ကောင်းသောအုပ်ချုပ်ရေးအတွက် ရှိအပ်သော ကျင့်ဝတ်စည်းကမ်း

ကောင်းသောအုပ်ချုပ်ရေးအတွက် ရှိအပ်သော ကျင့်ဝတ်စည်းကမ်း
Published 31 July 2019

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးမှာ လွယ်ကူချောမွေ့မှု မရှိနိုင်သော်လည်း ပြည်သူတင်မြှောက်လိုက်သည့် အစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး တစ်ရပ်ကို မလွဲမသွေ ဖော်ဆောင်ရမည်ဖြစ်သည်။ ကောင်းမွန်သောအုပ်ချုပ်ရေး တစ်ခုကို တည်ဆောက်နိုင်ရန် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အစိုးရအဖွဲ့များ၌ လွတ်လပ်သော စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု၊ အရည်အသွေးဆိုင်ရာ ထိရောက်မှု၊ မျှတမှု၊ တာဝန်ခံမှု စသည့်အချက်များအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရတစ်ရပ် မဖြစ်မီနှင့် ဖြစ်လာသည့် အခြေအနေတို့သည် များစွာကွဲပြားမည်မှာလည်း သေချာပေသည်။ အာဏာထက် တာဝန်ယူရခြင်းဟူသည် ပို၍မြင့်မြတ်သော အယူအဆ ဖြစ်သဖြင့် တိုင်းပြည်အုပ်ချုပ်ရေးကဏ္ဍတွင် တာဝန်ကြီးစွာ ရယူထားသူများသည် မိမိတို့ မည်မျှပြည်သူအပေါ် တာဝန်ကျေသနည်းဆိုသည့် အချက်ကို ပြသ၍ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို မှတ်ကျောက်တင်ကြရမည်ဖြစ်သည်။

ရှေးယခင် အစဉ်အဆက် ရှိခဲ့ပြီးသော တိုင်းပြည်နိုင်ငံ အကြီးအကဲတို့၏ ကျင့်ဝတ်များ Ten Percepts for Rulers (မင်းကျင့်တရား ၁၀ ပါး) ကို နှလုံးသွင်းကာ ပြည်သူ့တာဝန်များကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကျင့်ဝတ်များအရ (၁) ဒါန - ဆင်းရဲသား ပြည်သူများအပေါ် အထူးကူညီ စောင့်ရှောက်ပေးသော၊ လူအများကောင်းကျိုးအတွက် ဆောင်ရွက်သော၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်သော ကြိုးစားမှုမျိုးဖြင့် ပြည့်စုံသင့်သည်။ (၂) သီလ - စောင့်ထိန်းအပ်သော ငါးပါးသီလကဲ့သို့ မြင့်မြတ်သော အကျင့်သီလများကို လုခြုံစွာ စောင့်ထိန်းသင့်သည်။ (၃) ပရိစ္စာဂ - ပြည်သူများ၏ ကောင်းကျိုးလိုအင်အတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်အနစ်နာခံနိုင်မှု ရှိရမည်။ (၄) အဇ္ဇဝ - ပြည်သူတို့အပေါ် စိုးရိမ်ကြောက်လန့်စေခြင်း မရှိစေရ၊ အများပြည်သူအပေါ် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မဖြစ်စေရ။ ရိုးသားဖြောင့်မတ်ကာ လိမ်လည်လှည့်ဖြားမှု၊ မမှန်မကန် ဆုံးဖြတ်ခြင်းမျိုး မဖြစ်ပေါ်အောင် ဂရုပြုရမည်။ (၅) မဒ္ဒမ - ပြည်သူများအပေါ် သနားကြင်နာစွာဖြင့် နူးညံ့သိမ်မွေ့ကာ မိဘ၊ မောင်နှမသားရင်း များကဲ့သို့ စိတ်နေသဘောထားဖြင့် ဆက်ဆံနိုင်ရမည်။ (၆) တပ - ရိုးသားစွာ ဝတ်စားဆင်ယင်မှု၊ မိမိကိုယ်မိမိ နှိမ်ချမှု ပြည့်စုံရမည့်အပြင် စည်းစိမ်ယစ်မူးခြင်း၊ အာဏာယစ်မူးခြင်းတို့ကို ရှောင်ကြဉ်ရန် လိုမည်ဖြစ်သည်။ (၇) အက္ကောဓ - ပြည်သူ့အရေးကိစ္စများအပေါ် ဆောင်ရွက်ရာတွင် အမျက်ဒေါသဖြင့် ဖြေရှင်းခြင်း၊ ရန်ငြိုးဖွဲ့ အကြမ်းဖက်ခြင်း ကင်းစေရမည်။ (၈) အဝိဟိံသ - အများပြည်သူကို အန္တရာယ် မဖြစ်စေခြင်း၊ စစ်မက်ဖက်ပြိုင်မှု၊ အကြမ်းဖက် ပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်ရမည်။ (၉) ခန္တီ - စိတ်ရှည်ခြင်း သည်းခံခြင်း၊ ကျိုးကြောင်း နားလည်မှုရှိခြင်းနှင့် ပြည့်စုံရမည်။ (၁၀) အဝိရောဓန - အများအကျိုးရှိစေမည့် လုပ်ငန်းဆောင်တာများကို ကန့်ကွက်တားဆီးခြင်း၊ ပြည်သူတို့၏ သဘောထားဆန္ဒအပေါ် ဆန့်ကျင်ခြင်း မရှိစေဘဲ ပြည်သူလူထု သဘောထားအပေါ် ညီညွတ်မျှတစွာ အုပ်ချုပ်နိုင်ရမည် စသည်တို့သည် ခေတ်အဆက်ဆက် အကြီးအကဲတို့ နှလုံးသွင်း လိုက်နာသင့်သည့် ကျင့်ဝတ်စည်းကမ်းများပင်ဖြစ်သည်။

ယနေ့ခေတ် အခြေအနေနှင့်ယှဉ်လျှင် မင်းကျင့်တရား ၁၀ ပါးဟူသည် အင်မတန်ခက်ခဲသော သတ်မှတ်ချက်များ ဖြစ်သော်လည်း ကြီးလေးသော တာဝန်များကို ရယူထားရသူများအတွက် စောင့်ထိန်းလိုက်နာအပ်သော အခြင်းအရာများဖြစ်သည်။

ကောင်းသောအုပ်ချုပ်ရေး တစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှု ရှိခြင်းသည်လည်း အလွန်အရေးကြီးသည်။ မျက်မှောက်ခေတ်တွင် တာဝန်ယူ တာဝန်ခံမှု မရှိသော အစိုးရတစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံသည် ကျဆုံးသွားနိုင်သည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူရသူများ အနေဖြင့် လိုက်နာကျင့်ကြံ အပ်သည်များကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိလျှင်သော်လည်းကောင်း အကျိုးဆက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိလျှင် သော်လည်းကောင်း တိုင်းပြည်နိုင်ငံသည် အဘက်ဘက်မှ ချွတ်ခြုံကျ၍ ကျဆုံးသွားတတ်သည်။ အခြေခံကျသော အခြေအနေရပ်များနှင့် တာဝန်ဝတ္တရားများကို အချုပ်အခြာ အာဏာပိုင်နိုင်ငံ၏ အစိုးရတစ်ရပ်က မှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ယင်းနိုင်ငံများကို ကျဆုံးနေသည့် နိုင်ငံများ (Failed State) ဟု ခေါ်ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းသောအုပ်ချုပ်ရေး တစ်ရပ်အတွက် ကျင့်ဝတ်စည်းကမ်းများအပေါ် စောင့်ထိန်းနိုင်မှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိခြင်းတို့သည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent