ဘာသာရေးဂေဟစနစ်ကို ဖျက်ဆီးခြင်း

ဘာသာရေးဂေဟစနစ်ကို ဖျက်ဆီးခြင်း
Published 4 August 2019

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်ကို ဆိုလိုသည်။ နောက်တစ်မျိုးဆိုရလျှင် ဂေဟစနစ်ဟူသည် ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်း နေထိုင်ကြသော သက်ရှိများနှင့် သက်မဲ့များအားလုံး၊ သက်ရှိတို့နှင့် အပြန်အလှန်ဆက်စပ်နေသော လေ၊ မြေ၊ ရေနှင့် နေရောင်ခြည် စသည့် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများအားလုံး ပါဝင်ကြသည်။ ပတ်ဝန်းကျင်တစ်ရပ်တွင် ဂေဟစနစ်ကို ဖျက်ဆီးခြင်း က ယင်းပတ်ဝန်းကျင်တစ်ရပ်လုံးအား ပျက်စီးစေသကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အခြေပြု တည်ဆောက်ထားသော ယုံကြည်မှုတစ်ရပ်အား ဖြိုဖျက်ရန် ကြိုးပမ်းခြင်းသည် ယင်းလူ့အဖွဲ့အစည်းကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။

သိက္ခာပုဒ် ၂၂၇ ပါးကို စောင့်ထိန်းရသည့် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး၏အဖြစ်သည် လွယ်ကူသည် မရှိပေ။ ကျင့်ဝတ်များစွာ မရှိလှသည့် အခြားလောကတို့၌ပင် ကျင့်ဝတ်ဖောက်ဖျက်သူများ ရှိနေသည်ဖြစ်ရာ ကျင့်ဝတ်ဖောက်ဖျက်သော ရဟန်းများလည်း ရှိသည်သာဖြစ်၏။ ရဟန်းများ ကျင့်ဝတ်ဖောက်ဖျက်မှုသည် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စဖြစ်ပြီး သီးခြားဖြေရှင်းရမည့် ပြဿနာဖြစ်သည်။ သို့သော် ကျင့်ဝတ်ဖောက်ဖျက်သည့် ရဟန်းအချို့ကို လက်ညှိုးထိုးကာ သံဃာထုတစ်ရပ်လုံးအား  တိုက်ခိုက်ဝေဖန်ခြင်းသည် ဗုဒ္ဓဘာသာကို ပျက်စီးရာပျက်စီးကြောင်း အားထုတ်မှုသာဖြစ်သည်။ သံဃာတို့သည် ဗုဒ္ဓ၏ တရားတော်များ (ဓမ္မ) ကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရား၊ တရားနှင့် သံဃာတို့အား ရတနာသုံးပါးဟူ၍ ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ အများစုနေထိုင်သော မြန်မာနိုင်ငံတွင် လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အဆက်ကတည်းက ငါးပါးသီလကဲ့သို့သော ဗုဒ္ဓ၏ အဆုံးအမများအပေါ်၌ အခြေပြုတည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဘာသာတရား ယိုယွင်းပျက်စီးလာခြင်းက မြန်မာ့လူ့အဖွဲ့အစည်းကို ယိုင်နဲ့လာစေသည်။ သက်ငယ်မုဒိမ်းမှုများနှင့် သားအဖချင်း ပြန်သတ်မှုများကဲ့သို့သော မကြားဝံ့မနာသာ ရာဇဝတ်မှုများ တစ်နေ့တခြား တိုးပွားလာနေခြင်းက ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားဖြစ်သော သီလတရား မည်မျှယို ယွင်းလာသည်ကို ပြနေသည်။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ စံတန်ဖိုးများအပေါ် အလေးဂရုမပြုကြတော့သည့်အခါ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ‘အကွပ်မရှိသည့် ကြမ်း၊ ပရမ်းပတာ’ ဆိုသကဲ့သို့ ဖြစ်ချင်တိုင်းဖြစ်၍လာပေမည်။

ယခင်စစ်အုပ်ချုပ်ရေးအဆက်ဆက်၌ ၎င်းတို့၏အာဏာကို ထိပါးမှုကြောင့် ရဟန်းသံဃာတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့မှုများ ရှိခဲ့သည်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာမည် ဆိုသည့်အတိုင်း ၎င်းတို့ ပြုလုပ်ခဲ့သည့် အကုသိုလ်ကံတရားအတွက် ၎င်းတို့ ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။ ယင်းထက် များစွာပို၍ဆိုးသည်မှာ သံဃာထုတစ်ရပ်လုံး၊ ဘာသာရေးတစ်ရပ်လုံးအား ပြိုလဲအောင် အားထုတ်မှုမျိုးဖြစ်သည်။ ဥပမာအားဖြင့် သံဃာထုတစ်ရပ်လုံးအား အများပြည်သူတို့ အကြည်ညိုမဲ့အောင်၊ မလှူမတန်းအောင် ပြုလုပ်ခြင်းမျိုး ဖြစ်သည်။ ၎င်းအပြင် ဗုဒ္ဓမြတ်စွာ၏ ပုံရိပ်ကို ကျဆင်းအောင် အနုပညာအား ခုတုံးလုပ်လျက်  ဆောင်ရွက်သည့် လုပ်ရပ်များမှာလည်း ဘာသာရေးကို အကြည်ညိုမဲ့အောင် ပြုလုပ်ခြင်းမျိုးပင်ဖြစ်သည်။

ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းသည် ဗုဒ္ဓဘာသာဝင်များ အများဆုံး ပါဝင်သည့် လူ့အဖွဲ့အစည်းဖြစ်သောကြောင့် ဗုဒ္ဓ၏ တရားတော်များ၊ သွန်သင်မှုများအပေါ်၌ တည်ဆောက်ထားသော လူ့အဖွဲ့အစည်းဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာအား ဖြိုဖျက်ရန် ကြိုးပမ်းမှုသည် လူ့အဖွဲ့အစည်းအား ပျက်စီးရာပျက်စီးကြောင်း ကြံစည်မှုဖြစ်သည်။ မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအား ပျက်စီးစေခြင်းသည် မြန်မာနိုင်ငံကို ပြိုလဲအောင် ကြိုးပမ်းခြင်းသာဖြစ်သည်။ သို့ဖြစ်၍ အခွင့်အာဏာရှိသူများအနေဖြင့်လည်း နိုင်ငံပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေမှုများအား ကာကွယ်တားဆီးရေးကို တာဝန်ယူရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ် ပါသည်။

(သြဂုတ် ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent