောင်လေးတစ်ယောက်ပေါ့။ တစ်နေရာစီမှာရှိနေတဲ့ ချစ်သူနှစ်ယောက်ရဲ့ အဝေးကနေ ချစ်နေရတဲ့အချစ်တွေနဲ့ ဘဝအတွက် ကြိုးစားရတဲ့ အခက်အခဲတွေကို သရုပ်ဆောင်ရမှာပါ။

မေး - အိပ်မက်တွေ မိုးထားတဲ့အိမ်ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက်ရော ဘယ်လိုတွေပြင်ဆင်ထားလဲ။

ဖြေ - အခုချိန်မှာတော့ ဟိုတယ်က တီဗွီကိုဖွင့်ပြီး မြန်မာပြည်က ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ လာတာကိုကြည့်ပြီး မြန်မာအနုပညာရှင်တွေကဘယ် လိုတွေသရုပ်ဆောင်ကြလဲ။ ဘယ်လိုတွေပြောဆိုကြသလဲဆိုတာကို လေ့လာတာမျိုးပဲ လုပ်ဖြစ်ပါတယ်။ ဗဟုသုတရအောင်ပေါ့။ ကျွန်တော့်ရဲ့ဇာတ်ကောင်က ဘယ်လိုပုံစံမျိုးခံစားရမလဲ ဘယ်လိုဖြစ်မလဲဆိုတာကတော့ ဇာတ်ညွှန်းသေချာရတော့မှပဲ သေချာပြင်ဆင်ရမှာပါ။

မေး - ဒီဇာတ်လမ်းတွဲရိုက်ကူးတဲ့အခါ မြန်မာစကားတွေ အများကြီးပြောရတော့မယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘာတွေလေ့လာထားလဲ။

ဖြေ -  မြန်မာစကားကို သေချာပြောနိုင်ဖို့အတွက်ကတော့ ကျွန်တော့်အဖေနဲ့ အမေလည်းရှိတော့ သူတို့ကိုလည်းမေးမယ်။ နောက်ပြီး ဂျပန်မှာလည်း ကျွန်တော့်ပတ်ဝန်းကျင်မှာ မြန်မာပြည်သားတွေလည်း အများကြီးရှိတဲ့အတွက် မြန်မာစကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကအရေးကြီးတဲ့အတွက် သူတို့တွေဆီမှာမေးမယ်။ မြန်မာစကားကို အခုထက်ပိုနားလည်ဖို့ လိုတယ်လိုတယ်လို့လည်း ကျွန်တော်ကိုယ့်ကိုယ်ကိုယ်သိပါတယ်ဗျ။ အဲဒါကြောင့်လည်း ဂျပန်မှာထုတ်နေတဲ့ မြန်မာမဂ္ဂဇင်းတွေလည်းရှိတဲ့အတွက် အဲဒါတွေလည်းဖတ်ပြီး မြန်မာစကားနဲ့ပိုပြီး ထိတွေ့ဖို့လိုတဲ့အတွက် ကြိုးစားသွားမှာပါ။

မေး - သြဂုတ် ၂၀ ရက်မှာ ကျရောက်မယ့် မွေးနေ့အတွက် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ - ကျွန်တော့်မွေးနေ့မတိုင်ခင်မှာပဲ ဂျပန်ကိုပြန်ရမှာပါ။ အဲဒီမွေးနေ့မှာလည်း ကျွန်တော်ဂျပန်မှာ အလုပ်လုပ်ရမှာတွေ ရှိနေပါတယ်။ အဲဒီနေ့မှာ မြန်မာပြည်မှာရှိနေတဲ့ ကျွန်တော့်ရဲ့ FAN တွေက အလှူလုပ်မယ်ဆိုတာသိရတယ်။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သာဓုလည်း ခေါ်ပါတယ်။

မေး - ဒီနှစ်က အသက်ဘယ်လောက်ပြည့်တာလဲ။ မွေးနေ့ခံစားချက်ကရော ဘယ်လိုရှိလဲ။

ဖြေ - ဒီနှစ်မွေးနေ့ဆိုရင် ကျွန်တော့်အသက် ၂၉ နှစ်ပြည့်ပါပြီ။ ဂျပန်မှာဆိုရင် ကျွန်တော့်စီနီယာတွေပြောတာ ယောကျာ်းတစ်ယောက်က အသက် ၃၀ မှာ ဘဝစတယ်တဲ့။ အသက် ၃၀ နောက်ပိုင်းမှာဆိုရင် အသက် ၂၀ အတွင်းမှာ လုပ်ခဲ့တဲ့ ကြိုးစားခဲ့တဲ့အရာတွေက အကောင်အထည်ပေါ်လာတာပိုများတယ်လို့ ပြောကြတယ်။ အဲဒီအတွက် အသက် ၃၀ မပြည့်ခင်နောက်ဆုံးနှစ်ဖြစ်တဲ့ ဒီ ၂၉ နှစ်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ဖို့က လိုနေသေးတဲ့အတွက် ဒီနှစ်မှာ ကျွန်တော်အများ ကြီးကြိုးစားသွားဖို့ပဲ ခေါင်းထဲမှာထားပြီး ကြိုးစားသွားမှာပါ။

မေး - အဝင်းရဲ့ ဖြစ်ချင်ခဲ့တဲ့ အိပ်မက်က ဘယ်လိုမျိုးလဲ။

ဖြေ - ကျွန်တော့်ဖြစ်ချင်တာ စဉ်းစားထားတာကတော့ ၁၀ နှစ်အတွင်းထဲမှာ အမေရိကားက အော်စကာမှာ ဆန်ခါတင်အဖြစ် ရွေးချယ်ခံရတဲ့ဇာတ်ကားတို့ဘာတို့မှာ အိမ်ရှင်တစ်ယောက်အဖြစ်ပါဝင်ဖို့က ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ အိပ်မက်ပါ။ သီချင်းဆိုတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ဆိုရင် အိမ်ရှင် Tour အရမ်းလုပ်ချင်ပါတယ်။ မြန်မာပြည်ဖွားဖြစ်ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် မြန်မာပြည်မှာ ကျွန်တော့်သီချင်းတွေကို လက်ခံပေးတဲ့သူများရင် မြန်မာပြည်ကစပြီး အနီးအနားနိုင်ငံတွေအထိ လှည့်လည်ဖျော်ဖြေနိုင်မယ်လို့တော့ ကျွန်တော်စိတ်ကူးယဉ်ထားပါတယ်။  အဲဒီအတွက်လည်း ကျွန်တော်ကြိုးစားသွားမှာပါ။

မေး - အဝင်းကိုအားပေးနေတဲ့ မြန်မာပရိသတ်တွေအတွက် ပြောချင်တဲ့အမှတ်တရစကားရှိရင်။

ဖြေ - ကျွန်တော့်ကိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားပေးတဲ့သူတွေရှိနေတဲ့အတွက်လည်း ဒီနေ့ဒီလိုအချိန်မှာ မြန်မာပြည်မှာ အနုပညာအလုပ်တွေ လုပ်ခွင့်ရနေတယ်ဆိုတာကိုလည်း မမေ့ပါဘူး။ ရှေ့ဆက်လည်း ကျွန်တော့်ကိုဆက်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။             

Most Read

Most Recent