သမုဒယသစ္စာဟူသည် . . .

သမုဒယသစ္စာဟူသည် . . .
Published 27 July 2019

“သမုဒယ” ၏ အနက်အဓိပ္ပာယ်ကို တွယ်တာနှောင်ဖွဲ့ခြင်းဟု သိမှတ်နိုင်သည်။ သစ္စာသည်ကား အမှန်စင်စစ်ဟု ဆိုနိုင်သည်။ နှစ်သက်သာယာပြီး ဆာလောင်နေသော တဏှာသည် “သက္ကာယ” ဟုခေါ်သည့် ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာဖြစ်ပွားရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ဒသမကျမ်းစာ “အနာဂတ်သာသနာရေးစာအုပ်” မှနေ၍ သမုဒယသစ္စာ၏အကြောင်းကို ကိုးကားဖော်ပြလိုပါသည်။

ဒုက္ခတို့သည် အကြောင်းမဲ့သက်သက် ဖြစ်ရသည်မဟုတ်။ ဗြဟ္မာမင်းအစရှိသူတို့ ဖန်ဆင်းမှုကြောင့် ဖြစ်ရခြင်းလည်းမဟုတ်။ သမုဒယဟုခေါ်သော တဏှာလောဘကြောင့်သာ ဖြစ်ရသည်။ သတ္တဝါတို့၌ မိမိကိုယ်ကိုယ် နှစ်သက်တွယ်တာမှု (တဏှာ)သည် လွန်စွာအားကြီး၏။ “သူများကို ချစ်ပါသည်” ဟု ဆိုသော်လည်း ထိုအချစ်ခံရသူက မိမိအလိုကို ဖြည့်ပေးခြင်းနှင့် မိမိ၌ရှိသော တဏှာ၏ အလိုမကျ ဖြစ်နေခြင်းတို့ကြောင့် သူ့ကိုချစ်ရခြင်းဖြစ်သည်။ မိဘက သားသမီးကိုချစ်သည်ဟုဆိုရာ၌ သားသမီးတို့ကို ကြည့်နေရလျှင် မိမိသန္တာန်တဏှာသည် သာသာယာယာရှိ၏။ ထို့ကြောင့် မိဘက သားသမီးကိုချစ်၏။ ထိုချစ်ပါသည်ဟု ဆိုရသော သားသမီးက မိမိနာမည်ပျက်အောင်၊ စီးပွားဆုတ်ယုတ်အောင် လုပ်လိုက်လျှင် ထိုသားသမီးအပေါ်၌ အချစ်လျော့သွား၏။ ကျပ်ကျပ် အပြစ်ပြုသောအခါ ထိုသားသမီးကို မုန်း၍ပင်လာသည်။ “သားသမီးအပေါ်တဏှာချစ်ကင်း၍ ဒေါသဖြစ်လာသည်” ဟုဆိုရသည်။ ဇနီးခင်ပွန်းအချင်းချင်း ချစ်ကြခြင်း မုန်းကြခြင်းများလည်း ဤနည်းနှင်နှင်သာတည်း။ အမှန်မှာ “အတ္တသမံပေမံနတ္ထိ= ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနှင့် တန်းတူသော ချစ်ခြင်းမရှိ” ဟူ၍ မှတ်ရမည်။

ဘဝသစ်ကို ဖြစ်စေသော တဏှာပြခဲ့သော နည်းအရ မိမိကိုယ်ကိုယ်သာ နှစ်နှစ်ကာကာ ချစ်ခြင်းဖြင့် တစ်ဘဝလုံး ချစ်၍နေခဲ့လေရာ သေကာနီးလတ်သော်လက်ရှိ ချစ်စရာအာရုံဟူသမျှ စွန့်လွှတ်ရတော့မည့်အရေးကို မျှော်တွေးစပြုကာ လွန်စွာဒုက္ခရောက် ကြရ၏။ ချစ်စရာများသာမက ချစ်စရာအားလုံး၏ အရင်းဆုံးဖြစ်သော မိမိခန္ဓာကိုယ်သော်မှ စွန့်လိုက်ရတော့မည့်အရေးကို တွေးမိကြ၏။ ဤသို့ တွေး၍ကြောက်နေရုံနှင့် မပြီးသေးပေ။ နောက်ဆုံး စုတေချိန်တွင် မလွှတ်ချင် လွှတ်ချင်နှင့် ဤခန္ဓာကိုယ်ကို လွှတ်ရတော့မည့် အခြေသို့ ရောက်လေသော်  ဤခန္ဓာကိုယ်၌ တွယ်တာမှုတဏှာပြတ်၍ အသစ်ထပ်မည့် ခန္ဓာကိုယ်ပေါ်ဝယ် (သေတော့မည့်ဆဲဆဲမှနေ၍) မှန်းမျှော်တွယ်တာပါလေ တော့သည်။ ဤသို့လျှင် ဤဘက်သေခါနီးဆဲဆဲမှနေလည်း ဘဝသစ်ခန္ဓာကိုယ်အပေါ်ဝယ် မှန်းမျှော်တွယ်တာလျက်ရှိခြင်းနှင့် ကုသိုလ်ကောင်းမှု ပြုစဉ်ကလည်း ဘဝအသစ်၌ ကောင်းကောင်းဖြစ်နိုင်ဖို့ရာ မသိမသာဖြစ်စေ၊ “လူချမ်းသာ ဖြစ်ရပါလို၏” ဟု အစရှိသဖြင့် သိသိသာသာဖြစ်စေ တွယ်တာတမ်းတ မှန်းဆလျက်ရှိနေခြင်းတို့ကြောင့် ကံအစွမ်းဖြင့် ဘဝသစ်၍ ဇာတိအသစ် ဖြစ်ပေါ်ရလေသည်။ အကုသိုလ်ကံ အကျိုးပေးခံရမည့် သူများလည်း “ပင်လယ်ထဲ ရေနစ်ရာမှ ပေါ်အလာဝယ် ဆွဲမိဆွဲရာ ဆွဲတတ်၍ မိကျောင်းကြီးများ ပင်ဖြစ်သော်လည်း ပထမသော် ဖက်မိကြသကဲ့သို့” သေကာနီး၌ မကောင်းဆိုးဝါးဖြစ်တော့မည့် အနာဂတ်ခန္ဓာကိုယ်ကိုသော်လည်း လက်ရှိခန္ဓာကိုယ် လွှတ်ကာနီး၌ တဏှာဖြင့် လှမ်းမျှော်၍ ဖက်မိပါသေးသည်။ ဤသို့လျှင် ကံကြောင့် ဘဝသစ်၌ ဖြစ်ရသော်လည်း တဏှာ၏တောင့်တမှုကြောင့်သာ ဖြစ်ရသည်၊ တဏှာကုန်ခန်းသော ရဟန္တာတို့မှာ ကံအပြည့် ရှိသော်လည်း ဘဝသစ် မဖြစ်တော့သဖြင့် ဘဝသစ်ကို ဖြစ်စေတတ်သူ လက်သည်ကို ရှာသောအခါ ဤတဏှာအပေါ်မှာသာ သတ္တုကျတော့၏။ ထို့ကြောင့် သမုဒယတဏှာကို “ဘဝအသစ်ကို ပြုလေ့ရှိသည်” ဟု မိန့်တော်မူသည်။

တဏှာသုံးမျိုးရှိရာ ကာမတဏှာဟူသည် ယခုလူတို့၌ ဖြစ်ရိုးဖြစ်စဉ် ကာမဂုဏ်အာရုံများကို (သားသမီးနှင့် ပစ္စည်းဥစ္စာ စသည်ကို) တွယ်တာသော တဏှာတည်း။ ဤဘဝ ခန္ဓာကိုယ်ကို မြဲ၏ဟု ယူဆနေသော ဒိဋ္ဌိသည် သဿတဒိဋ္ဌိမည်၏၊ ထိုဒိဋ္ဌိကိုပင် ဘဝဒိဋ္ဌိဟုခေါ်၏။ ထိုဘဝဒိဋ္ဌိနှင့်အတူဖြစ်သော တဏှာသည် ဘဝတဏှာမည်၏။ ဤဘဝခန္ဓာကိုယ်ကိုပင် သေလျှင်ပြတ်၏ဟု ယူဆသော ဒိဋ္ဌိသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ ၀ိဘဝဒိဋ္ဌိလည်း ခေါ်၏။ ထိုဝိဘဝဒိဋ္ဌိနှင့်အတူဖြစ်သော တဏှာသည် ၀ိဘဝတဏှာမည်၏။ ထိုတဏှာကို အရင်းခံ၍ ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကို ပြုမိကြပြန်ရာ ထိုကံကြောင့် ဘဝသစ်၌ ဇာတိဖြစ်ရပြန်၏။ ဇာတိရှိလျှင် ဇရာဗျာဓိ မရဏဒုက္ခတို့လည်း ဖြစ်ရသောကြောင့် ဇာတိဒုက္ခ စသည်တို့၏ အကြောင်းရင်းသည် ဤတဏှာ သမုဒယပင်တည်း။ တဏှာကြောင့် ချစ်သူဟူ၍ ရှိရသည်။ ထိုချစ်သူနှင့် ကွဲ၍ဒုက္ခရောက်ရသည်။ တဏှာကြောင့် ဟိုဟာသည်ဟာ လိုချင်ရသည်။ လိုချင်၍ မရသောကြောင့် ဒုက္ခရောက်ရသည်။ တဏှာကြောင့်  ဤခန္ဓာကိုယ်အသစ် (ဥပါဒါနက္ခန္ဓာ)ကို ရရှိရသည်။ ထိုဥပါဒါနက္ခန္ဓာကို ရရှိသောကြောင့် ဒုက္ခအမျိုးမျိုး ရောက်ရသည်။

ဤသို့ဖြင့် ဒုက္ခအားလုံး၏ အရင်းခံတဏှာကို “သမုဒယသစ္စာ” ဟု  ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent