မဂ္ဂသစ္စာဟူသည် . . .

မဂ္ဂသစ္စာဟူသည် . . .
Published 1 August 2019

မဂ္ဂသစ္စာဟူသည် နိယျနဋ္ဌ သဘောရှိသည်။ နိယျနဋ္ဌဟူသည် ဝဋ်သုံးပါးမှ ထွက်မြောက်ကြောင်းတရား ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးသည် ဝဋ်သုံးပါးမှ ဆန်တက်၍ နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်းလမ်းမှန်တရား ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိ - မှန်ကန်သော အသိအမြင်၊ သမ္မာသင်္ကပ္ပ - မှန်ကန်သော အကြံအစည် (ပညာ မဂ္ဂင် နှစ်ပါး)၊ သမ္မာဝါစာ - မှန်ကန်သော စကားကို ပြောဆိုခြင်း၊ သမ္မာကမ္မန္တ -  မှန်ကန်သော အမှုကို ပြုခြင်း၊  သမ္မာအာဇီဝ - မှန်ကန်သော အသက်မွေးခြင်း (သီလမဂ္ဂင် ၃-ပါး)၊ သမ္မာဝါယာမ - မှန်ကန်သော အားထုတ်ခြင်း၊ သမ္မာသတိ - မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း၊ သမ္မာသမာဓိ - မှန်ကန်သော တည်ကြည်ခြင်း (သမာဓိမဂ္ဂင် ၃-ပါး) တို့ ဖြစ်ကြသည်။

မဂ္ဂသစ္စာ နှင့် ပတ်သက်၍ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ ထုတ်နုတ်တင်ပြလိုပါသည်။

(၁) ယထာဘူတဉာဏ် - ဖြစ်ပျက်ကို မြင်သည့် ဉာဏ်သည် ဝဋ်ကျွတ်ခြင်း၏အစ ဉာဏ်သာ ရှိသေးသည်။ (ဝေဒနာ) မရှိသည်ကို မရှိမှန်းသိသောကြောင့် ဟုတ်တိုင်းမှန်စွာသိသည့် ဉာဏ်သာ ရှိသေးသည်။ ယင်းကို ယထာဘူတဉာဏ်ဟု ခေါ်သည်။ ဖြစ်ပျက်မြင်သည့် မဂ္ဂင် ငါးပါးသည် ယထာဘူတဉာဏ်သာ ဖြစ်သည်။ သို့သော် ယင်းဉာဏ်ကိုရလျှင် စူဠသောတာပန်ဖြစ်သည်။ သို့သော် စူဠသောတာပန်ဟူသည် အဆိုပါဇောနှင့်သေမှ တစ်ဘဝသာ အပါယ်စိတ်ချရသည်။ သေကာနီး၌ အခြားဇောများ ဝင်လာလျှင် စိတ်မချ ရသေးပေ။    

(၂) နိဗ္ဗိဒါဉာဏ် - ထို့ကြောင့် ယင်းဖြစ်ပျက်ခြင်းတရားကို မုန်းအောင်ရှုရမည် ဖြစ်သည်။ နိဗ္ဗိဒါဉာဏ်ဟူသည် ဖြစ်ပျက် (ဒုက္ခသစ္စာ)ကို ငြီးငွေ့မုန်းတီးလာသည့် ဉာဏ်ကိုဆိုလိုခြင်း ဖြစ်သည်။ ဖြစ်ပျက်ကို မုန်းလာလျှင် နိဗ္ဗိဒါဉာဏ် ဆိုက်ရောက်၏။ ဖြစ်ပျက်မြင်ခြင်းနှင့် ဖြစ်ပျက်မုန်းခြင်း ဉာဏ်နှစ်ပါးသည် ထူးခြား၏။ ဖြစ်ပျက်မြင်သည့် ဉာဏ်ထက် ဖြစ်ပျက်မုန်းသည့် ဉာဏ်က ပို၍ထက်သန်သည်။ ဖြစ်ပျက်မြင်သည့် ဉာဏ်လာပြီးမှ ဖြစ်ပျက်မုန်းသည့်ဉာဏ် ရလာခြင်းဖြစ်သည်။ ဖြစ်ပျက်မမြင်ဘဲနှင့် ဖြစ်ပျက်မုန်းသည့် ဉာဏ်ရမလာနိုင်ပေ။ ထို့ကြောင့် ဉာဏ်နှစ်ဉာဏ်တွင် ဦးစွာဖြစ်သည့် ယထာဘူတဉာဏ်သည် ကိလေသဝဋ်ကို အကြမ်းစားမျှသာ ဖြတ်နိုင်သည်။ နောက်မှရသည့် နိဗ္ဗိဒါဉာဏ်က ကိလေသာ အနုစားကိုပါ ဆက်၍ဖြတ်သည်။   

(၃) မဂ်ဉာဏ် - ဖြစ်ပျက်ကို မုန်းလျက်နှင့် ပေ၍ရှုသည့်အခါ ရှုရင်းမတ်တတ်နှင့်ပင် ပို၍ပို၍ မုန်းလာကာ “ဒါကြီးကိုတော့ဖြင့် မလိုချင်တော့ပါဘူး” ဟု ဖြစ်လာမည်။ ဤဝေဒနာကြောင့် ဖြစ်သည့် တဏှာနည်းနည်းမျှ မရှိတော့၍မလိုချင်တော့ပေ။ နည်းနည်းလေးရှိလျှင် နည်းနည်းလေး လိုချင်သည်။ “ငါ၊ ငါ့ဥစ္စာ” ဟူသည့် တဏှာတို့၊ ဒိဋ္ဌိတို့သည်လည်း နည်းနည်းမျှ မရှိတော့ပေ။ ၀ိစိကိစ္ဆာလည်း နည်းနည်းမျှ မရှိတော့ပေ။ သို့ဖြင့် မလိုချင်သည့် မဂ်ပေါ်လာသည့်အခါ တဏှာလည်း မရှိ၊ ဒိဋ္ဌိလည်း မရှိ၊ ၀ိစိကိစ္ဆာလည်း မရှိသည့်အတွက်၊ တဏှာဝိစိကိစ္ဆာတို့၏ စွမ်းရည်သတ္တိက ဖြစ်စေသည့် ဝေဒနာက္ခန္ဓာကြီးသည် ပျောက်ကွယ်၍သွားတော့သည်။ အကြောင်းပျက်၍ အကျိုးပျောက်သွားသည်။ အကြောင်းဖြစ်သည့် ကိလေသဝဋ်ပျက်သွားသည်နှင့် အကျိုးဖြစ်သည့် ဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာကြီးသည် တစ်ခါတည်း မလိုချင်သည့်အချိန်၌ ပျောက်၍သွားသည်။ ၀ိပါကဝဋ် ခန္ဓာကြီး၊ ဒုက္ခသစ္စာခန္ဓာကြီးအား မလိုချင်သည့်ပုဂ္ဂိုလ်မှာ (မဂ်ဉာဏ်ဝင်လာသည့် ပုဂ္ဂိုလ်မှာ) ရှုရင်းမတ်တတ်နှင့် ပျောက်ထွက်သွားသည်။ မဂ်ဆိုက်လာသည့်အခါ မဂ္ဂင်ရှစ်ပါး ဖြစ်လာသည်။ မဂ္ဂင်ရှစ်ပါးဆိုသည့် မဂ်ဉာဏ်ပေါ်လာလျှင် ဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာကြီး ချုပ်ငြိမ်းသွားတော့၏။

မည်သို့ပင်ဆိုစေ၊ မဂ္ဂင်ရှစ်ပါးသည် ဝဋ်သုံးပါးမှ ဆန်တက်၍ နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်းလမ်းမှန် တရားပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent