အပရိဟာနိယတရားနှင့် ဒီမိုကရေစီ

အပရိဟာနိယတရားနှင့် ဒီမိုကရေစီ
Published 2 August 2019

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆိုဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် “ဒီမိုကရေစီ၏မူလအစ ဗုဒ္ဓက” ဟု ဆိုအပ်ပေသည်။ ဒီမိုကရေစီဟု ဆိုရလောက်အောင် ဒီမိုကရေစီ၏ အနှစ်သာရနှင့် စံနှုန်းများကို ညွှန်ပြသော လမ်းညွှန်မှုတစ်ရပ်ကို ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက လမ်းညွှန်တော်မူခဲ့သည်။ ဒီမိုကရေစီ၏ မူလအစဟု အများက သတ်မှတ်ထားသော ဂရိနိုင်ငံတွင် ထိုစဉ်က ဒီမိုကရေစီ မပေါ်ထွန်းသေးပေ။ ဆို ကရေးတီး (ဘီစီ ၄၆၉ - ၃၉၉)၊ မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆ - ဘီစီ၃၂၃)၊ ပလေတို (ဘီစီ ၄၂၈ - ၃၄၈) နှင့် အရစ္စတိုတယ် (ဘီစီ ၃၈၄ - ၃၂၂) တို့ မမွေးသေးပါ။ ဗုဒ္ဓမြတ်စွာဘုရားသည် ကျင့်ကြံအားထုတ်တော်မူသဖြင့် ဘီစီ ၅၈၈ ခုနှစ်တွင် အမြင့်မြတ်ဆုံးသော ဘုရားအဖြစ်သို့ ရောက်ရှိချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ် (ဘီစီ  ၅၅၁ - ၄၇၉) မမွေးသေးပေ။ ဗုဒ္ဓ၏ အပရိဟာနိယသုတ်တော်ကို လေ့လာကြည့်လျှင် နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ဟောကြားလမ်းညွှန်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာ၏ ဉာဏ်အမြော်အမြင် ကြီးမားပုံကို တွေ့နိုင်သည်။

ဗုဒ္ဓ၏လမ်းညွှန်မှုဖြစ်သော အပရိဟာနိယတရား သရုပ်ခုနစ်ပါး အနှစ်ချုပ်မှာ  (၁) အမြဲမပြတ် ကြိမ်ဖန်များစွာ မပြတ်မလပ် စည်းဝေးဆွေးနွေးကြခြင်း၊ (၂) အညီအညွတ် ဆွေးနွေးစည်းဝေး ညှိနှိုင်းတိုင်ပင်ကြပြီး အညီအညွတ် ဆုံးဖြတ်လုပ်ဆောင်ဆောင်ရွက်ကြခြင်း၊ (၃) ရှိပြီး  ပြဋ္ဌာန်းပြီး ကောင်းမွန်သင့်လျော်၍ လက်ရှိလူနေမှုဘဝတို့နှင့် အံဝင်ခွင်ကျ ကိုက်ညီသော အစဉ်အလာကောင်း ဓမ္မသတ်ကျင့်ထုံး ဥပဒေများ၊ ဖြတ်ထုံး ကျင့်ထုံး စီရင်ထုံး စီရင်နည်းလမ်းများကို ဖျက်သိမ်း၊ ပယ်ဖျက်ခြင်းခြင်းမပြုဘဲ ဆက်လက်ပြဋ္ဌာန်း ကျင့်သုံးကာ ရှိပြီး ဥပဒေများအနက်မှ ဆက်လက်ပြဋ္ဌာန်းကျင့်သုံးရန် မသင့်လျော်၊ မကောင်းမွန်၊ မကိုက်ညီတော့သည့် တရားဥပဒေများကို အများဆန္ဒ၊ အများစည်းဝေး ဆုံးဖြတ်ချက်တို့ဖြင့် ဖျက်သိမ်းရုပ်ပယ်ခြင်း၊ (၄) ဂုဏ်ဝါပညာကြီးသူ၊ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကြီးမားသူများကို မြေတောင်မြှောက် ဂုဏ်ပြုပူဇော်၍ အကြံပြုချက် အကြံပြုစကားများ ကို ကြားနာခံယူခြင်း၊ (၅) ပြည်သူပြည်သားတို့၏ သားငယ်သမီးငယ်၊ ပိုင်ရာပစ္စည်းတို့ကို အကြောင်းမဲ့ အနိုင်အထက်ပြု ထိပါးသိမ်းပိုက် စော်ကားမှုမရှိစေရေး ပြည်သူ့အစိုးရက အာမခံကျင့်သုံးလိုက်နာ စောင့်ထိန်းခြင်း၊ (၆) နိုင်ငံ လူမျိုး ရိုးရာအစဉ်အလာ၊ ပြည်သူတို့ ၏ယုံကြည်မှုကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေခြင်းနှင့် (၇) ဘာသာ၊ သာသနာ ယုံကြည်မှုပေါင်းစုံတို့၏ ဘာသာရေးခေါင်းဆောင်၊ ဘာသာသာသနာ့ဝန်ထမ်းများကို လွတ်လပ်လုံခြုံမှု ရှိစေခြင်းတို့ဟူ၍ ဖြစ်သည်။

အပရိဟာနိယတရားသည်ကား ဗုဒ္ဓမြတ်စွာဘုရား၏ ဒီမိုကရေစီလမ်းစဉ်ကြီးပင် ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓသည် အတိတ်ဘဝ ဇာတ်နိပါတ်တော်ကို ဟောကြားတော်မူလျက် ကမ္ဘာဦးက မဟာသမ္မတမင်း ဘဝအကြောင်း ပြန်ပြောင်းဟောပြတော်မူကာ ကမ္ဘာဦးလူသားတို့ ဘုရားလောင်းတော် ဂုဏ်သိက္ခာပညာရှိ ပညာရှင် သူတော်ကောင်းတစ်ဦးကို အများသဘောတူ စုဝေးစုံညီ၍ မင်းအဖြစ် တင်မြှောက်ခဲ့ကြပုံကို လှစ်ဟထောက်ပြတော်မူပြီး အများဆန္ဒတို့ကို ကိုယ်စားပြုသော အများဝန်ဆောင်ပုဂ္ဂိုလ်များကို အများဆန္ဒအရသာ တာဝန်ပေး ရွေးကောက်တင်မြှောက်သင့်ကြပုံကိုလည်း သွယ်ဝိုက်လှစ်ဟ လမ်းညွှန် တော်မူခဲ့လေသည်။ ထို့ကြောင့် ရှေးမြန်မာဘုရင်များ အဆက်ဆက် နန်းတက်ကြချိန်တွင် အဘိသိက် ရေစင်သွန်းလောင်းသည့်အခမ်းအနားတွင် သွန်းလောင်းသူများက အရှင်မင်းမြတ်အား တင်မြှောက်ကြပါသည်ဟူသော ကျမ်းသစ္စာစကားဆိုခြင်း အစဉ်အလာတစ်ရပ်ကို ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။

အကယ်၍ မြန်မာတို့သည်သာ ဗုဒ္ဓ၏အမြော်အမြင်နှင့် ဆန္ဒများကို တွေးခေါ်မြော် မြင်သုံးသပ်၍ ဗုဒ္ဓအလိုတော်ကျ၊ ဗုဒ္ဓဆန္ဒတော်ကျ၊ လမ်းညွှန်တော်မူချက်အရ အပြည့်အဝ ဦးစွာ ကျင့်သုံးလျက် စွန့်ဦးတီထွင်နိုင်ခဲ့ကြမည်ဆိုပါလျှင် ဂရိတို့၏ ‘ဒီမိုကရေစီ’ ဟူသော စကားရပ်မပေါ်မီမှာပင် မြန်မာတို့၏ ဗုဒ္ဓစာပေစကားလုံး ‘အပရိဟာနိယ’ ကို ကမ္ဘာတွင် တွင်ကျယ်စွာ အသုံးပြုကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏ အပရိဟာနိယလမ်းစဉ် အမှန်တရားတို့သည် သက်တမ်းရှည် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံနှင့် ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည့် စနစ်တစ်ခုပင်ဖြစ်သည်ကိုမူ ငြင်းပယ်၍ ရလိမ့်မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ  ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent