ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားတွင် ဆင်းရဲမှု၊ ထွက်ပေါက်ပိတ်မှုတို့ကြောင့် ဘဝတွင်မလုပ်ဆောင်သင့်သည်များ လုပ်ဆောင်မိခဲ့ရာမှ အသက်ပေးရသည်အထိ ကြုံတွေ့ခဲ့ရသူ ကိုသိန်းစိုးကာရိုက်တာဖြင့် ပရိသတ်အား ဆွဲဆောင်နိုင်ခဲ့သူမှာ သရုပ်ဆောင်အောင်မြင့်မြတ် ဖြစ်သည်။ ဗီလိန်ဇာတ်ရုပ်တွင် ပါဝင်ခဲ့သော်လည်း သဘာဝကျပီပြင်သည့် ဟန်ပန်နှင့် သရုပ်ဆောင်မှုများကြောင့် ယင်းဇာတ်ကားတစ်ကားတည်းနှင့်ပင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်သည်။ အနုပညာလုပ်ငန်းများ ဆက်တိုက်လုပ်ကိုင်လျက်ရှိသည့် သရုပ်ဆောင် အောင်မြင့်မြတ်သည် လက်ရှိတွင် လူငယ်ဒါရိုက်တာထက်ဝေယံနိုင် ရိုက်ကူးလျက်ရှိသော ‘ကတိ’ ရုပ်ရှင်ဇာတ်ကား၌ ရန်နိုင်ဟူသောဇာတ်ရုပ်တွင် ပါဝင်လျက်ရှိသည်။ နှစ်ကုန်ပိုင်းတွင် စတင်ရိုက်ကူးမည့် စနေမောင်မောင် ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်ရန်ပြင်ဆင်လျက်ရှိသူ သရုပ်ဆောင်အောင်မြင့်မြတ်နှင့် တွေ့ဆုံ၍ ကတိဇာတ်ကားအတွက်ပြင်ဆင်မှုများ အပါအဝင်သိလိုသည်များအား မေးမြန်းဖြစ်ခဲ့သည်။
■မေး - ကတိဇာတ်ကားမှာ ပါဝင်ဖြစ်တဲ့အကြောင်းလေး အရင်ပြောပြပေးပါဦး။
■ဖြေ - တစ်ရက်မှာဝေယံက ဇာတ်ကားကြီးရိုက်မယ်လို့ ဖုန်းဆက်တယ်။ သူက Music Video တွေလောက်ပဲ ရိုက်နေကျဆိုတော့ဖြစ်ပါ့မလား ဆိုပြီးစိုးရိမ်စိတ်တော့ရှိတယ်။ စကားသွားပြောကြည့်တဲ့အခါ ဇာတ်လမ်းအတိုလေးကိုယူလာပြီး ရှင်းပြတဲ့အခါ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ အဲဒါနဲ့ပဲ ဇာတ်ညွှန်းတောင်းတယ်။ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက script final deaft ကို ကျွန်တော်တို့လက်ထဲ ထည့်ပေးလိုက်နိုင်တယ်။ အဲဒီက တည်းကသူတို့ပြင်ဆင်ထားတဲ့အပိုင်းကို မြင်ရတယ်လေ။ အဲဒီမတိုင်ခင် လေးငါးလလောက်ကတည်းက ကြိုပြင်နေပြီ။ အရမ်းအားရဖို့ကောင်းတယ်။ တကယ်လုပ်တဲ့အခါမှာလည်း ပြင်ဆင်မှုအားကောင်းတယ်။ သူကိုယ်တိုင်လည်း ဘာလုပ်ရမယ်ဆိုတာသူသိတယ်။ ဇာတ်ကောင်တစ်ခုကို နားလည်ဖို့အတွက် ဘယ်သူနဲ့စကားပြောရမှန်း မသိတဲ့အခြေအနေမျိုးတွေ တချို့ဇာတ်ကားတွေမှာ ကြုံရဖူးတာ ရှိတယ်။ တကယ်သိတဲ့သူကပြောပြမှလည်း ဘယ်လိုခံစားမှုနဲ့ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို ကျွန်တော်တို့က သိမှာလေ။ သူကိုယ်တိုင်က အဲဒီလို ပြောပြလို့ရတယ်။ သူကိုယ်တိုင်ဖန်တီးထားတဲ့ ကာရိုက်တာ တစ်ယောက်ချင်းစီရဲ့ မွေးဖွားလာချိန်ကစပြီး အဆုံးသတ်အထိ သူ့ရင်ထဲက မွေးဖွားလာတာဖြစ်တဲ့အတွက် အလုပ်လုပ်လို့အရမ်းကောင်းတယ်။ အဓိကအချက်ကတော့ အဲဒါပါပဲ။
■မေး - ဒီဇာတ်ကားမှာပါဝင်တဲ့ တခြားကာရိုက်တာတွေကိုပါ အကျွမ်းတဝင်ဖြစ်နေတဲ့အထိ ဇာတ်ညွှန်းကိုပိုင်နိုင်နေပြီလို့လည်း ပြောတော့လေ အကြိမ်ကြိမ်ဖတ်ဖြစ်နေတာလား။
■ဖြေ - အဲဒီလိုပြောလို့လည်း ရတယ်။ တစ်ခုထူးဆန်းတာက ဇာတ်ကားမှာ ပါဝင်တဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် ဒီဇာတ်ကားမှာ မဆုံကြတဲ့သူတွေလည်း ရှိတယ်။ သူတို့နဲ့ပတ်သက်တဲ့ ဇာတ်ညွှန်းဆိုရင် ကျွန်တော့်ကို ပေးထားတဲ့ ဇာတ်ညွှန်းထဲမှာမပါဘူး။ နှစ် scene ပဲပါတဲ့သူက ဇာတ်ညွှန်း နှစ် scene ပဲရမယ်။ သရုပ်ဆောင်တစ်ယောက်ချင်းရထားတဲ့ ဇာတ်ညွှန်းတွေလည်း မတူကြဘူး။ အဲဒီအခါကျတော့ ဇာတ်သိမ်းကလည်း ဘာဆိုတာဘယ်လိုမှမှန်းလို့ မရဘူး။ အဲဒီတစ်ခုတော့မိုက်တယ်။ ပြီးတော့မရိုက်ခင်မှာ ဒိုင်ယာလော့ခ် reading တွေ၊ ရီဟာဇယ်တွေ၊ camera test တွေ အကြိမ်ကြိမ်လုပ်တယ်။ ကင်မရာဘယ် angel ကရိုက်မယ်ဆို တာကအစ ကျေညက်အောင်အများကြီး လုပ်ထားတယ်။ ပြင်ဆင်မှုအား အရမ်းကောင်းတယ်။
■မေး - ဒါဆို ကိုယ်တိုင်ကိုက ဇာတ်လမ်းအဆုံးသတ်ကို ခန့်မှန်းလို့မရဘူးဆိုတဲ့ သဘောပေါ့။
■ဖြေ -main ကျောရိုးကိုတော့ သရုပ်ဆောင်တွေအနေနဲ့ သိထားပေမယ့် ဆင့်ကဲဖြစ်လာတာတွေ၊ ခွဲထွက်ထားတာတွေ အများကြီးရှိမယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ့ပြီး ကျွန်တော်ပြန်သွားတဲ့အခါ သူဘာတွေဆက်ဖြစ်မလဲဆိုတာ မသိသလိုပေါ့။ အဲဒီလိုခွဲထွက်သွားမှာ တွေတော့ပါတယ်။
■မေး - ရန်နိုင်ဆိုတဲ့ကာရိုက်တာက မောင်လေးအတွက် စိန်ခေါ်မှုတွေပါမလား။
■ဖြေ - ပါတယ်။ ပထမပိုင်းကတော့ ရိုးရှင်းတယ်လေ။ သူအလုပ်လုပ်တယ်။ ပိုက်ဆံစုပြီး ချစ်တဲ့သူနဲ့အိမ်ထောင်ပြုလိုက်တယ်။ တစ်နေ့မှာအလှည့်အပြောင်း တစ်ခုဖြစ်လာတယ်။ ဒါက ဘာကြောင့်လဲဆိုတာ လိုက်ရှာတဲ့အပိုင်းပေါ့။ ဒီဇာတ်ကားမှာက ဒိုင်ယာလော့ခ်နည်းတယ်။ အပြနဲ့တင်ပုံဖော်တာများတယ်။ အပြင်မှာလိုပေါ့။ တစ်ယောက်နဲ့ တစ်ယောက်က စကားတွေချည်းပဲ ထိုင်ပြောနေတာ မဟုတ်ဘူး။ အကြည့်တစ်ခုနဲ့လည်း နားလည်သွားတာမျိုးရှိနိုင်တာပဲ။ တချို့ scene တွေဆို တစ်ခွန်းတည်းပြောသွားမယ့် ဇာတ်ဝင်ခန်းလည်းရှိတယ်။
■မေး - ဒီဇာတ်ကားမှာပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ရော အပေးအယူမျှဖို့ ညှိနှိုင်းရတာရှိလား။
■ ဖြေ - မရိုက်ခင် table meeting တွေ အကြိမ်ကြိမ်လုပ်ထားတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုရထားသလို ဇာတ်ရုပ်ပိုင်းကိုလည်း အထပ်ထပ် ကျေညက်ပြီးသားဖြစ်နေပြီပေါ့။ မေနဲ့ကတော့ရှေ့မှာလည်း တတိယမြောက်ဘယ်ဘက်အခန်းဇာတ်ကားမှာ အတူသရုပ်ဆောင်ထားတော့ ပိုရင်းနှီးနေပြီ။ chemistry ကတော့ အဆင်ပြေတယ်။
■မေး - ဒီနှစ်ထဲမှာ နောက်ထပ်ဘယ်လိုကာရိုက်တာမျိုးတွေနဲ့ ထပ်ရိုက်ဖို့ရှိမလဲ။
■ဖြေ - လောလောဆယ်ကတော့ ရန်နိုင်ဆိုတဲ့ ကာရိုက်တာကို တစ်ချိန်လုံးသွင်းထားတာ သုံးလလောက်ရှိပြီပေါ့။ နှစ်ကုန်ပိုင်းကျရင်တော့ ပြောထားတာတွေ ရှိပါတယ်။ ကျန်တာတော့နောက်နှစ်ထဲမှာ ရှိတယ်။ နောက်နှစ်ဆန်းမှာရိုက်မယ့် စနေမောင်မောင်ဇာတ်ကားအတွက် ပြင်ဆင်ရမှာတွေအများကြီးပဲ။ ဒီဇာတ်ကားက သြဂုတ်တစ်လလုံးရိုက်နေတာဆိုတော့ စက်တင်ဘာလထဲ ပြီးသွားရင် စနေမောင်မောင်ဇာတ်ကားအတွက် ပြင်ဆင်ရမှာတွေရှိပါတယ်။
■မေး - စနေမောင်မောင်ဇာတ်ကားနဲ့ပတ်သက်လို့က အမြင်တူတာ မတူတာတွေရှိတော့ အဲဒါနဲ့ ပတ်သက်လို့လည်း ပြောပေးပါဦး။
■ဖြေ - အားလုံးကတော့ လုပ်နိုင်ကြမယ့်သူတွေချည်းပါပဲ။ ပရိသတ်တွေက တော့စိုးရိမ်တဲ့အပိုင်းတွေ ရှိနိုင်ပါတယ်။ သူတို့ကဖြစ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်တာကို ကျွန်တော်တို့အားလုံးက ကြိုးစားပြီးကျော်ဖြတ်ရမှာပါ။
■မေး - ပရိသတ်တွေကိုပြောချင်တဲ ့စကားလက်ဆောင်များရှိဦးမလား။
■ဖြေ - ကျွန်တော်ပါဝင်ခွင့်ရတဲ့ ကာရိုက်တာတိုင်းကိုတော့ အကောင်းဆုံးဖြစ် အောင် ကြိုးစားပြီးသရုပ်ဆောင်နေပါတယ်။ အဲဒီဇာတ်ကားတွေထွက်လာရင် လည်းဝေဖန်အကြံပေးစေချင်ပါတယ်။