ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်လက်အောက်မှာ ဘာတွေ ဖြစ်လာမလဲ

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်လက်အောက်မှာ ဘာတွေ ဖြစ်လာမလဲ
Published 28 July 2019
နရီမင်း

ဥရောပသမဂ္ဂက ဘရီးဇစ်သဘောတူညီချက်ကို ပြန်လည်ရေးဆွဲရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရန် နောက်ဆုံးနေ့ဖြစ်သော အောက်တိုဘာ ၃၁ ရက်သို့ ချဉ်းကပ်လာနေချိန်၌ ဖြစ်နိုင်ဖွယ် ဇာတ်ညွှန်းများကို အောက်ပါအတိုင်း တင်ပြလိုက်ရပါသည်။

သဘောတူညီချက်တစ်ရပ်နှင့် ဘရီးဇစ်

သူ၏ရှေ့မှ ဝန်ကြီးချုပ်ဖြစ်သူ ထရီဆာမေ၏ ဥရောပသမဂ္ဂနှင့် သဘောတူစာချုပ်ကို ဥပဒေပြုအမတ်များက အတည်ပြုပေးနိုင်ခြင်းမရှိသောကြောင့် ဂျွန်ဆင်က ပြန်လည်စေ့စပ်ညှိနှိုင်းမည်ဟု ကတိပြုခဲ့သည်။

သဘောတူညီချက်၏ တံတိုင်းအပိုဒ်ဟုခေါ်ဆိုသောအရာကို ဖယ်ရှားရေး ကြိုးပမ်းရန် သက်သာစေမည့် အပိုင်းတစ်ရပ်အဖြစ် ဗြိတိန်က ပေးရမည့် ခွဲထွက်ကြေးကို ပြန်လျှော့ရန် ဂျွန်ဆင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိုင်ယာလန်နှင့် မြောက်အိုင်ယာလန်တို့အကြား တင်းကျပ်သည့် နယ်ခြားတစ်ရပ်ကို ကာကွယ်ရန်အတွက် ယင်းအပိုဒ်ကို စီစဉ်ရေးဆွဲထားခြင်းဖြစ်သည်။

သို့သော် ဝေဖန်သူများက ယင်းသည် ဗြိတိန်ကို ဥရောပသမဂ္ဂအား အလွန်တင်းကျပ်စွာ ဆက်လက်ဖက်တွယ်ထားမှုဖြင့် အဆုံးသတ်သွားစေနိုင်သည်ဟု အခိုင်အမာပြောဆိုခဲ့ကြပြီး လွှတ်တော်အမတ်များက ယင်းသဘောတူညီချက်ကို သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ရခြင်း၏ အဓိကအကြောင်းခြင်းရာလည်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းရေး အကြီးအကဲ မီရှယ်ဘန်နီယာက ယင်းတံတိုင်းအပိုဒ်ကို ပြန်လည်စေ့စပ်ညှိနှိုင်းရန် ဘောရစ်ဂျွန်ဆင်၏ တောင်းဆိုချက်သည် ရလုဆဲဆဲ အောင်မြင်မှုအား မဖြစ်နိုင်အောင် လုပ်ခြင်းဖြစ်၍ လက်ခံနိုင်ဖွယ်မရှိဟု တုံ့ပြန်ခဲ့သည်။

ယင်းအစား ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ ထွက်ခွာပြီးနောက် အနာဂတ်ကုန်သွယ်မှု ဆက်ဆံရေးနှင့်ပတ်သက်၍ ချိတ်ဆက်မှုမရှိသော နိုင်ငံရေးကြေညာချက်ကို ပြန်လည်ရေးသားရန် ဥရောပသမဂ္ဂက လိုလားသည်ဟု ပြောကြားခဲ့သည်။

ဘရီးဇစ် သဘောတူညီချက် မရခြင်း

အောက်တိုဘာ ၃၁ ရက်သို့အရောက်တွင် သဘောတူညီချက် မရရှိခဲ့ပါက အချိန်ကိုက်အဆင့်ဆင့် ပြုလုပ်သည့် အစီအစဉ်မပါဘဲ ဥရောပသမဂ္ဂမှ ထွက်ခွာရမည့် ဗြိတိန်နိုင်ငံအတွက် ဥပဒေကြောင်းအရ ပျက်ကွက်သူအနေအထားမျိုးသို့ ရောက်ရှိသွားမည်ဖြစ်သည်။

သို့သော် လွှတ်တော်အမတ်အများစုက ယင်းကဲ့သို့သော လမ်းကြောင်းမျိုးကိုလည်း ဆန့်ကျင်ကြသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးပျက်ကပ် ကြုံရနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားကြသောကြောင့် ဖြစ်သည်။

ဂျွန်ဆင်က သဘောတူညီချက်မပါလည်း ဖြစ်သည့်နည်းဖြင့် ဥရောပသမဂ္ဂမှနေ၍ ထွက်ခွာမည်ဟု ကတိပေးထားခဲ့ပြီး ယင်းအနေအထားသည် သူ၏ ပါတီမှ လွှတ်တော်အမတ်များစွာတို့နှင့်ပင် ထိပ်တိုက်ရင်ဆိုင်ရနိုင်ပြီး သူ၏ ကျဉ်းမြောင်းစွာ အနိုင်ရရှိ ထားမှုအပေါ်လည်း ခြိမ်းခြောက်လျက်ရှိသည်။

လွှတ်တော်အမတ်များအတွက် အချိန်ကုန်ဆုံးသွားပြီဖြစ်ပြီး သဘောတူညီချက်မရခြင်းကို ဆန့်ကျင်ရန် ဥပဒေပြုရေးလုပ် ငန်းစဉ်သည်လည်း အချိန်မရတော့ပြီဖြစ်ရာ ဂျွန်ဆင်၏ ပါတီမှလွှတ်တော်အမတ်များအနေဖြင့် အယုံအကြည်မရှိအဆို တင်သွင်းရေး မဲပေးမှုဆီ သွားရောက်ပူးပေါင်းနိုင်သည့် အလားအလာရှိသောကြောင့် ပါလီမန် ပြန်လည်စတင်သည့် စက်တင်ဘာလတွင် အစိုးရအဖွဲ့ ပြိုလဲသွားဖွယ်ရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲ

ထို့ကြောင့် လူအများအပြားက ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပခြင်းက ဖြစ်လုဆဲဆဲ အနေအထားသို့ ရောက်ရှိနေပြီဟု ယုံကြည်ကြခြင်းဖြစ်သည်။

သို့သော် အချိန်အတိုင်းအတာသည် လူအများအတွက် ငြင်းခုံစရာ ရင်းမြစ်တစ် ရပ်ဖြစ်၍နေသည်။

တရားဝင် လွှတ်တော်မှတ်တမ်းများအရ အယုံအကြည်မရှိအဆို မဲခွဲမှုအောင်နိုင်ခြင်းနှင့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခြင်းတို့အကြား အနည်းဆုံးယူရမည့်အချိန်ကာလသည် ၅၁ ရက်ဖြစ်ကြောင်း သိရသည်။

ယင်းအဓိပ္ပာယ်မှာ ဗြိတိန်အနေဖြင့် သဘောတူညီချက်မပါဘဲ ဥရောပသမဂ္ဂမှ ထွက်ခွာရန် နောက်ဆုံးအချိန်မတိုင်မီ ၎င်းတို့အနေဖြင့် အစိုးရသစ်တစ်ရပ်ကို ကြိုဆိုမည်ဆိုပါက လွှတ်တော်အမတ်များအနေဖြင့် ပြန်လည်နောက်ဆုတ်လိုက်သည့် ပထမဆုံး သီတင်းပတ်၌ပင်လျှင် ဥပဒေပြုရလိမ့် မည်ဟူသည့် သဘောဖြစ်သည်။

အခြားနည်းလမ်းအားဖြင့်ကြည့်လျှင် ဂျွန်ဆင်ကိုယ်တိုင်အနေဖြင့် အားနည်းသော အတိုက်အခံများအပေါ် အခွင့်ကောင်းယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး သဘောတူညီချက်မပါဘဲ နုတ်ထွက်ရေးအတွက် လုပ်ပိုင်ခွင့်တစ်ရပ်ရရန် မျှော်လင့်ကာ မဲခွဲရေးတစ်ရပ်ကို တောင်းဆိုရမည်ဖြစ်သည်။ ယင်းကိစ္စမှာလည်း လွှတ်တော်၏ အတည်ပြုချက် လိုအပ်သော နောက်ဆက်တွဲ ဥပဒေပြုရေးဖြစ်သည်။

362585-01-02.jpg

ဇူလိုင် ၂၇ ရက်က  မန်ချက်စတာမြို့ရှိ သိပ္ပံနှင့် စက်မှုပြတိုက်၌ မိန့်ခွန်းပြောနေသည့် ဂျွန်ဆင်ကို တွေ့ရစဉ်

ပါလီမန်ကို ဖျက်သိမ်းမှုမပြုဘဲ ရပ်ဆိုင်းခြင်း

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များအနေဖြင့် သဘောတူညီချက်မပါဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်းကို ဆန့်ကျင်ကြသော်လည်း အတိုက်အခံ လေဘာပါတီ၏ ခေါင်းဆောင်လက်ဝဲဝါဒီ ၀ါရင့်နိုင်ငံရေးသမား ဂျရမီကော်ဘင်ကို အခွင့်အရေးပေးရနိုင်သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရေးကိုလည်း မလိုလားကြပေ။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကမူ စက်တင်ဘာ၌ လွှတ်တော်အမတ်များ ပါလာသည့်အခါ ယင်းကဲ့သို့ ဖြစ်မည်ကို ကာကွယ်နိုင်ရေးအတွက် ဥပဒေပြုနိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။

ယင်းကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်ယှဉ်ပြိုင်ရန်အတွက် ဂျွန်ဆင်သည် ပါလီမန်ယာယီရပ်ဆိုင်းရေး လမ်းကြောင်းကို ပယ်ချခြင်းမပြုသေးပေ။ ယင်းကို Proguing ဟု ခေါ်ပြီး အဓိပ္ပာယ်မှာ သဘောတူညီချက်မပါဘဲ နုတ်ထွက်ရေးကို ကာကွယ်မည့် မည်သည့်ဥပဒေပြုမှုကိုမျှ အတည်မပြုနိုင်ခြင်းဖြစ်သည်။

သို့သော် ဂျွန်ဆင်၏ လုပ်ပိုင်ခွင့်အတွင်း၌ ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးသည် အလွန်အမင်း အငြင်းပွားဖွယ်ရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။ အယ်လိဇဘတ်-၂ ဘုရင်မကြီးကို တိုက်ပွဲထဲ ဆွဲသွင်းရမည်ဖြစ်ပြီး ဥပဒေကြောင်းအရ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရဖွယ်ရှိသည်။

ဒုတိယမြောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ

ဂျွန်ဆင်အနေဖြင့် သဘောတူညီချက်မပါဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးအတွက် လုပ်ပိုင်ခွင့်ရရန် နောက်ထပ်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ရပ် ခေါ်ယူနိုင်သည်။ သို့သော် ဘရီးဇစ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယင်းလမ်းကြောင်းကို ငြင်းဆိုနိုင်သည်။

သက်တမ်းတိုးခြင်း

မည်သို့ပင်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်တွင် ဗြိတိန်နုတ်ထွက်မည်ဟု ဂျွန်ဆင်က ကတိပြုထားသည်။ သို့သော် အခွင့်မသာခဲ့ပါက ၎င်းအနေဖြင့် နောက်ဆုံးရက်သတ်မှတ်ခြင်းကို သက်တမ်းချဲ့ထွင်ရန် တောင်းဆိုလိမ့်မည်မဟုတ်ဟု သဘောထားတင်းမာသူ ဥရောပသမဂ္ဂဆန့်ကျင်ရေးသမားများက ယခုအထိ အသေစွဲမှတ်ထားခြင်းမရှိသေးပေ။

အပုဒ် ၅၀ ကို ပြန်လည်ရုပ်သိမ်းခြင်း

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရန်အတွက် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော အပိုဒ် ၅၀ ကို ရုပ်သိမ်းခြင်းအားဖြင့် ဘရီးဇစ်လုပ်ငန်းစဉ်ကို တစ်ပိုင်းတစ်စ ဖျက်ပစ်ရန်လည်း လွှတ်တော်အမတ်များက ဂျွန်ဆင်ကို ဝိုင်း၍ ဖိအားပေးနိုင်သည်။

၂၀၁၆ ခုနှစ် မဲပေးမှု၌ လွှတ်တော်အမတ်အများစုက ဥရောပသမဂ္ဂတွင် ဆက်နေရန် မဲပေးကြသော်လည်း ယင်းကဲ့သို့သော လမ်းကြောင်းမျိုးကို ထောက်ခံမဲပေးမည့် လွှတ်တော်အမတ်များ အလုံအလောက် ရှိလိမ့်မည်ဆိုသည့် အချက််မှာ မသေချာပေ။ အထူးသဖြင့် ဘရီးဇစ်ကို ထောက်ခံမဲပေးခဲ့ကြသည့် မဲဆန္ဒနယ်မြေများကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်များက ထောက်ခံကြတော့မည် မဟုတ်ပေ။

Most Read

Most Recent