ဘဏ္ဍာနှစ် ကိုးလကျော်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်လျော့ကျ

ဘဏ္ဍာနှစ် ကိုးလကျော်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော်လျော့ကျ
မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 14 July 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူူ တစ်ဦးက ပြောကြားသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဇူလိုင် ၅ ရက်အထိ သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၇,၉၉၂,၅၃၇ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၇၇၀ သန်း (၂ ဒသမ ၇၇ ဘီလျံ) ရရှိထားတယ်” ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခင်နှစ် ကာလတူတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၄၉,၆၉၅,၄၉၅ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၀၂ ဘီလျံကျော် ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ကုဗပေ ၁၅၁,၇၀၂,၉၅၈ လျော့ကျခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၅၉၃ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

အစိုးရသက်တမ်း တတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်း အနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်း ရေနံစိမ်းစည် ၃ဒသ မ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၆၂၃,၀၀၀ ကျော် အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာ ကာကလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်း နှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီးရေနံ စိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေ သန်းထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ(လေဆီ)စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယ တစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန် ရေနံစိမ်းစည် စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၂၃,၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်း လုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန် ၁၅ ကွက်တွင် A-2၊ AD-4၊ AD-10၊ AD-12၊ AD-13၊ AD-14၊ AD-15၊ AD-16၊ M-1၊ M-10၊ M-16၊ MD-1၊ MD-3၊ MD-6၊ MD-8 တို့ဖြစ်ကြောင်း Rakhine Investment Opportunity Survey တွင် ဖော်ပြထားကြောင်း သိရသည်။

 

Most Read

Most Recent