MTSH အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာ စီမံကိန်းဖြစ်သော BRI နှင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် လုပ်ဆောင်နေ

MTSH အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာ စီမံကိန်းဖြစ်သော BRI နှင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် လုပ်ဆောင်နေ
ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောများကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောများကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 4 August 2019
ဖြိုးဝေ

MTSH (Myanmar Thilawa SEZ Holdings Public Limited) အနေဖြင့် တရုတ်နိုင်ငံ၏ မဟာဗျုဟာမြောက် စီမံကိန်းဖြစ်သော BRI (Belt & Road Initiative) ဖြင့် ချိတ်ဆက်နေသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာမှုများ လုပ်ဆောင်နေကြောင်း MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးဇုန်သည် ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကို ချိတ်ဆက်ထားသည့် လီဒိုလမ်းမပေါ်တွင် တည်ရှိနေပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ အနောက်ဘက် ဒေသအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် တည်ရှိကာ အဆိုပါ စီမံကိန်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါသော စီမံကိန်းများအဖြစ် တည်ရှိနေကြောင်း ဦးဝင်းအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါ အထူးစီးပွားရေးဇုန်သည် စီးပွားရေး အခွင့်အလမ်းကောင်း များစွာရှိပြီး အချက်အချာ ကျသည့်အတွက် ပုံမှန်တိုးတက်မှု ရှိနေပြီး ဇုန်အတွင်း ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီးမြှုပ်နှံထားလျက် ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“သီလဝါ အထူးစီးပွားရေးဇုန်မှာ စက်ရုံတည်ဆောက်ဖို့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကုမ္ပဏီပေါင်း ၁၀၈ ခုက စီးပွားဖြစ် လည်ပတ်နေတဲ့ စက်ရုံပေါင်း ၇၂ ခု ရှိနေပြီး ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်အထိ မြှုပ်နှံထားပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။

ဇုန်တွင် ဝင်ရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ စျေးကွက်အခြေအနေမှာ ပြည်တွင်းစျေးကွက် ဦးစားပေး စက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ရှိပြီး ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ရှိကာ ပြည်တွင်း စျေးကွက်အတွက် အဓိက ထုတ်လုပ်သည့် လုပ်ငန်းပိုမို များပြားလာကြောင်း သိရသည်။

MTSH (Myanmar Thilawa SEZ Holdings Public Limited) ၏ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အမြတ်ဝေစု ခွဲဝေမှု ရှယ်ယာ တစ်စုကျပ် ၂၃၀ မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရှယ်ယာတစ်စု ကျပ်၂၅၀ တိုးမြှင့်ခွဲဝေ ပေးမည်ဖြစ်ပြီး ယမန်နှစ် အမြတ်ဝေစုထက် ကျပ် ၇၇၉ သန်းကျော် ပိုမိုခွဲဝေပေးမည် ဖြစ်ကြောင်း MTSH မှ သိရသည်။

MTSH ကုမ္ပဏီအုပ်စုအနေဖြင့်၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အခွန်လျာပြီး အသားတင်အမြတ် ကျပ် ၂၂ ဒသမ ၃ ဘီလျံအထိ ရရှိခဲ့ပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ထက် ရှစ်ရာခိုင်နှုန်း တိုးတက်ကာ  ရှယ်ယာတစ်စု ဝင်ငွေ ၅၅၃ ကျပ်အထိရှိခဲ့သည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ အခွန်မလျာထားမီ အသားတင်အမြတ်မှာ ကျပ် ၁၂၉၆၄ သန်းသာရှိပြီး ယမန်နှစ်က ရရှိခဲ့သည့် ကျပ် ၂၂ ဒသမ ၈၄၁ ဘီလျံထက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထို့ပြင် အခွန်နုတ်ပြီး အသားတင်အမြတ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကျပ် ၂၂၃၁၇ သန်း အထိ ရှိခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၂၉၂၁ သန်းသာရှိပြီး ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ထိုသို့ အမြတ်ငွေ ကျဆင်းမှုကြောင့် အစုရှယ်ယာများ၏ အမြတ်ဝေစု ခွဲဝေပေးနိုင်မှုမှာလည်း ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ စံချိန်တင် အနိမ့်ဆုံး အမြတ်ခွဲဝေမှုဖြစ်ခဲ့ပြီး ရှယ်ယာ တစ်စုလျှင် ကျပ် ၂၃၀ သာ ခွဲဝေပေးနိုင်ခဲ့သည်။ ထိုသို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် အမြတ်ဝေစုခွဲဝေမှု ကျဆင်းခဲ့သော်လည်း  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၂၅၀ သို့ ပြန်လည် တိုးမြှင့်ပေးနိုင်ခဲ့ပြီး ကျပ် ၇၇၉ သန်းကျော် အမြတ်ဝေစု ခွဲဝေမည် ဖြစ်သည်။

MTSH က နှစ်အလိုက် ပေးအပ်ခဲ့သော အစုရှယ်ယာများအတွက် အမြတ်ဝေစု ခွဲဝေမှုများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ MTSH စာရင်းဝင်သည့် သီလဝါရှယ်ယာမှာ အစုပေါင်း ၃၈၉၂၉၁၅ စုသာ ရှိသဖြင့် ရှယ်ယာတစ်စု ကျပ် ၂၅၀၀ အမြတ်ခွဲဝေ ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ရှယ်ယာတစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သဖြင့် အစုပေါင်း ၃၈၉၂၉၁၅၀ စုသို့ ရောက်ရှိလာ၍ ရှယ်ယာတစ်စု အတွက် အမြတ်ခွဲဝေမှု ကျပ် ၂၆၀ သတ်မှတ်ခဲ့သည်။ ထိုသို့ အမြတ်ခွဲဝေပေးသည့် ပမာဏမှာ ကျပ် ၁၀၁၂၁ ဒသမ ၅၈ သန်းရှိကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခွဲဝေမှုဖြစ်သည့် ကျပ် ၉၇၃၂ သန်းကျော်ထက် သာလွန်ခဲ့သည်။ သို့သော် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၈၉၅၃ ဒသမ ၇၀ သန်းသာ ခွဲဝေပေးနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် အမြတ်ခွဲဝေပေးနိုင်မှု တစ်ဘီလျံကျော် ကျဆင်းခဲ့ရာမှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ အမြတ်ဝေစု ပိုမိုခွဲဝေလာနိုင်ခဲ့ပြီး ကျပ် ၉၇၃၂ သန်းကျော် ခွဲဝေပေးနိုင်မည်ဖြစ်သည်။                   

 

Most Read

Most Recent