လက်တစ်ဆုပ်စာလူနည်းစုကောင်းစားရေးဖြစ်နေတဲ့ ကားမူဝါဒကို ပြန်လည်သုံးသပ်ပြုပြင်ပေးပါ

လက်တစ်ဆုပ်စာလူနည်းစုကောင်းစားရေးဖြစ်နေတဲ့ ကားမူဝါဒကို ပြန်လည်သုံးသပ်ပြုပြင်ပေးပါ
ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Published 11 August 2019
■ကျော်ကြီး (MDY)

လက်ရှိ ပြည်သူများအကြား လူပြောများနေတဲ့ အကြောင်းအရာတစ်ခုကတော့ ကားမူဝါဒပြင်ဆင်ပေးရေးနဲ့ ညာမောင်းပြန်သွင်းခွင့်ပြုသင့် မပြုသင့်ဆိုတဲ့ကိစ္စပါပဲ။ လက်ရှိအဆမတန်မြင့်မားနေတဲ့ ကားစျေးနှုန်းတွေ အပေါ်မှာ ပြည်သူအများစုက စိတ်ပျက်နေကြပါတယ်။ ဒီလိုအချိန်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ညွှန်ချုပ်တွေ ရာထူးအပြောင်းအလဲတွေ ဖြစ်လာတော့ လက်ရှိကားမူဝါဒများ ပြောင်းလဲလာနိုင်မလား ပိုမျှော်လင့်လာကြတာပါ။

ယနေ့ခေတ် မိသားစုတစ်ခုအတွက် ဆက်သွယ်ရေးအတွက်ဖုန်းနဲ့ သွားလာရေးအတွက် ကားဟာအရေးပါတဲ့ ပစ္စည်းဖြစ်ဆိုရင် မမှားပါဘူး။။ အရင်အာဏာရှင်ခေတ်တုန်းကလည်း တယ်လီဖုန်းနဲ့ ကားကိုအစိုးရက ပြိုင်ဘက်မရှိ ချုပ်ကိုင်ပြီးဖုန်းဆိုရင် ကမ္ဘာပေါ်မှာ ဘယ်မှမရှိတဲ့ ဆင်းမ်ကတ်တစ်ခု ၁၅ သိန်းခွဲနဲ့ ရောင်းကာ ပြည်သူကို ကုပ်သွေးစုပ် အမြတ်ထုတ်ခဲ့တယ်။ ဒါတောင် လိုသလောက် ရောင်းမပေးလို့ ဆင်းမ်ကတ်တစ်ခုသိန်း ၄၀၊ ၅၀ ထိ ဖြစ်ခဲ့ရတယ်။ ပြည်သူတွေမှာ ကိုင်ချင်လျက်နဲ့ ကိုင်ခွင့်မရခဲ့ကြဘဲ အခြားနိုင်ငံများထက် အများကြီးနောက်ကျပြီးမှ သုံးစွဲခွင့်ရခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ ဖုန်းဆင်းမ်ကတ်ကို အလကားပေးတဲ့ အခြေအနေထိဖြစ်နေပါပြီ။ အဲဒီတော့ အလကားရတဲ့ဆင်းမ်ကတ်ကို သိန်း ၄၀ ၊ ၅၀ ပေးသုံးရတဲ့အထိ ပြည်သူတွေအပေါ်မှာ ဘယ်လောက်ထိ ရက်စက်ခဲ့ကြ သလဲဆိုတာ စဉ်းစားကြည့်ပါ။

ဦးသိန်းစိန်ရဲ့ အစိုးရတက်လာချိန်မှာတော့ မတန်တဆမြင့်တင်ထားတဲ့ ဖုန်းစျေးနှုန်းနဲ့ ကားစျေးတွေလျော့ကျရေးအတွက် ဖြေလျှော့မှုတွေလုပ်ပေးခဲ့ပါတယ်။ တစ်ချိန်က ပြည်သူတွေ အနားမကပ်နိုင်ခဲ့တဲ့ ဖုန်းတွေကားတွေ အသုံးပြုနိုင်လာခဲ့ပါတယ်။ ဘာဖြစ်ဖြစ် အဆိုးထဲက အကောင်းဖြစ်လာတာ ဝမ်းသာစရာပါ။ ကားနဲ့ ပတ်သက်ပြီးလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ အချက်ပါပဲ။

ခု NLD ပြည်သူ့အစိုးရလက်ထက်မှာတော့ အရင်အစိုးရလက်ထက်က ကျခဲ့ကား စျေးတွေဟာ ခုနှစ်ဆသုံးဆနီးပါးအထိ ပြန်မြင့်တက်လာပါတယ်။ အရင်ခေတ်က သိန်း ၅၀၊ ၆၀ နဲ့ဝယ်ရတဲ့ ခွေးဘီလူးကားလေးတွေက ခုသိန်း ၁၅၀ လောက်ဖြစ်နေပြီ၊ သိန်း ၁၀၀ လောက်နဲ့ မိသားစုစီးရတဲ့ ဟွန်ဒါဖစ်လိုကားမျိုးက ခုသိန်း ၂၀၀ ကျော်ကုန်ပြီ။ ကားတစ်စီး မြန်မာပြည်အရောက် သိန်း ၄၀ လောက်ကျတဲ့ ကားကသိန်း ၅၀၀ ကျော်တဲ့အထိဖြစ်နေတယ်။ ဒီလို ၁၀ ဆမကစျေးနှုန်းကြီးမြင့်နေတာဟာ မတရားရာကျမနေဘူးလား။ ကျွန်တော်တို့နိုင်ငံလို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံရဲ့ ကားစျေး နှုန်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် စျေးကြီးနေတာဖြစ်သင့်ရဲ့လား စဉ်းစားကြည့်ပါ။

အာဏာရှင်ခေတ်တုန်းကလည်း ဖုန်းနဲ့ကားကိုအာဏာပိုင်နဲ့ စီးပွားရေးသမားတွေ လက်ဝါးချင်းရိုက်ပြီး ပြည်သူအပေါ်လုပ်စားခဲ့ကြတယ်။ ခုဖုန်းပြီးတော့ ကားအပေါ်ကနေ လုပ်စားကြပြန်ပြီ။ ကားနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက် အာဏာပိုင်နဲ့ အပေါင်းပါ လူတစ်စုပဲ လုပ်စားသွားခဲ့ကြတာအားလုံးအသိပါ။ စစ်အာဏာရှင်ခေတ်ကလည်း ပါမစ်နဲ့ လုပ်စားတယ်။ ယခင် ဦးသိန်းစိန်အစိုးရခေတ် ရောက်တော့လည်း ကားဟောင်းအပ်ခံတော့ မယ့်သတင်းကြိုရသူတွေက ကားဟောင်းတွေ ထောင်ချီသောင်းချီကြိုဝယ် လုပ်စားသွားတယ်။

ယခုအစိုးရလက်ထက်ရောက်တော့လည်း ရန်ကုန်လိုင်စင်ပိတ်မယ်။ သတင်းကြိုရ ညာမောင်းတွေ ပိတ်မယ်ဆိုတဲ့သတင်း ကြိုရပြီး လုပ်စားသွားကြတယ်။  ကြိုသတင်းရလို့ လူပုဂ္ဂိုလ် ဖရီးပါမစ်တွေ တစ်စောင် ၁၀ သိန်းပတ်ဝန်းကျင်နဲ့ အစောင်ရေ ထောင်သောင်းချီကြိုဝယ်ထားပြီး နောက်အစိုးရက ပိတ်လိုက်တော့ တစ်စောင် ၃၅ သိန်း အထက်နဲ့ ရောင်းလိုက်ရတော့ ဒီတစ်ပွဲတည်း ဘယ်လောက်ရလိုက်လဲ စဉ်းစားပေါ့။ ပြောချင်တာ ကကားနဲ့ပတ်သက်ရင် ခေတ်အဆက်ဆက် ရေပေါ်ဆီလူတန်းစားနဲ့ အာဏာရှင်တွေပဲ ကောင်းစားသွားကြတာမလား။ ပြည်သူတွေကတော့ ခံဘက်ကချည်းပါပဲ။

အရင်ခေတ်က ဖုန်းတို့ ကားတို့ဆိုတာ သူဌေးသုံး ဇိမ်ခံအဆောင်အယောင်ပစ္စည်း ဖြစ်ပေမယ့် ယနေ့ခေတ် မိသားစုတစ်ခုမှာ မရှိမဖြစ် ပစ္စည်းတစ်ခုလို ဖြစ်လာပါတယ်။ ယနေ့ ဖုန်းကတော့ စျေးပေါပေါနဲ့ လူတိုင်းစေ့သုံးနိုင်ပြီဖြစ်လို့ မိသားစုအများစုရဲ့ မျှော်လင့်ချက်ကတော့ ကိုယ်ပိုင်ကားလေးပိုင်ဆိုင် နိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကား မရှိချင်တဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူး။ ပြည်သူတွေအတွက် Public transportation ဆိုတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းအောင်လုပ်မပေးနိုင်သေးတဲ့ နိုင်ငံမှာ ပြည်သူတွေ ကိုယ်ပိုင်ကားရှိချင်တာလွန်တယ်လို့ မမြင်ပါဘူး။

လက်ရှိကားစျေးတွေ အဆမတန်တက်သွားရတဲ့ အဓိကအကြောင်းရင်းကတော့ ဂျပန်က အလွယ်တကူတင်သွင်းလို့ရတဲ့ ညာမောင်းတွေ ပိတ်လိုက်ခြင်း၊ အခွန်အခတွေ တိုးမြှင့်လိုက်ခြင်း၊ Model Year တိုးမြှင့်သတ်မှတ်လိုက်ခြင်း၊ ရန်ကုန်လိုင်စင်ပိတ်ထားခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က အရည်အသွေးမြင့် စျေးနှုန်းချိုချိုနဲ့ တင်သွင်းလို့ရတဲ့ ဂျပန်ပြည်တွင်းသုံးကားတွေဟာ တင်သွင်းလို့မရတော့ဘဲ အရင်တင်သွင်းပြီးသား ကားတွေဟာ စျေးနှုန်းအဆမတန်မြင့်တက်သွားတာပဲ ဖြစ်ပါတယ်။

လက်ရှိကိုယ့်နိုင်ငံအခြေအနေနဲ့ ညာမောင်းတွေပိတ်၊ Model Year မြှင့်လိုက်တာ ဘာအကျိုးရလိုက်လဲ။ (၁) တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရတော့ဘူး။ (၂) ကားစျေးကွက်ပျက်သွားကာ ကားလုပ်ငန်းနဲ့လုပ်ကိုင်သူ ပြည်သူသိန်းပေါင်းများစွာ အဆင်မပြေဖြစ်သွားကြတယ်။ ကားမရှိပြည်သူတွေ ကိုယ်ပိုင်ကားဝယ်စီးနိုင်ရေး အိပ်မက်လျော့ပါးသွားခဲ့ရပါတယ်။

နိုင်ငံဘက်က နစ်နာမှုကြည့်ရင် ခုလိုညာမောင်းတွေ ပိတ်လိုက်တဲ့အတွက် ကားတင်သွင်းမှုက ရပ်သွားသလောက်ဖြစ်သွားတယ်။ ဘယ်မောင်းကားအများစုကလည်း ဥရောပဘက်က တင်သွင်းရမှာဖြစ်တဲ့အတွက် ကားစရိတ်ကြီးတာရော သယ်ယူစရိတ်စက ကြီးမြင့်တာကြောင့် သာမန်ပြည်သူတွေ ဝယ်နိုင်တဲ့စျေးနှုန်းတွေ မဟုတ်ကြတော့ တင်သွင်းမှုက အင်မတန်နည်းတယ်။ အဲဒီတော့ ကားတင်သွင်းမှုက ရရှိတဲ့အခွန်တွေ မရတော့ဘဲ နိုင်ငံအခွန်များစွာ နစ်နာတယ်။

ပြည်တွင်းမှာ ကားတွေထုတ်လုပ်နိုင်ရေး၊ ကားစက်ရုံတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်ဆိုပြီး ပြည်တွင်းမှာတပ်ဆင်တဲ့ SKD(Semi Knocked Down) ကားတွေကို အခွန်များစွာ လျှော့ပေးဆွဲဆောင်ခဲ့တယ်။ ဂျပန်ပြည်တွင်းသုံးကားတစ်စီးတင်သွင်းရင် အခွန်ရာခိုင်နှုန်း ၂၀၀ လောက် ပေးဆောင်ရချိန်မှာ ပြည်တွင်းတပ်ဆင်ဆိုတဲ့ ကားသစ်တွေက အခွန် ရာခိုင်နှုန်း ၃၀ လောက်ပဲ ဆောင်ရပါတယ်။ ပြည်တွင်းတပ်ဆင်ဆိုတာ ဟိုမှာ ၁၀၀ ရာခိုင်နှုန်းထုတ်လုပ်ပြီးသား ကားတွေကို ပြည်တွင်းမှာ ဘီးလေးလုံးလောက်တပ်ပြီး ပြန်ရောင်းကြတဲ့ပုံစံမျိုး ကြားသိနေရပါတယ်။ ပြည်တွင်းမှာ အလုံးစုံရင်းနှီးမြှုပ်နှံဖို့ တကယ်လုပ်မလုပ် မသိရပေမဲ့ နိုင်ငံတော်အတွက် အခွန်ငွေဘီလျံပေါင်းများစွာ နှစ်စဉ်နစ်နာနေရပြီး ထိုငွေတွေက ပြည်ပကမြှုပ်နှံသူနဲ့ ပြည်တွင်းကလူနည်းစုလေးရဲ့ အိတ်ထောင်ထဲရသွားတာပါ။ မကြာသေးမီကပဲ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီက ယခုလိုညာ မောင်းတွေပိတ်ပြီး ယခုနှစ်မော်တော်ယာဉ်ကနေ အခွန်ရရှိမှုက သိသာစွာလျော့နည်းသွားကြောင်း တရားဝင်ပြောကြားပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ဆိုတဲ့ ကားသစ်တွေအပေါ် အစိုးရကအခွန်များစွာ လျှော့ပေါ့ပေးထားပေမယ့် ဝယ်စီးသူပြည်သူများဘက်က စျေးသက်သာလားဆိုတော့လည်း လုံးဝမသက်သာပါဘူး။ သူများနိုင်ငံမှာ ရောင်းတဲ့ စျေးထက်တောင် ကိုယ့်နိုင်ငံကများနေပါသေးတယ်။ ၁၅၀ လောက်တန်တဲ့ကားတွေကို သိန်း ၂၅၀ ၊ သိန်း ၃၀၀ ပေးစီးနေရတယ်လို့ မြင်ပါတယ်။ အရည်အသွေးပိုင်းကျတော့လည်း ဂျပန်ပြည်သုံး ညာမောင်းကားတွေထက် အများကြီးကိုလျော့နည်းပါတယ်။ အတွင်း ဂရိတ်တွေကလည်း ၀ိတ်လျှော့ထားတာတွေ ရှိပါတယ်။ အသစ်ဝင်လာတဲ့ တချို့ကားတံဆိပ်တွေကလည်း ပြည်သူတွေ မသိသေးတဲ့ တံဆိပ်တွေပါ။  ဥရောပက တင်သွင်းတဲ့ ဘယ်မောင်းတွေကလည်း ကားစျေးကြီးခြင်း၊ ပြင်ဆင်စရိတ်ကြီးမြင့်ခြင်း၊ အပိုပစ္စည်းရှားပါးခြင်းတို့ကြောင့် အဆင်မပြေကြသေးပါဘူး။

ပြည်သူတွေဘက်ကြည့်တော့လည်း အစိုးရရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကလည်း အားကိုးမရ၊ ကိုယ်ပိုင်ကားဝယ်စီးဖို့ကလည်း စျေးက မကပ်နိုင်။ အဲဒီတော့ သူများနိုင်ငံမှာ လူစီးခွင့်မပြုတဲ့ လိုက်ထရက်၊ မီနီထရက်ကားတွေကိုစီးပြီး သွားလာနေကြရတယ်။ ဒီလိုခါး ပတ်ပတ်လို့မရ၊ ဘယ်လိုမှ လုံခြုံမှုမရှိတဲ့ Truck ကားတွေကို စီးနေတာကျတော့ ဘာလို့ ခွင့်ပြုထားပါသလဲ။ ဘယ်မောင်းညာမောင်း စနစ်ထက် ဒါတွေက ပိုဆိုးမနေဘူးလား။ ပြည်သူတွေမှာ အဆင့်မမီတဲ့ကားတွေစီး အရည်အသွေးမပြည့်တဲ့ လမ်းပေါ်သွားရပြီး အန္တရာယ်များလှပါတယ်။ ကားစျေးမြင့်တက်မှုနဲ့အတူ လိုင်စင်မဲ့ကားတွေ စီးနင်းမှုတွေဟာလည်း အရမ်းများလာပြီး မှုခင်းတွေဖြစ်ပွားဖို့ အားပေးနေသလို ဖြစ်နေပါတယ်။ နယ်စပ်ကနေ တရားမဝင် လိုင်စင်မဲ့ကားတွေဟာ နေ့စဉ်ဝင်နေနိုင်ပါတယ်။ အဲဒီလို တရားမဝင် လိုင်စင်မဲ့ကားတွေအပေါ်ကနေလည်း တိုင်းပြည်အတွက် အခွန်ငွေတစ်ကျပ်မှ မရဘဲ အရမ်းကို နစ်နာပါတယ်။

အဲဒီတော့ တိုင်းပြည်နဲ့ ပြည်သူအပေါ်မှာ အကျိုးရလဒ် အင်မတန်နည်းပြီး လက်ရှိတိုင်းပြည်အခြေအနေနဲ့ အဆင်မပြေဖြစ်နေတဲ့ လက်ရှိကားမူဝါဒကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။

ပထမဆုံးအနေနဲ့ အဓိကကျတဲ့ ညာမောင်းပိတ်ထားမှုကို ပြန်လည်သုံးသပ်စေလိုပါတယ်။

ဒီနေရာမှာ ညာမောင်းပိတ်လိုက်တဲ့ တာဝန်ရှိလူကြီးမင်းများကို မေးချင်တာက ညာမောင်းကားတွေက လက်ယာမောင်းစနစ်မှာ လုံးဝအဆင်မပြေဘူးလား။ ညာမောင်းတွေကြောင့် ယာဉ်မတော်တဆမှုက ဘယ်လောက်ပိုဖြစ်နေသလဲတွက်ချက်မှုတွေ ရှိပါသလား။

လက်ရှိဖြစ်နေတဲ့ ယာဉ်မတော်တဆမှုတွေက ညာမောင်းကြောင့်လား။ ဒါမှမဟုတ် မောင်းသူကြောင့်လား ၊ လမ်းတွေက အဆင့်မမီလို့လား။ ဥပမာ တစ်နေ့ယာဉ်အစီးရေ ၂၀၀၀ ဖြတ်တဲ့ လမ်းအကျယ်ဟာအနည်းဆုံး ၄၈ ပေကျယ်ရမယ် တရားဝင်သတ်မှတ်ချက် ရှိပါတယ်။ အဲဒီအကျယ် ရှိကြပါသလား။ တစ်နိုင်ငံလုံးကလမ်းတွေရဲ့ အရည်အသွေး အချက်ပြစနစ်ကအစ ကမ္ဘာ့အဆင့်ထားဦး အာဆီယံစံနှုန်း သတ်မှတ်ချက်တောင် ပြည့်မီပါသလား။ အဲဒါတွေကျတော့ ပြုပြင်မြှင့်တင်ဖို့ မလုပ်ကြတော့ဘဲ ဒီဘယ်မောင်းညာမောင်း အပေါ်မှာပဲ မဲနေမှာလား။

ကျွန်တော်တို့နိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်က တောင်ပေါ်ဒေသတွေလို့ ယူဆပါတယ်။ အဲဒီတော့ တစ်ဖက်မှာချောက်ရှိနေတဲ့ တောင်ပေါ်လမ်းတွေမှာ ဘယ်မောင်းတွေဟာ အဆင်မပြေဘူးဆိုတာ ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်။ ဘယ်မောင်းက ကားကျော်တက်ဖို့ပဲ တစ်ခုတည်းအတွက်ပဲ ပြောနေကြတော့ ခုပြောင်းလဲလိုက်လို့ရရှိတဲ့ အကျိုးအပြစ်က မျှတရဲ့လား သုံးသပ်စေချင်ပါတယ်။ ယာဉ်ကျော်တက်ဖို့ဆိုရာမှာလည်း ခုကျွန်တော်တို့နိုင်ငံရဲ့ ဟိုက်ဝေးလမ်းတော်တော်များများက အသွားအပြန်သီးသန့်ခွဲထားတဲ့ လမ်းတွေဖြစ်နေပါပြီ။ မြို့တွင်းမှာဆိုရင်လည်း တစ်နာရီမိုင် ၃၀ ထက်ပိုမမောင်းရတဲ့အတွက် ဘယ်ညာဟာ အရမ်းအရေးမကြီးဘူးလို့ မြင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံက ခုလိုဘယ်မောင်းတစ်မျိုးတည်း ခွင့်ပြုမယ် ဆိုတဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံ လက်ဝဲကပ်မောင်းဖြစ်တဲ့ထိုင်းမှာ ဘာလို့ ညာမောင်း ခွင့်ပြုထားလဲ။ ကမ္ဘာ့နံပါတ် ၁  ကားထုတ်တဲ့ လက်ယာကပ်မောင်းစနစ်နဲ့ ဂျပန်မှာတောင် ဘာလို့ဘယ်မောင်းတွေ ခွင့်ပြုပါသလဲ။ ကမ္ဘာ့ထိပ်တန်းနိုင်ငံ လက်ဝဲကပ်မောင်း သြဇီမှာ ဘာလို့ ညာမောင်းရော ခွင့်ပြုထားပါသလဲ။ ဘယ်ညာခွင့်ပြုထားတဲ့ သူတို့နိုင်ငံတွေမှာ ယာဉ်တိုက်မှုနှုန်းက ဘယ်လောက်ထိ  မြင့်တက်ဖြစ်ပွားနေပါသလဲ။ အဲဒီနိုင်ငံက ကျွန်တော်တို့လောက် အသိဉာဏ်မရှိကြလို့ စနစ်အမှားကြီးကို ခွင့်ပြုထားတာလား။ ပြန်လည်သုံးသပ်သင့်ပါတယ်။

World Standard အရမဖြစ်မနေ ဘယ်မောင်းစနစ်ကို ပြောင်းရမယ်ဆိုရင်တောင် လက်ရှိကိုယ့်တိုင်းပြည် အခြေအနေနဲ့ စောလွန်းသေးတယ်လို့မြင်ပါတယ်။ အဲဒီတော့ ဂျပန်ပြည်တွင်းသုံး ညာမောင်းကို Model Year သတ်မှတ်ချက်လျှော့ပြီး နောက်ထပ် သုံးနှစ်လောက် အချိန်တိုးပြီး ပေးသွင်းခွင့်ပြုစေချင်ပါတယ်။ နောက်သုံးနှစ်လောက်ဆိုရင် ကိုယ့်ပြည်တွင်းထုတ်ကားတွေကလည်း စျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်တင်းပေးနိုင်လောက်မှာဖြစ်လို့ အားလုံးအတွက် အဆင်ပြေစေမယ်လို့ မြင်ပါတယ်။

ဒီနေရာမှာ တချို့သူတွေပြောနေတာက ဘယ်မောင်းညာမောင်းက အရေးမကြီးဘူး။ ကားစျေးကျဖို့ အရေးကြီးတယ်လို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီကား စျေးကျဖို့က ညာမောင်းနဲ့ဆက်စပ်နေပါတယ်။ လက်ရှိပြည်တွင်းလူကြိုက်များတဲ့ ခွေးဘီလူး၊ ဟိုက်ဂျက်လိုအရည်အသွေးကောင်းတဲ့ ပစ်ကပ်ကားတွေ ဘယ်က သွင်းကြမလဲ။ ဟွန်ဒါဖစ်လိုကားလေးတွေ ဘယ်ကသွင်းကြမလဲစဉ်း စားစေလိုပါတယ်။ ညာမောင်းပြန်သွင်းခွင့်ပြု သင့် မပြုသင့် အွန်လိုင်းပေါ်မှာ ဆန္ဒကောက်ခံမှုတစ်ခုမှာတော့ ၃၅၀၀ ဝင်ရောက်ဆန္ဒပြုခဲ့ပြီး ၈၂ ရာခိုင်နှုန်းက ညာမောင်းပြန်သွင်းခွင့်ပြုသင့်တယ်လို့ ဆန္ဒပြုခဲ့ကြပါတယ်။ ပြည်သူအများစုက နှစ်ပေါင်းများစွာအသုံးပြုလာတဲ့ အရည်အသွေးလည်းကောင်း အပိုပစ္စည်းလည်းပေါတဲ့ ဂျပန်နိုင်ငံထုတ်ကားတွေကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ညာမောင်းနဲ့ အသားကျပြီးသား ညာသန်ပြည်သူတွေကို ဘယ်မောင်းပြောင်းမောင်းခိုင်းတာက အဆင်မပြေမှုဖြစ်စေတယ်လို့ မြင်ပါတယ်။

နောက်တစ်ခုက Model Year သတ်မှတ်မှုပါ။ လက်ရှိအိမ်စီးကားတွေကို ၂၀၁၆ အောက် မသွင်းရတော့ဘူး။ ဘယ်မောင်းပဲ သွင်းခွင့်ပြုတော့မယ်ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံက တင်သွင်းလို့မရတော့ဘဲ အနောက်ဥရောပနိုင်ငံတွေကပဲ တင်သွင်းရတဲ့အတွက် စရိတ်စက ပိုကုန်ကျကာ ကားစျေးတွေ ပိုကြီးမြင့်စေပါတယ်။ အဝတ်အစားတောင်သူများ နိုင်ငံက ဝတ်ပြီးသားအဟောင်း လေဘေးဝတ်နေကြသေးတဲ့ ပြည်သူကို ကားကျမှ Brand New ပဲစီးဆိုတာမဖြစ်သင့်သေးဘူးလို့ မြင်ပါတယ်။ နောက်ဆုံးဘယ်လိုမှ ညာမောင်းကို တင်သွင်းခွင့် ပြန်ပေးလို့မရတော့ဘူးဆိုရင်တောင် လက်ရှိ  Model Year ကန့်သတ်ချက်ကို ခုနစ်နှစ်လောက်လျှော့ချတင်သွင်း ခွင့်ပြုဖို့နဲ့ လက်ရှိအလွန်များပြားနေတဲ့ အခွန်များကိုလည်း လျှော့ပေါ့စေလိုပါတယ်။

နောက် ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်စေဖို့ ကန့်သတ်မှုတွေလုပ်တယ်ဆိုတာဟာလည်း မှန်ကန်တဲ့လုပ်ရပ်လို့ မမြင်ပါဘူး။ ကျွန်တော်တို့နိုင်ငံဟာ အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၇ ကျယ်ဝန်းပါ တယ်။ နေထိုင်တဲ့လူဦးရေဟာ သန်း ၅၀ ကျော်ပဲရှိပါတယ်။ တစ်စတုရန်းတစ်မိုင် ပတ်လည်နေထိုင်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၈၇၀ ဦး၊ ထိုင်းက ၃၂၇ ဦးကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဆိုတဲ့ တရုတ်က ၃၆၅ ဦး အိန္ဒိယက ၉၅၄ ဦး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၁၈၇ ဦးနဲ့ သိပ်သည်းမှု အနည်းဆုံးပါ။ လက်ရှိမှတ်ပုံတင်ထားတဲ့ ကားစီးရေအားလုံးပေါင်းက ၁၁ သိန်းပဲ ရှိပါသေးတယ်။ ကားတွေအများကြီး သွင်းစီးလို့ရပါသေးတယ် ။ အဓိကကတော့ စီမံခန့်ခွဲမှု တတ်ဖို့လိုတာပါ။ ဖိနပ်မကိုက်တာကို ဖနောင့်လှီးတာမျိုး မလုပ်မိဖို့ လိုပါတယ်။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်ဆိုတာကလည်း ကားတွေများလွန်းတာထက် ကားပါကင်မလုံလောက်မှု၊ လမ်းစနစ်တွေ ကောင်းမွန်အောင် မစီမံနိုင်မှု၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကောင်းမွန်အောင် မလုပ်နိုင်သေးတာတွေ ကြောင့်လို့ပဲမြင်ပါတယ်။ ရန်ကုန်မှာကားကျပ်လို့ ရန်ကုန်လိုင်စင်တွေ သုံးနှစ်ကျော် ပိတ်ထားတယ်ဆိုတာဟာလည်း အကြောင်းပြချက်လို့ မြင်ပါတယ်။ ဘာလို့ဆို Brand New ကားတွေကျတော့ ရန်ကုန်လိုင်စင်တွေ လိုသလောက် ချပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါဟာလက်ရှိ ပြည်တွင်းတပ်ဆင်ဆိုတဲ့ Brand New ကားတွေ ရောင်းချရရေး လုပ်ပေးနေသလို ဖြစ်နေတယ်ဆိုတာ မပေါ်လွင်ဘူးလား။

နောက်တစ်ခုက ရန်ကုန်မြို့တစ်ခုတည်းပဲ ကားကျပ်သေးတာပါ။ ကျန်ပြည်နယ်တိုင်း အားလုံးက အချောင်ကြီးရှိပါသေးတယ်။ ရန်ကုန်တစ်မြို့တည်းကြည့်ပြီး အားလုံးကိုပိတ်တာဟာလည်း ကျန်ပြည်နယ်တိုင်းနေပြည်သူတွေ အများကြီးနစ်နာပါတယ်။ ကျန်ပြည်သူတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးစေ လိုပါတယ်။

ကားဥပဒေကြမ်းဟာလည်း ၂၀၁၅ ခုနှစ်ကတည်းက ရေးဆွဲပြီးပေမယ့် ယနေ့အထိ နည်းဥပဒေ မပြဋ္ဌာန်းနိုင်သေးပါဘူး။ ဘာကြောင့် နည်းဥပဒေမပြဋ္ဌာန်းနိုင်သေးရတာလဲ။ အားနည်းချက်တွေ ရှိနေလို့လား ပြန်သုံးသပ်သင့်ပါတယ်။ ယနေ့ ပြည်သူတွေကတော့ အဘက်ဘက်က အဆင်မပြေဖြစ်နေတဲ့ ကားမူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ လိုလားနေပါတယ်။ လက်ရှိ မူဝါဒကနေ အခွင့်ထူးခံစားနေရတဲ့ ကိုယ်ကျိုးကြည့် လက်တစ်ဆုပ်စာ လူတန်းစားကတော့ ပြောင်းလဲဖို့လိုလားမှာ မဟုတ်ပါဘူး။ ပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒကို အလေးထားကြမယ်လို့ မျှော်လင့်မိပါတယ်။

အဲဒီတော့ လက်ရှိကိုယ့်နိုင်ငံအခြေအနေအရ တိုင်းပြည်နဲ့ ပြည်သူအတွက် အဆင်ပြေမှု မရှိသေးဘဲ လက်တစ်ဆုပ်စာလူနည်းစု ကောင်းစားရေးလိုဖြစ်နေတဲ့ လက်ရှိကား မူဝါဒကို အမြန်ဆုံးပြန်လည်သုံးသပ် ပြင်ဆင်ပေးသင့်ပါကြောင်း မီးမောင်းထိုးပေးလိုက်ရပါတယ်။

Most Read

Most Recent