နိရောဓသစ္စာဟူသည် . . .

နိရောဓသစ္စာဟူသည် . . .
Published 29 July 2019

ဆင်းရဲခြင်း ချုပ်ငြိမ်းရာအမှန်ကို နိရောဓသစ္စာ (နိဗ္ဗာန်) ဟူ၍ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူပါသည်။ ဓမ္မစကြာသုတ်တွင် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟူ၍ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူပါသည်။ တဏှာ လောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာ ဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်း ကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်သော နိရောဓသစ္စာဟု ဆိုပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ မိုးကုတ် ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆ ချက် တရားတော်များမှ ထုတ်နုတ်၍ နိရောဓသစ္စာအကြောင်း ဖော်ပြလိုပါသေးသည်။

 နိဗ္ဗာန်ဟူသည် နိဿရဏဋ္ဌသဘော ရှိသည်။ နိဿရဏဋ္ဌဟူသည် ဒုက္ခဝဋ်မှ ကျွတ်လွတ်သည့် အနက်သဘောပင်။ နိဗ္ဗာန်ဟူသည် ဝဋ်သုံးပါးမှ ကျွတ်သည့်နေရာ ဖြစ်သည်။ ရုပ်နာမ်ခန္ဓာ ရှိနေပါက နိဗ္ဗာန် မဟုတ်ပေ။ ၀ိပါကဝဋ် ဖြစ်သည်။ ကုသိုလ်ကံ အကုသိုလ်ကံများ ရှိနေပါက နိဗ္ဗာန် မဟုတ်ပေ။ ကမ္မဝဋ် ဖြစ်သည်။ အဝိဇ္ဇာနှင့် တဏှာရှိနေလျှင်လည်း နိဗ္ဗာန် မဟုတ်ဘူး။ ကိလေသဝဋ် ဖြစ်သည်။ ဝဋ်ကျွတ်ရာဌာန (နိဗ္ဗာန်) မှာ ရုပ်နာမ် လုံးဝ မရှိပေ။ ရုပ်ရှိရှိ၊ နာမ်ရှိရှိ၊ ရုပ်နာမ်အတွဲရှိရှိ ၀ိပါကဝဋ် ဖြစ်သည်။ နိဗ္ဗာန်သည် ဝဋ်ကျွတ်ရာ ဌာနဟု ဆိုသဖြင့် ကုသိုလ်ကံ အကုသိုလ်ကံ၏ အစွမ်းသတ္တိ မရှိသည့်နေရာ၊ ကိလေသာ၏ အစွမ်းသတ္တိ မရှိသည့်နေရာ၊ ၀ိပါကဝဋ်နှင့်လည်း မဆက်သွယ်သည့် နေရာဖြစ်သည်။ နိဗ္ဗာန်သည် ဝဋ်သုံးပါးနှင့် မဆက်သွယ်ဘဲ သီးသန့်တည်ရှိမှု ဖြစ်သည်။   

သစ်ပင် တစ်ပင်၌ အမြစ်၊ ပင်စည်ပင်လုံးနှင့် အကိုင်းအခက် ဟူ၍ သုံးပိုင်းရှိသည်။ (၁) အဝိဇ္ဇာတဏှာ ဟူသည့် ကိလေသဝဋ်သည် ရေသောက်မြစ်နှင့် တူသည်။ (၂) ကမ္မဝဋ်သည် ပင်စည်၊ ပင်လုံးနှင့် တူသည်။ (၃) ရုပ်နာမ်ခန္ဓာ ဟူသည့် ၀ိပါကဝဋ်ကြီးသည် အကိုင်းအခက်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းအပင် (ခန္ဓာသစ်ပင်ကြီး) သေစေချင်လျှင် အမြစ်ကို ဖြတ်ရမည်။ ယင်းကိလေသာအမြစ်ကို ၀ိပဿနာဓား၊ မဂ်ဓားနှင့် ဖြတ်မှ ရမည်။ ၀ိပဿနာဓားဖြင့် ခုတ်ထားပြီး တည်းတည်းကျန်ချိန်တွင် မဂ်ဓားနှင့် ဖြတ်ရမည်။ မဂ်ဓားသည် ကိလေသာထု(ဒု) လွန်စွာကြီးနေပါက ဖြတ်၍မရပေ။    

ယင်းအမြစ်ကို ဖြတ်ရန် ဒါန၊ သီလ၊ သမထလောက်နှင့် မဖြစ်နိုင်ပေ။ ၀ိပဿနာဓား မဂ်ဓားနှင့် ဖြတ်မှရမည်။ ထို့ကြောင့် အမြစ်ဖြတ်ဆေးကို ယခုဘဝ၌ သောက်ဖြစ်အောင် သောက်၊ လုပ်ဖြစ်အောင် လုပ်လိုက်မှ စိတ်ချရပေမည်။ ယင်းအမြစ် (ကိလေသာ) မပြတ်သရွေ့ ၀ိပါကဝဋ်ထဲမှ ကိလေသဝဋ်က ပေါက်နေဦးမည်ပင်။ အမြစ်ပြတ်လျှင် အသီးများ မအောင်မြင်နိုင်တော့ပေ။ ဤကဲ့သို့ ဖြစ်ရန် ၀ိပဿနာအလုပ် လုပ်ရမည်။ ရှေးဦးစွာ ၀ိပဿနာ မဂ်ဉာဏ် ငါးပါးနှင့် လုပ်ပြီး နောက်ဆုံးတွင် မဂ်ဉာဏ် ရှစ်ခုနှင့် ဖြတ်ရမည်။ ထိုမှတစ်ပါး အခြားအမြစ်ဖြတ်ဆေး မရှိပေ။ ထို့ကြောင့် လှူဒါန်းသည့် အခါ၌လည်း ဤဝဋ်မှ ကျွတ်ရပါလို၏ဟု ဆိုကာ လှူရမည်။ ဝဋ်သုံးပါးမှ ကျွတ်လွတ်ချင်သည့် အလှူအတန်းမျိုး လုပ်လျှင် အထောက်အပံ့ရမည်မှာ သေချာသည်။     

ထို့ကြောင့် ကမ္မဝဋ် အားနည်းသွားအောင် ကိလေသဝဋ်ကို ဖြတ်လိုက်ရမည်။ ဖြတ်လိုက်၍ ကိလေသဝဋ် မရှိတော့လျှင် ကမ္မဝဋ်လည်း  မရှိတော့ပေ။ ၀ိပါကဝဋ်ကြီးလည်း မရှိတော့ပေ။ ထိုအခါ  ဝဋ်သုံးပါး ကျွတ်သွားသည်။ ယင်းဝဋ်သုံးပါး ကျွတ်သွားခြင်းဟူသည် နိဗ္ဗာန်ရောက်ခြင်း မည်ပါကြောင်း မိုးကုတ် ဆရာတော်ဘုရားကြီး၏ သစ္စာအနက်တရားတော်ကို The Daily Eleven သတင်းစာက ဖော်ပြအပ်ပါသည်။

ဇူလိုင် ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent