ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အခွန်ရှောင်၊ အိမ်ခြံမြေစျေး ကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးထုတ်ခဲ့သူတွေအတွက် တစ်ကျော့ပြန်လာတဲ့ ဝင်ငွေခွန်လျှော့ချမှု အခွင့်အရေး

ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အခွန်ရှောင်၊ အိမ်ခြံမြေစျေး ကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးထုတ်ခဲ့သူတွေအတွက် တစ်ကျော့ပြန်လာတဲ့ ဝင်ငွေခွန်လျှော့ချမှု အခွင့်အရေး
၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် ပေးအပ်မည့် အခွန်သက်သာခွင့် ရွှေ့ဆိုင်းပါက တိုင်းပြည်၏ စီးပွားရေးအဆောက်အအုံတစ်ခုလုံး ပြိုကျသွားနိုင်သည်ဟု ကဏ္ဍစုံမှ လုပ်ငန်းရှင်များက ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်တွင် သတင်းစာရှင်းလင်းခဲ့မှုမြင်ကွင်း (ပုံကြီး) နှင့် Weekly Eleven Journal မှ ဖော်ပြခဲ့မှု (ပုံသေး) ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် ပေးအပ်မည့် အခွန်သက်သာခွင့် ရွှေ့ဆိုင်းပါက တိုင်းပြည်၏ စီးပွားရေးအဆောက်အအုံတစ်ခုလုံး ပြိုကျသွားနိုင်သည်ဟု ကဏ္ဍစုံမှ လုပ်ငန်းရှင်များက ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်တွင် သတင်းစာရှင်းလင်းခဲ့မှုမြင်ကွင်း (ပုံကြီး) နှင့် Weekly Eleven Journal မှ ဖော်ပြခဲ့မှု (ပုံသေး) ကို တွေ့ရစဉ်
Published 11 August 2019
ဖြိုးဝေ

(၁)

အခွန်ရှောင်ခဲ့တဲ့ငွေတွေ၊ မူးယစ်ဆေးဝါးက ရလာနိုင်တဲ့ ငွေမည်းတွေ၊ ကျောက်စိမ်းမှောင်ခိုနဲ့ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်မှာ ပြည်ပကိုခိုးထုတ်သွားနိုင်ခြေရှိတဲ့ တိုင်းပြည်ဘဏ္ဍာတွေ၊ အိမ်ခြံမြေစျေးကို ကစားပြီး မြန်မာ့မြေစျေးကို ကမ္ဘာမှာ စျေးအကြီးဆုံးစာရင်းဝင်ဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေဟာ NLD အစိုးရရဲ့ နောက်ဆုံးသက်တမ်း တစ်နှစ်အလိုမှာ ဒီလိုငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်ပေးမယ့် ကြိုးပမ်းမှုတစ်ခု အောင်မြင်ရေးအတွက် ကြိုလင့်နေပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမှာ ကြိုးပမ်းမှုက အောင်မြင်မှုမရှိတာမို့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ချိန်ဆလုပ်ကိုင်တာမျိုး ဖြစ်လာစေတဲ့ Tax Amnesty ပေးဖို့အချက်ကို ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ တစ်ကျော့ပြန် ကြိုးစားလာတာ သာမန်ပြည်သူတွေအတွက်တော့ ဝမ်းသာစရာအခြေအနေမဟုတ်ဘဲ ငွေမည်းသမားတွေပဲ ပျော်ရွှင်စေနိုင်မှာပါ။

အဲဒီလိုမျိုး ငွေမည်းသမားတွေ ပျော်ရွှင်စေမယ့် ပုဒ်မကို၂၀၁၈ ခုနှစ်တုန်းက ကြိုး ပမ်းခဲ့တဲ့ ပုံစံအတိုင်းပဲ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းထဲမှာ ပုဒ်မလေးတစ်ခုနဲ့ပဲ ဆောင်ရွက်ဖို့ တင်ပြလာခဲ့ပါတယ်။ အဲဒီပုဒ်မ ၂၅  ကတော့ “ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆ (က) အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါနှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုပါ။ ဤပုဒ်မအရ ဝင်ငွေခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စများနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ” ဆိုပြီး တစ်ကျပ်ကနေ ကျပ်သိန်း ၁၀၀၀ အထိ အခွန်သုံးရာခိုင်နှုန်း၊ ကျပ် ၁၀,၀၀၀,၀၀၁ ကနေ ကျပ်သိန်း  ၃၀၀၀ အထိ အခွန်နှုန်း ငါးရာခိုင်နှုန်း ၊ ကျပ် ၃၀၀,၀၀၀,၀၀၁ ကနေ ကျပ်သိန်း ၃၀၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀၀၀၀ အထက်ကို အခွန်ရာခိုင်နှုန်း ၃၀ ပေးဆောင်ဖို့ ဥပဒေကြမ်းမှာ ဖော်ပြခဲ့တာပါ။

ငွေမည်းတွေနဲ့ ကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့ ၀ိသမလောဘသားတွေကြောင့် အိမ်ခြံမြေစျေး အမြင့်ဆုံးကိုရောက်ပြီး ပြည်သူအများစုဟာ အိုးပိုင်အိမ်ပိုင်ဘဝကို စိတ်ကူးလေးတောင် မယဉ်နိုင်သေးတဲ့ အခြေအနေကနေ အနည်းငယ်ကျဆင်းလာတဲ့ အိမ်ခြံမြေစျေးကြောင့် ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေနိုင်ရေးအိပ်မက်မက်လာပေမဲ့ လက်ရှိကျဆင်းလာတဲ့ အိမ်ခြံမြေစျေးဟာ ရှိသင့်ဖြစ်သင့်တဲ့ အမှန်တန်ဖိုး (Actual Price) ကိုတောင် ကျဆင်းမလာဘဲ တင်းခံနေသေးချိန်မှာ အိမ်ခြံမြေစျေးကို တစ်ဖန်ပြန်ပြီး မြင့်တက်လာအောင် ကြိုးပမ်းမှုဖြစ်စေနိုင်တဲ့ Tax Amnesty ကို တစ်ကျော့ပြန်ပေးဖို့အတွက် ကြိုးပမ်းလာတာဟာ နေအိမ်မျှော်လင့် ချက်မက်နေတဲ့ အိုးမဲ့အိမ်မဲ့ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးဖို့ ကြိုးပမ်းတာပါပဲ။

ဒီလိုမျိုးကြိုးပမ်းမှုနဲ့ ပတ်သက်တာကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကတော့ “အပိုဒ် ၂၅ မှာ စည်းကြပ်မှုက လွတ်နေတဲ့ ဝင်ငွေများအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်နှုန်းထားကို လျှော့ချသတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ် ။ ယင်းသို့ လျှော့ချပေးရတဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုအစိုးရအနေနဲ့  နိုင်ငံတော်ရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်  တွန်းအားပေးပြီး ဆောင်ရွက်တဲ့အနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ စားသုံးမှုများ တိုးမြင့်လာစေရန်အလို့ငှာ ပြည်သူများလက်ဝယ်မှာရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေများ ပြန်လည်ပေါ်ထွက်လာစေရန် ဖြစ်ပါတယ်”  ဆိုပြီး ပြောခဲ့ပါတယ်။

ဒီနေရာမှာ အ့ံသြစရာတစ်ခုက အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်င့ံစီးပွားရေးအလျင်အမြန် တိုးတက်နေပါတယ်” ဆိုပြီး အတိအလင်း ပြောကြားထားတာ၊ ပြီးတော့ လောလောလတ်လတ်မှာပဲ “မြန်မာနိုင်ငံဟာ အသင့်အတင့်မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ပြီး ငွေကြေးဖောင်းပွမှုကြီး ကြီးမားမားမဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်” ပြောကြားထားတာ။ ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း “နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဖြေလျှော့ပေးခဲ့တာကြောင့် မြန်မာ့စီးပွားရေးတိုးတက်လာမယ်” လို့ ပြောခဲ့တာတွေက အချိန်မကြာသေးတဲ့အပြင် ဒေသတွင်းနိုင်ငံတွေထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအမြင့်ဆုံးဆိုတဲ့ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေပိုမို တိုးတက်ကောင်းမွန်ဖို့ ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အိမ်ခြံမြေစျေးကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာခိုးထုတ်ခဲ့သူတွေအတွက် ဝင်ငွေခွန် လျှော့ချဖို့အခွင့်အရေး ပေးဖို့ကြံလာပြန်တာက ကြားလို့မှ မလျော်ကန်သလို ဖြစ်စေဖို့အတွက် သတိချပ်ဖို့လိုပါတယ်။

(၂)

နိုင်ငံကြီးသားပီသစွာ အခွန်ထမ်းခဲ့တဲ့ ပြည်သူတွေကို မျက်ကွယ်ပြုပြီး အခွန်ရှောင်နေသူတွေကို မျက်နှာသာပေးဖို့ အခွန်လွတ်ငြိမ်းခွင့်ပေးခဲ့ဖို့ကြံခဲ့တဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကြမ်းမှာ Tax Amnesty ကိုပေးဖို့ ကြိုးစားခဲ့တာကလည်း ပုဒ်မ ၂၅ နဲ့ ပါပဲ။

အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း၊ အခွန်ရှောင်ရင် သုံးရာခိုင်နှုန်းနဲ့ တာဝန်သိ ပြည်သူတွေရဲ့ အခွန်ထမ်း လိုစိတ်ကို ရှေ့နောက် မချင့်ချိန်ဘဲ နင်းခြေပစ်ဖို့ ကြိုးပမ်းခဲ့တာကို ဒီလုပ်ရပ်ဟာ ပြည်သူတွေအခွန်ရှောင်ချင် စိတ်ဖြစ်စေနိုင်တာ၊ ငွေမည်းတွေ စီးဝင်လာနိုင်တာ၊ စစ်အာဏာရှင်လက်ထက်မှာ ပြည်ပကို ခိုးထုတ်ခဲ့တဲ့ငွေတွေကို အခွန်နှုန်းနည်းနည်းပေးပြီး ငွေဖြူလုပ်ချင်ကြတာဆိုတဲ့ ဝေဖန်မှုတွေအပြင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေအဖြစ်လည်း Eleven Media Group  က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ဝေခဲ့တဲ့ Weekly Eleven ဂျာနယ်မှာ “အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း အခွန်ရှောင်ရင် သုံးရာခိုင်နှုန်း၊ ကျောမွဲတွေကို ဆင်းရဲတွင်းနက်စေမယ့် ငွေမည်းလျှော်ဖွပ်တဲ့ ဥပဒေကြမ်း ပြင်ဆင်ပေးပါ” ဆိုပြီး အချက်ခုနစ်ချက်နဲ့ ဖော်ပြခဲ့ပါတယ်။

အဲဒီ ခုနစ်ချက်က ...

၁။ ခရိုနီ၊ စစ်ဗိုလ်ချုပ်ဟောင်း၊ လာဘ်စားခဲ့သူ အရာရှိ၊ တရုတ်၊ ‘၀’ ၊ လက်နက်ကိုင်တွေနဲ့ မူးယစ်ရာဇာတွေပဲ အကျိုးရှိသွားမှာဖြစ်ပြီးတော့၊ ငွေမည်းခဝါချခွင့်ပေးလိုက်တာဟာ တရားဥပဒေကြောင်းအရလည်း အစိုးရကိုယ်တိုင်က ဥပဒေကို ကျော်လွန်ချိုးဖောက်သလို ဖြစ်နေပါတယ်။

၂။ အခွန်မူဝါဒတွေနဲ့ ကိုက်ညီ မှုမရှိတဲ့အပြင် မကြာခင်ကာလမှာ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီးတော့ နဂိုကမှ တိုင်းပြည်စီးပွားရေးမပြေလည်လို့ ပြည်သူလူထုက ကျပ်တည်းနေတဲ့ အချိန်မှာ ဒီငွေမည်းခဝါချတဲ့ ဥပဒေက ဆင်းရဲတွင်း နက်နေတဲ့ ကျောမွဲပြည်သူတွေကို ပိုပြီးတော့ ဖိစီးလာစေပါမယ်။

၃။ အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေရဲ့ ဘဝကို ပျက်စီးသွားစေပြီးတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ မြန်မာနိုင်ငံစတင်ပါဝင်လာရမယ့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ဘဏ်တိုးနှုန်းလျှော့ချပါအော်နေတဲ့  SME  တွေကို အသေသတ်သလိုဖြစ်စေပြီး လက်ရှိလျှော့ချထားတဲ့ ကိုးရာခိုင်နှုန်းဆိုတဲ့ ဘဏ်တိုးနှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သုံးဆလောက်မြင့်နေသေးတာကြောင့် ပြည်တွင်း SME တွေ ပြိုလဲသွားနိုင်ပါတယ်။

၄။ ဒီငွေမည်းခဝါချတဲ့ ဥပဒေသာ အတည်ဖြစ်သွားရင် ဘဏ်မှာ အပ်ထားတဲ့ငွေ ကျပ် ဘီလျံ ၂၇၀၀၀ ကိုထုတ်ပြီး အိမ်ခြံမြေမှာ ဝင်မြှုပ်နှံဖို့ ပြင်လာမှာတွေကြောင့် ဘဏ်မှာငွေ အပ်နှံသူတွေကို မက်လုံးပေးဖို့ အခြေအနေ ဖြစ်လာမှာကြောင့် ဘဏ်တိုးနှုန်းလျှော့ချဖို့ဆိုတာထက် ဘဏ်တိုးနှုန်းမြှင့်ရမယ့် အခြေအနေကို ရောက်သွားစေပါမယ်။

၅။ တရုတ်ကလာမယ့် ငွေမည်းတွေကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တော့ဘဲ မြန်မာ့စီးပွားရေး ပြိုကျသွားပါမယ်။

၆။  မတန်တဆစျေးတက်သွားတဲ့ မြေစျေးတွေကြောင့် နဂိုကမှ အိမ်ခြံမြေပိုင်ဆိုင် ဝယ်ယူနိုင်မှုမရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ဆင်းရဲတွင်းထဲက တက်နိုင်မှာ မဟုတ်သလို မူးယစ်ဆေးဝါးကရတဲ့ ငွေကြေးတွေဟာ မြန်မာပြည်ငွေကြေးစျေးကွက်မှာ အလုံးအရင်းနဲ့ စီးဆင်းနေတယ်ဆိုရင် ငွေမည်းတွေကို ခဝါချခွင့်ပေးတဲ့အစိုးရအဖြစ် မူးယစ်ဆေးဝါးကရတဲ့ငွေကို အားပေးတဲ့ အစိုးရအဖြစ် နိုင်ငံတကာမှာ နာမည်ပျက်နိုင်သလို ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ဟာလည်း အဖတ်ဆည်မရအောင်ကို ဂုဏ်သိက္ခာ ယိုယွင်းသွားပါလိမ့် မယ်။

၇။ ရခိုင်ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းက အကြမ်းဖက်ထောက်ပံ့ငွေတွေ စီးဝင်လာမယ့် အခြေအနေမျိုးမှာ ဒီလိုငွေမည်း ခဝါချခွင့်ပေးလိုက်တာဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ပျက်ပြားစေမှာဖြစ်ပြီးတော့ ရခိုင်ပဋိပက္ခကို ပိုမိုဆိုးရွားစေမယ့် အခြေအနေဆီ တွန်းပို့ပါလိမ့်မယ်။ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးလည်း ပျက်ပြားသွားစေနိုင်တဲ့ အဖြစ်ဆိုးတွေအထိ ကြုံလာရနိုင်တာမို့ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့် ဒီအခွန်ဥပဒေကြမ်းကို မလွဲမသွေ၊ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်...လို့ အကြံပြု ထောက်ပြခဲ့ပါတယ်။

ဒီလိုထောက်ပြခဲ့မှုတွေနဲ့ ဝေ ဖန်မှုတွေအပြင် မမျှတတဲ့ ငွေမည်းလျှော်ဖွပ်တဲ့ ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာကနေ နှစ်လိုကြောင်း ထောက်ခံရေးသားခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ထုတ် The Daily Eleven သတင်းစာမှာ “အမည်မဖော်ဝ့ံတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးခင်ဗျား။ တိုင်းပြည်စီးပွားတိုးတက်မှာ သေချာပါရဲ့လား” ဆိုပြီး မေးခွန်းပြန်ထုတ်ခဲ့သလို ဒီငွေမည်းခဝါချ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေရဲ့ ပုဒ်မကြမ်း ၂၅ ဟာ အခွန်ဥပဒေသက်တမ်း တစ် လျှောက်မှာ မမျှတဆုံး၊ အရှက်အမဲ့ဆုံး ဥပဒေပုဒ်မဖြစ်လို့ ဆင်းရဲသား ပြည်သူသန်း ၅၀ ကျော်နဲ့ အခွန်ထမ်းပြည်သူ ၁၁ သန်းကျော်ကို “ငတုံး၊ ငအ” တွေဆိုပြီး နားရွက်တံတွေးဆွတ်တဲ့ ဥပဒေ ပုဒ်မဖြစ်ပြီး ပြည်သူတွေကို စော်ကားတဲ့ ဥပဒေပုဒ်မ၊ မတရားတဲ့ ဥပဒေပုဒ်မ ဖြစ်တာကြောင့် ပြည်သူအားလုံး တစ်ခဲနက် ဆန့်ကျင်သင့်တဲ့ ဥပဒေပုဒ်မဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အဲဒီလို ဝေဖန်ပြီးတဲ့နောက်ဆုံးမှာ ငွေမည်းခဝါချပုဒ်မလို့ ဝေဖန်မှုမြင့်တက်နေတဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမူရင်း ပုဒ်မ (၂၅) ကို ပြင်ဆင်ပြီး အခန်းတစ်ခန်းတိုးချဲ့ တယ်ဆိုတဲ့ ပုံစံနဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြင်ဆင်တင်သွင်းခဲ့ပါသေးတယ်။ ဥပဒေကြမ်းက မူရင်းပုဒ်မ (၂၅) ငွေမည်းခဝါချလိုသူတွေအတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို ပထမခြောက်လမှာ သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းပဲ သတ်မှတ်ရာကနေ ၃၀ ရာခိုင်နှုန်းနဲ့ စည်းကြပ်ကောက်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီလို မူလပုဒ်မ ၂၅ ကို ပြင်ဆင်ခဲ့ပေမယ့် ဥပဒေကြမ်းပူးပေါင်းကော်မတီက အခန်း (၈) ဆိုပြီး ပုဒ်မ (၃၃)၊ ပုဒ်မ (၃၄)၊ ပုဒ်မ (၃၅)၊ ပုဒ်မ (၃၆)၊ ပုဒ်မ (၃၇) နဲ့ ပုဒ်မ (၃၈)  တွေအဖြစ် ပြင်ဆင်ချက်တင်သွင်းခဲ့ပါတယ်။

ဒီလိုပြင်ဆင်ချက်တင်သွင်းခဲ့ရာမှာ အသစ်တင်သွင်းလာတဲ့ ပုဒ်မတွေရဲ့ ဆိုလိုရင်းက “ပုဒ်မ (၃၃) မှာဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော်မယ်။ ပြန်လည်လွှဲပြောင်းခြင်းနဲ့ စျေးကွက်အတွင်းမှာ ငွေကြေးလှည့်ပတ်မှု တိုးမြင့်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်စေဖို့၊ တရားမျှတမှုကို အခြေခံတဲ့ အခွန်စနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့် ပြန့်ပူးပေါင်းပါဝင်ဖို့ ပုဒ်မ ၂၅ မှာ မည်သို့ပင်ပြဋ္ဌာန်းထား စေကာမူဆိုပြီး အခွန်နှုန်းတွေကို ပထမခြောက်လမှာ “ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သောဝင်ငွေများ” အတွက် သုံးရာခိုင်နှုန်း၊ “ဘဏ်၌အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာထည့် ဝင်သည့်ငွေကြေး” တွေအတွက် ပထမခြောက်လမှာ ငါးရာခိုင်နှုန်းနဲ့  “နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရွှေနှင့်အဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ ကိုင်တွယ်၍ရသော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ အတွက် အသုံးပြုသည့်ငွေကြေးများနှင့် လက်ဝယ်ရှိငွေကြေး” တွေကို ပထမခြောက်လမှာ ခုနစ်ရာခိုင်နှုန်းလို့ ပြင်ဆင်ခဲ့ပါတယ်။

ဒုတိယခြောက်လမှာဆိုရင် “ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ”အတွက် ငါးရာခိုင်နှုန်း၊ “ဘဏ်၌ အပ်နှံထားရှိသည့် ငွေကြေး၊ အစုရှယ်ယာ ထည့်ဝင်သည့်ငွေကြေး” တွေအတွက် ဒုတိယ ခြောက်လမှာ ခုနစ်ရာခိုင်နှုန်းနဲ့  “နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း သို့မဟုတ် ရွှေနှင့်အဖိုးတန်ပစ္စည်းများအပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍ရသော ပစ္စည်းများ၊ ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်းတို့အတွက် အသုံးပြုသည့်ငွေကြေးများနှင့် လက်ဝယ်ရှိငွေကြေး” တွေကို ဒုတိယခြောက်လမှာ ၁၀ ရာခိုင်နှုန်းလို့ ပြင်ဆင်ခဲ့ပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီက မူရင်းပုဒ်မ ၂၅ ကို အခန်း (၈) ထပ်မံဖြည့်သွင်းပြီး ပုဒ်မ ခြောက်ခုနဲ့ ဖော်ပြခဲ့ပေမယ့် ဒီလိုထပ်မံထည်ခဲ့တဲ့ ပုဒ်မခြောက်ခုရဲ့ ဆိုလိုရင်းတွေ နဲ့ ဖွင့်ဆိုချက်တွေဟာ ခြားနားမှုမရှိဘဲ မူရင်း ပုဒ်မ ၂၅ ကိုပဲ ထပ်ကွန့်ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ငွေတွေကို လျှော်ဖွပ်ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေကို ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရေးအတွက်ဆိုတဲ့ အချက်တစ်ခုနဲ့ ပုဒ်မခြောက်ခုအထိ ဖြန့်ထုတ်ခဲ့ပေမယ့် တရားမဝင် ဝင်လာမယ့် ငွေမည်းတွေ၊ အကြမ်းဖက်မှုတွေကို ထောက်ပ့ံမယ့်ငွေမည်းတွေကို တားမြစ်နိုင်မယ့် တိကျသေချာတဲ့ပုဒ်မတွေ ဖြည့်သွင်းထောက်ပြနိုင်စွမ်း မရှိဘဲ စီးပွားရေးစနစ်ထဲကို ဘယ်လိုငွေတွေပဲ ဝင်လာဝင်လာ လက်ခံမှာပဲဆိုတဲ့ပုံစံနဲ့ပဲ  ဥပဒေကြမ်းပူး ပေါင်းကော်မတီက ပြင်ဆင်တင် သွင်းခဲ့တာကို တွေ့ရပါတယ်။

အခြားတစ်ချက်အဖြစ်လည်း ဒီလိုခေတ်အဆက်ဆက် အခွန်ရှောင်ခဲ့တဲ့ငွေတွေကို သုံးရာခိုင်နှုန်း နဲ့ ၁၀ ရာခိုင်နှုန်းကြားမှာပဲ အခွန်ပေးဆောင်စေဖို့ ဥပဒေကြမ်းပူး ပေါင်းကော်မတီက ပြင်ဆင်တင် သွင်းခဲ့တာဟာ သူတို့ကိုယ်တိုင် ဖြည့်စွက်ခဲ့တဲ့ ပုဒ်မ (၃၃) ပါ အချက်ဖြစ်တဲ့ “တရားမျှတမှုကို အခြေခံတဲ့ အခွန်စနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဖို့” ဆိုတဲ့အချက်ကို လုံးလုံးလျားလျား သွေဖည်ထားတာကို ပုံမှန်အခွန်ထမ်းနေတဲ့ တာဝန်သိပြည်သူတွေကို သတ်မှတ်နှုန်းဖြစ်တဲ့ ပုဒ်မ ၁၉ ပါအချက်ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အခွန်ထမ်းရမယ့် ငါးရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအခွန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ ထပ်တိုးပုဒ်မတွေ ဟာအခွန်ရှောင်ခဲ့သူတွေကိုပဲ မျက်နှာသာ ထပ်ပေးထားတာကို အတိအကျ တွေ့မြင်နိုင်ပါတယ်” လို့  ၂၀၁၈ ခုနှစ် မတ် ၁၂ ရက်ထုတ် Weekly Eleven ဂျာနယ်မှာ “ခရိုနီတိုင်ကွန်းတွေအတွက် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုက ခွေးသေပုပ်ကို ဖက်တွယ်မိသလို ဖြစ်စေမလားဆိုပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒီလိုမျိုး ဝေဖန်ရေးသားမှုတွေရဲ့ အကျိုးဆက်တွေအပြီးမှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းမှာ ပုဒ်မလေးတစ်ခုနဲ့ ငွေမည်းတွေကို ခဝါချခွင့်ပေးဖို့ ကြံစည်မှုဟာ နိဋ္ဌိတံသွားပြီး Tax Amnesty Law တစ်ခု ရေးဆွဲပြဋ္ဌာန်းမယ်ဆိုတာနဲ့ အပြီးသတ် သွားခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာ Tax Amnesty ပေးတာဟာ SME တွေ မထိခိုက်အောင်၊ အခွန်ထမ်းနေသူတွေ ပိုပြီးအခွန်ထမ်းလိုစိတ်ဖြစ်အောင်၊ အခွန်ရှောင်ခဲ့တဲ့ ငွေမည်းတွေ စနစ်တကျပြန်လည်စီးဝင်လာပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူ ဘယ်လိုဖြစ်စေမလဲ တွက်ချက်ပြီး ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်တာမို့လို့ မြန်မာနိုင်ငံမှာလည်း Tax Amnesty ပေးမယ်ဆိုရင် ဒီလိုမျိုး ဥပဒေနဲ့ စနစ်တကျ ထွက်လာမှာကို ကြိုဆိုထောက်ခံသူများခဲ့ပါ တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဥပဒေတစ်ခု ပြုစုပြဋ္ဌာန်းပြီး စနစ်တကျ အခွန် လွတ်ငြိမ်းခွင့်ပေးတာမဟုတ်ဘဲ အခွန်ထမ်းနေသူ တွေ နစ်နာစေမယ့် အခွန်လွတ်ငြိမ်းခွင့်ကိုပဲ ပုဒ်မလေးတစ်ခုနဲ့ ပြန်ပေးဖို့ ကြိုးပမ်းလာတာ အ့ံသြစရာ တွေ့ရပြန်ပါတယ်။

Tax Amnesty ပေးဖို့အတွက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး စနစ်တကျ လုပ်ဆောင်ဖို့ ဘာလို့ထိတ်လန့်နေကြသလဲ။ Tax Amnesty Law မဟုတ်ဘဲ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ပုဒ်မလေးတစ်ခုနဲ့ပဲ ဘာလို့အခွန်ရှောင်ထားတဲ့ ငွေမည်းတွေကို ငွေဖြူ ပြချင်နေကြလဲ။ ဒီလိုမျိုး ပုဒ်မလေးတစ်ခုနဲ့  ငွေမည်းတွေကို ငွေဖြူဖြစ်စေဖို့ ကြံဆောင်မှုမှာ ဘယ်သူတွေပါဝင်နေသလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်သလို တစ်နှစ်သက်တမ်းပဲ ကျန်တဲ့လက်ရှိအစိုးရဟာ ဦးသိန်းစိန်အစိုးရ နောက်ဆုံးတစ်နှစ်မှာ Tax Amnesty ပေး ခဲ့သလိုမျိုးလုပ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ တွက်ဆထားသလားဆိုတာနဲ့ ဒီလိုမျိုး ပုဒ်မလေး တစ်ခုကနေ ငွေမည်းလျှော်ဖွပ်ခွင့် ပြုမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဘယ်လိုအစိုးရက ဆက်ပြီးတာဝန်ယူမလဲဆိုတာ ပြည်သူတွေကို အဖြေပေးဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲရရုံအတွက် ငွေမည်းတွေ ဘယ်လိုဝင်ဝင် မျက်ကွယ်ပြုပြီး ခဝါချခွင့်ပေးလိုက်မယ်ဆို နစ်နာရမှာက တိုင်းပြည်နဲ့ ပြည်သူပါ။

(၃)

အခွန်လွတ်ငြိမ်းခွင့်မှ မပေးရင် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကစပြီး တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံ တစ်ခုလုံး ပြိုကျပျက်စီးသွားတော့မယ့်ပုံစံမျိုး Tax Amnesty လိုလားသူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့တာတွေရှိသလို နိုင်ငံ့တာဝန်ရှိသူတွေကို တွေ့ဆုံတင်ပြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် အခွန်သုံးရာခိုင်နှုန်း မလျှော့ဘူးဆိုရင် တိုင်းပြည်ရဲ့ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းတွေ ကနဦးပြိုလဲမယ်။ ဘဏ်နဲ့ ဆက်စပ်လုပ်ငန်းတွေ ထပ်မံပြိုလဲပြီး အလုပ်လက်မဲ့နှုန်းကလည်း Two Digit  ကို ခုန်တက်မယ်လို့ Tax Amnesty သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း သတ်မှတ်ရေးအတွက် ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေက ဦးဆောင်ပြီး ၂၀၁၈ ခုနှစ် မတ် ၁၉ ရက်က တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့တဲ့ အခွန် သက်သာခွင့်အစီအစဉ် ရွှေ့ဆိုင်းပါက စီးပွားရေးပြိုလဲနိုင်သည့် အကျိုးဆက်များ ရှင်းလင်းတင်ပြပွဲမှာ ပြောခဲ့ပါသေးတယ်။

အခွန်လွတ်ငြိမ်းခွင့်မှ မပေးရင် တိုင်းပြည်စီးပွားရေးက ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ချက်ချင်းပြိုလဲ မတတ်ပြောခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက်အထိတော့ တိုင်းပြည်စီးပွားရေးက ပြိုလဲခဲ့တာ မရှိဘဲ အာဏာရပါတီက နိုင်ငံ့ခေါင်းဆောင်တွေကပဲ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတယ်လို့ ပြောခဲ့တာရှိသလို ကမ္ဘာ့ဘဏ်၊ ADB၊ OBG စတဲ့ အဖွဲ့အစည်းတွေကလည်း မြန်မာ့စီးပွားရေးကို ၂၀၁၉၊ ၂၀၂၀ တွေမှာ ပိုပြီးတိုး တက်မယ်လို့ပဲ သုံးသပ်ခဲ့တာကို တွေ့ရပါ တယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဝင်ငွေရလမ်းမပြနိုင်သူတွေ ပေးဆောင်ရတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှု ကင်းလွတ်ခွင့်ပေးဖို့  အခွန်နှုန်းကို  ငါးရာခိုင်နှုန်း သို့မဟုတ် တစ်နှစ်၊ နှစ်နှစ် ကင်းလွတ်ခွင့်ပေးဖို့နဲ့  အလုပ်လျှော့ချမှုတွေ ရှိလာနေနေတယ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ စေပိုင်ကုမ္ပဏီ ဥက္ကဋ္ဌဦးမောင်ဝိတ်က “လက်ရှိအခြေအနေမှာ စီးပွားရေးလုပ်ငန်းတွေဟာ အရောင်းအဝယ်နှေးကွေး မှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါတယ်။ အကျိုးဆက်အနေနဲ့ လုပ်ငန်းတော်တော်များများမှာ လုပ်ငန်းတွေလျှော့ချလိုက်ရတဲ့ အခြေအနေ ရောက်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့က လုပ်ငန်းတွေရော လုပ်သားတွေပါ လျှော့ချရတဲ့အခြေအနေ ရှိနေပါတယ်။ ဒီလို လျှော့ချလိုက်တဲ့အခါမှာ လုပ်ငန်းရပ်ဆိုင်းခံရတဲ့ ဝန်ထမ်းတွေနဲ့ အခြေခံလုပ်သားတွေဟာ ဝင်ငွေရပ်ဆိုင်းခံရတာနဲ့ အတူတူ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ယနေ့ကြုံတွေ့နေရတဲ့ ကုန်စျေးနှုန်းကို ဖြေရှင်းရာမှာလည်း ဝင်ငွေဟာ အဓိကဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်နှေးကွေးခြင်းကို တင်ပြခြင်း ဖြစ်ပါတယ်။ လုပ်ငန်း ဘာကြောင့် နှေးကွေးလည်း ပြန်ကြည့်တဲ့အခါမှာ အဓိကအကြောင်းရင်းကတော့ ရင်းနှီးမြှုပ်နှံသူရဲ့ စောင့်ကြည့်ပါဦးမယ်ဆိုတဲ့ ယူဆချက်တစ်ခုကြောင့် ဖြစ် ပါတယ်။ ရင်းနှီးမြှုပ်နှံသူ ဘာကိုစောင့်ကြည့်နေသလဲဆိုရင် သူတို့ မြှုပ်နှံမှုတွေ ဆုံးရှုံးနိုင်ခြေနည်းတယ်။ အမြတ်ရနိုင်ခြေများတယ်ဆိုတဲ့ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်ပါတယ်။ ဒီအချက်သေချာတယ်ဆိုရင် ကျွန်တော်တို့ စျေးကွက်ထဲဝင်လာမှာဖြစ်ပြီး ဒီအချက်မသေချာရင် ကျွန်တော်တို့ စျေးကွက်ထဲက ပြန်ထွက်သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့စီးပွားရေးလုပ်ငန်းများ ပြန်လည်လန်းဆန်းလာဖို့ဟာ ရင်းနှီးမြှုပ်နှံသူအလုံးအရင်းနဲ့ ကျွန်တော်တို့ စျေးကွက်ထဲဝင်ရောက်လာဖို့ပဲ ဖြစ်ပါတယ် အမေခင်ဗျ။  အဲဒီလိုဝင်ရောက်လာဖို့ အချက်များစွာ လေ့လာတွေ့ရှိတဲ့အထဲက အချက်နှစ်ခုကို ရှာဖွေဆောင်ရွက်ပေးဖို့ တင်ပြအပ်ပါတယ်။ ပထမဆုံးအနေနဲ့ ဘဏ်ချေးငွေအတိုးနှုန်းဖြစ်ပါတယ်။ ဘဏ်ချေးငွေဟာ  ၁၃ ကျပ် ဖြစ်နေတဲ့အတွက် လုပ်ငန်းတွေဟာ တွက်ခြေမကိုက်တဲ့အခြေအနေ ဖြစ်နေပါ တယ်။ ဒီဟာကို ကိုးရာခိုင်နှုန်း သို့မဟုတ် ရှစ်ရာခိုင်နှုန်း။ ယာယီအားဖြင့် တစ်နှစ်သို့မဟုတ် နှစ်နှစ် လျှော့ချပေးဖို့ လိုအပ်နေတယ်လို့ တင်ပြလိုပါတယ်။ ဒုတိယအချက်အနေနဲ့ အခွန်နှုန်းထားများဖြစ်ပါတယ်။ လုပ်ငန်းတစ် ခုစတင်ပြီဆိုလို့ ရှိရင် အခြေပစ္စည်းဝယ်ယူရပါတယ်။ ဝယ်ယူပြီဆိုတာနဲ့ အခွန် ၃၀ ရာခိုင်နှုန်း ဆောင်နေရပါတယ်။ လုပ်ငန်းမစသေးဘူး ရာခိုင်နှုန်း ၃၀ ဆောင်နေရတာဖြစ်တဲ့ အတွက် ဒီအခွန်ကို ငါးရာခိုင်နှုန်းကို တစ်နှစ် သို့မဟုတ် နှစ်နှစ် လျှော့ချပေးဖို့ တင်ပြပါတယ်။ နောက်ထပ်တစ်ခုကတော့ အခြေပစ္စည်းတွေဝယ်ရင် ဘဏ်ချေးငွေနဲ့ကို ရာခိုင်နှုန်း ၃၀  ပေးနေရတာဖြစ်ပါတယ်။ ချေးငွေနဲ့ ဝယ်တဲ့သူက ၃၀ ရာခိုင်နှုန်းပေးနေရတာဖြစ်လို့ ဒီရာခိုင်နှုန်း ၃၀ ကိုလည်း ကင်းလွတ်ခွင့်ပေးဖို့ကိုလည်း တင်ပြလိုပါတယ်” လို့ တင်ပြခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ စီးပွားရေးအခြေအနေကို ကြည့်လို့ရှိရင် အဘက်ဘက်က ကြည့်ရပါတယ်။ တစ်ဖက်တည်းက ကြည့်လို့မရပါဘူး။ ဥပမာဆိုရင် တချို့အလုပ်တွေမှာ အလုပ်တွေမဖြစ်တာတွေကြောင့် အလုပ်သမားတွေကို အလုပ်ကနေ ရပ်ဆိုင်းလိုက်တယ်ဆိုပေမဲ့ ကျွန်မတို့နိုင်ငံရဲ့ နောက်ဆုံးကြည့်လိုက်တဲ့ Data  တွေအရ အလုပ်လက်မဲ့နှုန်းက တက်မလာဘူးဆိုတာ သတိပြုမိပါတယ်။ တချို့နေရာတွေမှာတော့ အလုပ်သမားတွေကို ရပ်ဆိုင်းနေတယ်ဆိုပေမဲ့ တချို့နေရာတွေမှာ ဆက်ပြီးတော့ ဝင်နေတယ်ဆိုတာကို သတိပြုမိဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဘဏ်တိုးနှုန်းပေါ့။ ရင်းနှီးမြှုပ်နှံသူက ဒါတွေကို မဆုံးရှုံးချင်ဘူး။  မဆုံးရှုံးဖို့ အာမခံချက်စောင့်နေတယ်ဆိုတာကို ကျွန်မတစ်ခုတော့ ပြောချင်တယ်။ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ စွန့်စားရဲရတယ်။ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ၁၀၀ ရာခိုင်နှုန်းအောင်မြင်မယ်ဆိုမှ ဝင်လာတာ မဟုတ်ပါဘူး။ တခြားသူ မလုပ်ရဲတဲ့ မလုပ်တတ်တဲ့လုပ်ဖို့  မစဉ်းစားတာတွေကို စွန့်စားပြီးတော့ အတိုင်းအတာတစ်ခုရှိလို့သာ အင်မတန်မှ အောင် မြင်သွားကြတာပါ။ ၁၀၀ ရာခိုင်နှုန်း ဘယ်သူကမှ အာမခံချက် မပေးနိုင်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင် ဒေါ်လာစျေးပေါ့။ ဒေါ်လာစျေးဟာ ပြင်ပကမ္ဘာကနေ ရိုက်ခတ်လာတာ။ ကျွန်မတို့က ပြင်ပကမ္ဘာကနေ ရိုက်ခတ်လာတဲ့ စီးပွားရေးအခြေအနေကို ထိန်းချုပ်ထားလို့ မရဘူး။ ၁၀၀ ရာခိုင်နှုန်း စိတ်ပူစရာမရှိဘူးဆိုတာတော့ ကျွန်မတို့က ဘယ်တော့မှ အာမခံချက်ပေးလို့ မရဘူး။ တချို့ကိစ္စတွေကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တာတွေကို သေချာစဉ်းစားပြီးတော့ လုပ်ပေးပါမယ်။ ဥပမာအားဖြင့် အခွန်အခနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်ကြီးများဟာ အခွန်လွတ်ကင်းမှုတွေ ပေးတာကို သဘောမတူသူရှိပါတယ်။ စီးပွားရေးပညာရှုထောင့်ကနေကြည့်ရင် အခွန်လွတ်ကင်းမှုတွေ များများပေးတာဟာ နိုင်ငံ့ရဲ့စီးပွားရေး တိုးတက်မှုအတွက် အကျိုးမရှိဘူးဆိုပြီး အကြံပြုတဲ့ စီးပွားရေးပညာရှင်တွေ ရှိပါတယ်။ ကျွန်မတို့အစိုးရက အဘက်ဘက်ကိုလည်း နားထောင်ရပါတယ်။ အဘက်ဘက်ကိုလည်း ချိန်ဆရပါတယ်။ စီးပွားရေးတစ်ကွက်ကိုလည်း ကြည့်လို့မရဘူး။ နှစ်ကွက်သုံးကွက်ကိုလည်း ကြည့်လို့မရပါဘူး။ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ကြည့်ရုံမကဘူး။ ကမ္ဘာ့ရဲ့ ရေစီးကြောင်းကိုလည်း ကြည့်ရပါတယ်။ ဒါပေမဲ့ အချက်နှစ်ချက်ကိုတော့ အလေးအနက်ထားပြီး တိုင်ပင်ပေးပါ့မယ်။ မလုပ်ဘူး၊ လုပ်မယ်ကတော့ ဒီမှာတော့ ဘယ်လိုမှ ပြတ်ပြတ်သားသား အဖြေပေးလို့တော့ မရသေးပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဆိုတာက ကိုယ့်အကျိုးရလဒ်ရဖို့အတွက် အခွန်သက်သာဖို့ အတွက် နည်းမျိုးစုံနဲ့ ငိုပြမှာဖြစ်ပါတယ်။ တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ နောက်ကွယ်မှာလည်း ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အိမ်ခြံမြေစျေး ကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးထုတ်ခဲ့သူတွေက ချုပ်ကိုင်ခြယ်လှယ်ပြီး ပုဒ်မလေးတစ်ခုလောက်နဲ့ပဲ ငွေမည်းခဝါချချင်နေသလား တွေးစရာပါ။ သေချာတာကတော့ Tax Amnesty မပေးရင်ဘဲ ဘဝပျက်တော့မတတ်၊ မြန်မာ့စီးပွားရေး ပြိုပျက်လုမတတ်ငိုပြခဲ့သူတွေ တောင်းဆိုခဲ့သူတွေ အားလုံးဟာ ဘယ်သူမှ လုပ်ငန်းတွေ မရပ်ခဲ့သလို မြန်မာ့စီးပွားရေးလည်း ပြိုကျမှုမရှိတဲ့အပြင် တိုးတက်လာပါတယ်။ တိုးတက်နေပါတယ်လို့တောင် နိုင်ငံ့ခေါင်းဆောင်တွေက ပြောခဲ့တာပါ။ ဒီအခြေအနေတွေကို ပြန်ပြီးတော့ ချိန်ဆကြည့်ရင် အိမ်ခြံမြေစျေးနှုန်းတွေထပ်ပြီး ကမောက်ကမဖြစ်စေနိုင်မဲ့ ကျောက်စိမ်းမှောင်ခို၊ မူးယစ် ငွေမည်းနဲ့ တိုင်းပြည်ဘဏ္ဍာ ခိုးထုတ်ခဲ့သူတွေအတွက် သီးသန့်လို ဖြစ်နေတဲ့ Tax Amnesty ဟာ လုံးဝလုံးဝ မလိုအပ်တာ အသေအချာပါ။

(၅)

Tax Amnesty ကို မဖြစ်မနေ ပေးကိုပေးမယ်ဆိုရင် အခွန်ပုံမှန် ထမ်းဆောင်ခဲ့တဲ့ နိုင်ငံ့သားကောင်း လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်း တွေကိုပါ သက်ညှာခွင့်ပေးဖို့ လိုအပ်ပါတယ်။ တစ်သက်လုံးအခွန်ထမ်းခဲ့တဲ့ ပြည်သူတွေက  ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းပေးဆောင်ခဲ့ချိန်မှာ တစ်သက်လုံးအခွန်ရှောင်ခဲ့သူတွေနဲ့ ငွေမည်းလက်ဝယ်ရှိနေသူတွေက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်နဲ့ ငွေဖြူတွေဖြစ်သွားမယ်ဆို ဒါဟာလုံးဝလုံးဝ မမျှတတဲ့ အခြေအနေပါ။

အခြေပစ္စည်းဝယ်ယူဖို့အတွက် ပေးမယ်ဆိုရင်လည်း ပြည်သူအများစုရဲ့ ဝယ်နိုင်စွမ်းအားကို ချိန်ဆတွက်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် သာမန်ပြည်သူတွေ၊ လူလတ်တန်းစားတွေ ဝယ်ယူနိုင်တဲ့ အိမ်၊ ခြံ၊ မြေနဲ့ ကားတွေဟာ ကျပ်သိန်း ၅၀၀ အောက်ပါပဲ။ ကျပ် သိန်း ၁၀၀၀ အထက် အိမ်၊ ခြံ၊ မြေ၊ ကားတွေ ဝယ်ယူနိုင်ပြီး ငွေဖြူမရှိသူတွေက လူလတ်တန်းစားဆိုရင်တောင် ထိုက်သင့်တဲ့အခွန်မဆောင်ခဲ့သူ တွေပါ။ ဥပမာအားဖြင့် စျေးကွက်ထဲမှာ အစိုးရကဆောက်နေတဲ့ တန်ဖိုးနည်း တိုက်ခန်း ကျပ်သိန်း ၁၀၀ ပတ်လည်လောက်ကို နှစ်ရှည်ချေး ငွေနဲ့ဝယ်ယူဖို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ရာခိုင်နှုန်း ၂၀၊ ရာခိုင်နှုန်း ၃ဝလောက်တောင် သွင်းထားစရာမရှိတဲ့ ပြည်သူတွေ အများကြီးပါ။ အစိုးရက တည်ထောင်ထားတဲ့ CHID ဘဏ်ကိုသွားပြီး ပြည်သူသောင်းနဲ့ချီ အရစ်ကျတန်ဖိုးနည်း တိုက်ခန်းဝယ်ယူဖို့ ငွေစုတဲ့အထဲမှာ ပထမဆုံး ပေးချေရမယ့်သိန်း ၂၀၊ သိန်း ၃၀ ပြည့်မီတဲ့ ပြည်သူဘယ်လောက်ရှိလဲ မေးကြည့်ပါ။ ပြည်သူသောင်းနဲ့ချီစွာ ငွေစုတဲ့အထဲမှာ သိန်း ၂၀၊ သိန်း ၃၀ စုဆောင်းထားပြီး အရစ်ကျတိုက်ခန်းကို ဝယ်ခွင့်ရဖို့ စောင့်နေသူက ထောင်ဂဏန်းပဲရှိပါတယ်။ ဒီလိုအခြေအနေတွေ အချက်အလက်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း မြင်နေရတာပါ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်ရဲ့ လတ်တလော ပြောကြားချက်အရ ဆိုရင်အစိုးရက သိန်း ၉၀၊ ၁၀၀ တန် တိုက်ခန်း ၁၀၀၀ လောက်ရောင်းဖို့ ဦးသာအောင်တို့ကို ကော်မတီဖွဲ့ပေးတယ်။ ဒီတိုက်ခန်းတွေအတွက် ဝယ်သူက ကနဦး ပေးသွင်းငွေ ၂၀၊ ၃၀ ရာခိုင်နှုန်းပဲ ပေးရမှာဖြစ်ပေမဲ့ လက်တွေ့မှာ ဒီပမာဏလောက်ကိုတောင် မပေးနိုင်ကြလို့ ရောင်းမယ့်တိုက်ခန်းစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၅၀ လောက်ကိုပဲ ရောင်းချနိုင်တဲ့ အခြေအနေ။

တကယ်နွမ်းပါးနေတဲ့ပြည်သူ အများစုနဲ့ လူလတ်တန်းစားအများစုဟာ သိန်း ၅၀၀ အထက်ကိုလွယ်လင့်တကူ မသုံးနိုင်ဘူးဆိုတာ အစိုးရကိုယ်တိုင်လည်း သိနိုင်ပါတယ်။  မြန်မာနိုင်ငံထဲမှာ စီးနင်းနေတဲ့ အိမ်စီးကားတွေရဲ့ ရာခိုင်နှုန်း ၈၀ လောက်ဟာ သိန်း ၅၀၀ အောက် ကားတွေလို့ကို ဆိုရမှာပါ။ ဒီလိုမျိုး အခြေပစ္စည်းတွေကို သာမန်ပြည်သူတွေ ဝယ်ယူနိုင်အောင်၊ ကားတွေကို နာမည်ပြောင်းချင်အောင် အခွန်လျှော့မယ်ဆိုရင်လည်း ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမှာပါတဲ့ ၁ ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန် သုံးရာခိုင်နှုန်းဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် သာမန်လစာ ခုနစ်သိန်းလောက်ရတဲ့ ဝန်ထမ်းတောင်မှ ဝင်ငွေခွန် ငါးရာခိုင်နှုန်း ပေးဆောင်နေရတဲ့ခေတ်မှာ အခွန်ရှောင်ခဲ့သူတွေအတွက် ငွေမည်းသမားတွေအတွက် အခွန်နှုန်း သုံးရာခိုင်နှုန်းဆိုတာ အလွန်နည်းပါတယ်။ အစိုးရအနေနဲ့ မဖြစ်မနေ အခွန်နှုန်းတွေလျှော့ချပြီး Tax Amnesty ပေးမယ်ဆိုရင် ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အခွန်ရှောင် အိမ်ခြံမြေစျေးကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာခိုးထုတ်ခဲ့သူတွေ အတွက်လို့ ယူဆစရာဖြစ်နေတဲ့ လက်ရှိဥပဒေကြမ်းက အခွန်လွတ်ငြိမ်းခွင့်နှုန်းထားတွေကို ဝန်ထမ်းတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအားလုံး အခွန်ဆောင်ရတဲ့ အလွှာခြောက်လွှာကို ဆယ်ဆတိုးပြီး အခွန်နှုန်း သတ်မှတ်သင့်ပါတယ်။

ဥပမာအားဖြင့် သက်သာခွင့် ခုနှိမ်ပြီး ၁ ကျပ်ကနေ ကျပ်သိန်း ၂၀ အထိကို ဝင်ငွေခွန် သုညပါ။ အဲဒီအတွက် အခွန်ကင်းလွတ်ခွင့်ကို မဖြစ်မနေပေးမယ်ဆိုရင် စည်းကြပ်မှုက လွတ်နေတဲ့ဝင်ငွေမှာ ၁ ကျပ်ကနေ ကျပ်သိန်း ၂၀၀ အထိ အခွန်သုည သတ်မှတ်သင့်ပါတယ်။ ဒီလိုသတ် မှတ်မယ်ဆိုရင် လက်ရှိကားအများစုနဲ့ အိမ်ခြံမြေတိုက်ခန်း အချို့ဟာ လုံးဝကို အခွန်ကင်းလွတ်ခွင့်ရသွားမှာဖြစ်လို့ ဒီပမာဏအစား ၁ ကျပ်ကနေ ကျပ်သိန်း ၅၀၀ အထိ အခွန်နှုန်း ငါးရာခိုင်နှုန်းပဲ သတ်မှတ်သင့် ပါတယ်။

ဒုတိယအလွှာအဖြစ် ကျပ်သိန်း ၅၀ အထက်ကနေ ကျပ်သိန်း ၁၀၀ အထိကို ဝင်ငွေခွန်မှာ ၁၀ ရာခိုင်နှုန်း အခွန်ကောက်လို့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေခွန်ကို ကျပ်သိန်း ၅၀၀ အထက်ကနေ ကျပ်သိန်း ၁၀၀၀ အထိကို အခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်သင့်ပါတယ်။

တတိယအလွှာအဖြစ် ကျပ်သိန်း ၁၀၀ အထက်ကနေ ကျပ်သိန်း ၂၀၀ အထိကို ဝင်ငွေခွန်မှာ ၁၅ ရာ ခိုင်နှုန်းအခွန်ကောက်လို့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေခွန်ကို ကျပ်သိန်း ၁၀၀၀ အထက်ကနေ ကျပ်သိန်း ၂၀၀၀ အထိကို အခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်သင့်ပါတယ်။

စတုတ္ထအလွှာအဖြစ် ကျပ်သိန်း ၂၀၀ အထက်ကနေ ကျပ်သိန်း ၃၀၀ အထိကို ဝင် ငွေခွန်မှာ ၂၀ ရာ ခိုင်နှုန်းအခွန်ကောက်လို့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေခွန်ကို ကျပ်သိန်း ၂၀၀၀ အထက်ကနေ ကျပ်သိန်း ၃၀၀၀ အထိကို အခွန်ရာခိုင်နှုန်း ၂၀ သတ်မှတ်သင့်ပါ တယ်။ ပဥ္စမအလွှာအဖြစ်တော့ ဝင်ငွေခွန်မှာ ကျပ်သိန်း ၃၀၀ အထက်ကို အခွန် ၂၅ ရာခိုင်နှုန်းကောက်လို့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင် ငွေခွန်မှာ ကျပ်သိန်း ၃၀၀၀ အထက်ကို အခွန်နှုန်း ၂၅ ရာခိုင်နှုန်း ကောက်ပါလို့ အကြံပြုလိုပါတယ်။ ဒါမှလည်း စစ်မှန်တဲ့ အခွန်ထမ်းပြည်သူတွေအတွက် မျှတတဲ့ အခွန်ကောက်ခံမှုနှုန်းထားတစ်ခုလို့ ဆိုရမှာဖြစ်သလို Tax Amnesty ပေးချင်နေတဲ့ အစိုးရအတွက်လည်း အခွန်ရှောင်နေတဲ့ သူတွေကို မျက်နှာသာပေးတာ မဟုတ်ဘူး။ တိုင်းပြည်စီးပွားပိုမိုတိုးတက်ဖို့ လုပ်သင့်တာ လုပ်တာလို့ လိပ်ပြာလုံလုံ ဝ့ံကြွားနိုင်မှာပါ။

အချုပ်အနေနဲ့ Tax Amnesty မဖြစ်မနေ ပေးကိုပေးမယ်ဆိုရင် ကျွန်တော့်အနေနဲ့ မေးခွန်းထုတ်လိုတာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ ၂၀၁၉ ခုနှစ် ပြည်ထောင် စု၏ အခွန်အကောက်ဥပဒေ ကြမ်း မဆွေးနွေးခင်မှာ အကြမ်းဖျင်းအဖြစ် မေးခွန်းခုနစ်ခုကို မေးလိုပါတယ်။ အဲဒါတွေက ...

၁။ Tax Amnesty Law အဖြစ်နဲ့ စနစ်တကျ ကောက်ခံဖို့ လွှတ်တော်မှာ ဆုံးဖြတ်ပြီးတာကို ဘာကြောင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းမှာပဲ ပုဒ်မလေးတစ်ခုနဲ့ ဖြစ်သလို ငွေမည်းခဝါချခွင့်ပြုလိုပါသလဲ။

၂။ အိမ်ခြံမြေ တိုက်ခန်းတွေ ကားတွေကိုအခွန်နှုန်း သုံးရာခိုင်နှုန်းပေးမယ်ဆိုလို့ လက်ရှိကို စျေးကွက်ထဲမှာ တိတ်တဆိတ်လိုက်ဝယ်နေသူတွေ ရှိနေတယ်လို့ ဝေဖန်ရေးသားနေကြလို့ တကယ်တမ်းသာ သုံးရာခိုင်နှုန်းလောက်နဲ့ Tax Amnesty ပေးမယ်ဆိုရင် တကျော့ပြန် ဖြစ်လာနိုင်တဲ့ အိမ်ခြံမြေစျေး ဖောင်းပွမှုကို ဘယ်လိုတာဝန်ယူဖြေရှင်းဖို့ ရှိပါသလဲ။

၃။ တစ်နှစ်လစာသိန်း ၈၀ လောက်ရသူတွေ စီးပွားရေးလုပ်ငန်းတွေတောင်မှ အနိမ့်ဆုံး ဝင်ငွေခွန် ငါးရာခိုင်နှုန်း ဆောင်နေရချိန်မှာ  ကျပ်သိန်း ၁၀၀၀ အထိကို အခွန် သုံးရာခိုင်နှုန်းပဲ ကောက်မယ်လို့ ဘယ်လိုနှလုံးသားနဲ့ ဆုံးဖြတ်ခဲ့ပါသလဲ။ တစ်သက်လုံး မှန်မှန်ကန်ကန် အခွန်ထမ်းလာတဲ့ ပြည်သူတွေကို ငဲ့ညှာဖို့ထက် အခွန်ရှောင်လိုစိတ်ဖြစ်အောင် ဘာကြောင့်ကြံဆောင်ပါသလဲ။

၄။ တခြားနိုင်ငံတွေမှာ Tax Amnesty ပေးမယ်ဆိုရင် နိုင်ငံအတွင်း ပြန်ပြီးစီးဝင်လာနိုင်တဲ့ပမာ ဏကနေ ရမယ့်အခွန်၊ အခြေပစ္စည်းတွေက နေရမယ့်အခွန်၊ လုပ်ငန်းအသစ်တွေ ထူထောင်တာကနေရမယ့် အခွန်အခတွေကို စနစ်တကျ တွက်ချက်ထားနိုင်ပါတယ်။ လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့က တွက်ချက်ထားတာ ရှိပါသလား။

၅။ Tax Amnesty တကယ်ပေးမယ်ဆို လာမယ့်အောက်တိုဘာ ၁ ရက်မှာ စတင်ပြီးပေးရမှာဖြစ်လို့ အဲဒီ အောက်တိုဘာ ၁ ရက်မတိုင်ခင်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အစီအစဉ်တကျရှိနေပြီလား။ ဥပမာအားဖြင့် အခွန်ရုံးတွေမှာ လွယ်လင့်တကူ ဆောင်နိုင်ဖို့ ပြင်ဆင်ထားလား။ မော်တော်ယာဉ်တွေ အမည်မဖြစ်မနေပြောင်းဖို့၊ သတ်မှတ်ကာလအတွင်း မပြောင်းရင် ပြင်းထန်စွာ အရေးယူဖို့ လုပ်ထုံး လုပ်နည်းထုတ်ပြန်ချက်တွေကို ဌာနတွေအလိုက် ညှိနှိုင်းပြင်ဆင်ထားပြီးပြီလား။

၆။ အခွန်ကရမယ့်ကောင်းကျိုးတွေ တွက်ချက်ပြီးရင် ဆိုးကျိုးတွေရော ပြင်ဆင်ထားပါသလား။ ဥပမာအားဖြင့် အိမ်ခြံမြေစျေးဖောင်းပွမှုအပြင် ရခိုင်ပဋိပက္ခမှာ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာတဲ့ အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့တွေရဲ့ ငွေကြေးထောက်ပံ့မှုမျိုး၊ စင်ကာပူကဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်လွှတ်လို့သာ သိခွင့်ရတဲ့ AA  အဖွဲ့ကို ငွေကြေး ထောက်ပံ့မှုမျိုးတွေကို စုံစမ်းစစ်ဆေး တားဆီးနိုင်တဲ့ အစီအစဉ်တွေ ရှိနေပြီလားဆိုတာနဲ့  အဓိကအကျဆုံးအဖြစ် . . .

နံပါတ် (၇) မှာ ၂၀၁၉ ခု နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပုဒ်မ ၂၅ အရ အခွန်စည်းကြပ်တာဟာ တရားမဝင် ရရှိတဲ့ပစ္စည်းတွေပိုင်ဆိုင်တာ၊ ရောင်းဝယ်တာ၊ ငွေကြေးခဝါချမှု ကိစ္စရပ်တွေနဲ့ အရေးယူတဲ့ကိစ္စတွေနဲ့ သက်ဆိုင်မှု မရှိစေရလို့ ပါဝင်တဲ့ အတွက် အဲဒီလို တရားမဝင်ရရှိတဲ့ ပစ္စည်းတွေပိုင်ဆိုင်တာ၊ ရောင်းဝယ်တာ၊ ငွေကြေးခဝါချမှုကိစ္စရပ်တွေက ရလာတဲ့ငွေတွေဆိုတာ စုံစမ်းစစ်ဆေးဖို့ ထောက်လှမ်းဖို့လိုအပ်တဲ့ အဖွဲ့အစည်းတွေ အဆင်သင့် ဖြစ်နေပြီလားဆိုတာကို မေးခွန်းထုတ်လိုပါတယ်။

ဒါ့အပြင် ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှု  ပြဿနာလည်း ရှိနေသေးပြီး ဒီမေးခွန်းတွေအတွက် အဖြေမရှိသေးရင်တော့ ကျောက်စိမ်းမှောင်ခို၊ မူးယစ်ငွေမည်း၊ အခွန်ရှောင်၊ အိမ်ခြံမြေစျေး ကစားသူတွေနဲ့ တိုင်းပြည်ဘဏ္ဍာခိုးထုတ်ခဲ့သူတွေအတွက် တစ်ကျော့ပြန်ပေးဖို့ ကြံလာပြန်တဲ့ ဝင်ငွေခွန်လျှော့ချမှု အခွင့်အရေးဟာ နှစ်စဉ် ပြဋ္ဌာန်းတဲ့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမှာ ပုဒ်မလေးတစ်ခုနဲ့ ဖြစ်ကတတ်ဆန်း ငွေမည်းခဝါချဖို့ လုပ်ဆောင်တာထက် ဥပဒေတစ်ခု သီးခြားပြုစု ပြဋ္ဌာန်းပြီး ဆောင်ရွက်တာကပဲ နိုင်ငံနဲ့ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးချင်ပါတယ်။         

                                

Most Read

Most Recent