ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်နှင့် တွေ့ဆုံခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်နှင့် တွေ့ဆုံခြင်း
Published 7 July 2019
နီလာ

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာလတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်း စတင်ဆောင်ရွက်မည်ဖြစ်သည်။ မိုးပျံအမြန်လမ်းနှင့် မြို့တော်ပြင်ပပတ်လမ်းစီမံကိန်းတို့၏ ရင်းနှီးမြှုပ်နှံမှု၊ အနာဂတ်ရည်မှန်းချက်၊ အကောင်အထည်ပေါ်လာပါက ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာအပေါ်  အတိုင်းအတာမည်မျှအထိ ဖြေရှင်းပေးနိုင်ဖွယ်ရှိသည်တို့အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံးစမေးချင်တာက ရန်ကုန်မိုးပျံအမြန်လမ်းဆိုတာနဲ့ ရန်ကုန်မြို့ပြင်ပတ်လမ်း စီမံကိန်းဆိုတာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တယ်ဆိုတာ စပြီးသိချင်ပါတယ်။

ဖြေ - ရန်ကုန်မိုးပျံအမြန်လမ်းဆိုတာက  Yangon Inner Road ကို ပြောတာပါ။ ရန်ကုန်မြို့ပြင်ပတ်လမ်းဆိုတာက Yangon Outer Ring Road ကို ဆိုလိုတာပါ။ ဒီ Yangon Inner Ring Road(YIRR)နဲ့ Yangon Outer Ring Road (YORR) ဆိုတာက YUTRA ဆိုတဲ့ Master Plan မှာပါတဲ့ စီမံကိန်းတွေပါ။ တကယ်တော့ ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်ကို YUTRA Master Plan မှာ သုံးပိုင်းခွဲထားပါတယ်။ ပထမအပိုင်းက Urban At-grade Networks ဖြစ်တယ်။ သူက ယခုလက်ရှိ ရန်ကုန်မြို့မှာရှိပြီးဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးက စီမံကွပ်ကဲနေတဲ့ လမ်းတွေပေါ့။ ဒုတိယက ရန်ကုန်မြို့တော်မှာရှိရမယ့် အမြန်လမ်းကွန်ရက်တွေဖြစ်တဲ့ Urban Expressway Network နဲ့ Urban Public Trasportation Networks ဆိုတဲ့ မြို့ပြဆိုင်ရာ အများပြည်သူ သယ်ယူပို့ဆောင်ရေးကွန်ရက်ဆိုပြီးရှိတယ်။ နိုင်ငံရဲ့ အခြေခံဥပဒေအရ ပထမကွန်ရက်ကတော့ ရန်ကုန်မြို့တော်စည်ပင်က တာဝန်ယူရတယ်။ ဒုတိယကွန်ရက်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူရတယ်။ တတိယကွန်ရက်ကတော့ YBS နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရပြီး မြို့ပတ်ရထားနဲ့ YUMRT ဆိုတဲ့ ရန်ကုန်မိုးပျံရထား သယ်ယူပို့ဆောင်ရေးတို့ကိုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က တာဝန်ယူ ဆောင်ရွက်ရပါတယ်။ ဘယ်လိုပဲ တာဝန်ယူဆောင်ရွက်ရပါစေ အဓိကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်တွေကို ပြည်ထောင်စု အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးတဲ့ သဘောပါ။ ဒီ  Inner Ring နဲ့ Outer Ring နှစ်ခုကလမ်း၊ တံတားဆိုင်ရာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ Road Transport Infrastructure Development ဆိုပြီး တူညီပေမယ့် ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကတော့ မတူပါဘူး။ Inner Ring Road က Regional Development ဘက်များပြီး Outer Ring Road က National Development ကို ဦးတည်တယ်။

မေး - ဒီစီမံကိန်းနှစ်ခုမှာ ဘယ်စီမံကိန်းကိုအရင် စတင်မှာလဲ။ ၂၀၂၀ မှာ စီမံကိန်းတွေ စတော့မှာလား။

ဖြေ - ဒီစီမံကိန်းနှစ်ခုမှာ Inner Ring Road က PPP ဆိုတဲ့ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်။ အဓိပ္ပာယ်က အဓိကအနေဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အစိုးရရဲ့ အာမခံချက်များနဲ့ ဆောင်ရွက်မှာဖြစ်တယ်။ ဒီစီမံကိန်းရဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်သွားပြီး စီမံကိန်းကို ၂၀၂၀ မှာ စတင်ဖို့ရည်မှန်းထားတယ်။ Outer Ring Road ကတော့ National Economic Development  ကို ဦးတည်တယ်။ သူကGMS East-West Economic Corridor  အပိုင်းနဲ့ ပတ်သက်တယ်။ ပြောရရင် တောင်တရုတ်ပင်လယ် ကမ်းခြေဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းကနေ လာအိုနိုင်ငံကိုဖြတ်၊ ထိုင်းနိုင်ငံ စက်မှုဇုန်တွေကို ဖြတ်ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန်ဆိပ်ကမ်း။ အဓိက သီလဝါစက်မှုဇုန်ကို ဆက်သွယ်မယ့်လမ်းပေါ့။ တစ်နည်းအားဖြင့် တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ကုန်းတွင်းအရ ဆက်သွယ်ပေးမယ့်လမ်းပေါ့။ ဂျပန်နိုင်ငံအနေနဲ့ဆိုရရင် ထိုင်းနိုင်ငံ ဘန်ကောက်နားမှာရှိတဲ့ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ စက်မှုဇုန်၊ စီးပွားရေးဇုန်တွေနဲ့ မြန်မာနိုင်ငံက သီလဝါစက်မှုဇုန်တို့ကို အပြန်အလှန်ပေါင်းစည်းမှု (Complementary Strategy) အရ အရေးပါတဲ့ စီမံကိန်းပဲဖြစ်တယ်။

မေး - စီမံကိန်းအတွက် အခုက Tinder Process ပေါ့နော်။ Project Proposal တင်ပြီး ရွေးမယ့်အကြောင်းပေါ့။ အခုကုမ္ပဏီ ၁၀ ခုထဲမှာ အများစုက တရုတ်ကုမ္ပဏီတွေနော်။ လုပ်ကိုင်ခွင့်ရကုမ္ပဏီကို ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပုံစံနဲ့ ရွေးချယ်သွားမလဲ။

ဖြေ - Inner Ring Road ဆိုတဲ့ ရန်ကုန်မိုးပျံအမြန်လမ်းအတွက် ရင်းနှီးမြှုပ်နှံမှုကို တင်ဒါခေါ်ပြီး ရွေးချယ်နေတဲ့အဆင့်ပေါ့။ တကယ်တော့ ခုခေတ်မှာ စီးပွားရေးနဲ့ ပတ်သက်ပြီး National Brand သတ်မှတ်တာက မရှိတော့ပါဘူး။ ကျွန်တော်တို့ ဦးတည်ထားတာက နိုင်ငံနဲ့ လူမျိုးအကျိုးရှိမှုပဲ။ ဥပမာဆိုရရင် ခု ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားရဲ့ အဓိကကန်ထရိုက်တာက ကိုရီးယားကုမ္ပဏီဖြစ်ပေမယ့်Sub Contractor က တရုတ်ကုမ္ပဏီလည်း ပါမှာပေါ့။ အဓိက ကျွန်တော်တို့ ဦးတည်ရမှာက တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိရေးပါပဲ။ ခု ရန်ကုန်မိုးပျံအမြန်လမ်းရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရွေးချယ်တဲ့နေရာမှာ  IFC ကို တာဝန်ပေးထားပါတယ်။  IFC ဆိုတာက World Bank Group ရဲ့ အဖွဲ့ဝင်ပါ။ သူတို့က မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် အကျိုးရှိ၊ ထိရောက်မည့်ရင်းနှီးမြှုပ်နှံသူကို ရွေးချယ်ဖို့ အကြံပေးနေတာပါ။ ဒါကြောင့်လည်း အချိန်ယူနေရတာပါ။

မေး - ရန်ကုန်မြို့ပြင်ပတ်လမ်းဆိုတာ ဘယ်ကနေစပြီး ဘယ်မှာဆုံးမယ်။ ဘယ်လိုပုံစံပေါ့။ အဲဒါလည်း သိချင်ပါတယ်။

ဖြေ - ရန်ကုန်မြို့ပြင် အပြင်ပတ်လမ်းဆိုတာက ရှင်းလင်းစွာပြောရရင် ရန်ကုန်မြို့တော်ကြီးကို အပြင်ကနေပတ်တဲ့ လမ်းပေါ့။ သူ့မှာ အပိုင်းလေးပိုင်းပါဝင်တယ်။ အရှေ့ဘက်ခြမ်းဆိုတာက သီလဝါစက်မှုဇုန် လှည်းကူးမြို့နယ် အပိုင်းပေါ့။ ပျမ်းမျှ ၆၅ ကီလိုမီတာရှိမယ်။ လှည်းကူး-မှော်ဘီ-ရွှေပြည်သာ အပိုင်းက မြောက်ဘက်ခြမ်း၊ ရွှေပြည်သာ-လှိုင်သာယာ-တွံတေးခြမ်းက အနောက်ဘက်ခြမ်းနဲ့ တွံတေး-ဒလ အခြမ်းက တောင်ဘက်ခြမ်း စုစုပေါင်းအနေနဲ့ ၁၄၀ ကီလိုမီတာတော့ ရှိလိမ့်မယ်။

မေး - အဲဒီ ရန်ကုန်မြို့ပြင်ပတ်လမ်းအတွက် ရင်းနှီးမြှုပ်နှံမှုက ဘယ်လိုပုံစံနဲ့သွားမှာပါလဲ။ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလား။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာလား။ ဆိုလိုတာက ODA Loan လိုမျိုးလား။ အဲဒီလိုမျိုးကို သိချင်တာပါ။

ဖြေ - ဒီရန်ကုန်မြို့ပတ်လမ်းက ရန်ကုန်မိုးပျံအမြန်လမ်းနဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံကွာတယ်။ အဓိကတော့ ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာမတူကြဘူး။ ရန်ကုန်မိုးပျံ အမြန်လမ်းကပြောရရင်  Demand နောက်ကို လိုက်ရတာ။ ရန်ကုန်မြို့ အပြင်ပတ်လမ်းက ဖွံ့ဖြိုးမှုဆိုတဲ့  Demand ကို ရည်ရွယ်ပြီးဆောင်ရွက်ရတာ။ ဒါကြောင့် ရန်ကုန်မြို့ အပြင်ပတ်လမ်းက ရင်းနှီးမြှုပ်နှံမှုအဆင့် နှစ်ဆင့်ခွဲလိုက်တယ်။ ပထမအဆင့်က အဝေးပြေးလမ်း ပုံစံဖြစ်ပြီး ဒုတိယအဆင့်က အမြန်လမ်းပုံစံဖြစ်တယ်။ ပထမအဆင့် အဝေးပြေးလမ်းကိုတော့ နိုင်ငံတော်က ဖွံ့ဖြိုးရေး ချေးငွေယူပြီး ရင်းနှီးမြှုပ်နှံမယ်။ ဒေသဖွံ့ဖြိုးမှု အဆင့်တစ်ခုရောက်ပြီး Demand တက်လာပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ PPP နဲ့ ဆောင်ရွက်မယ်။

မေး - ရန်ကုန်မိုးပျံအမြန်လမ်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေကိုလည်း သိချင်ပါတယ်။

ဖြေ -  ယခု ရင်းနှီးမြှုပ်နှံမှုခေါ်တဲ့ ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) က ပမာဏအနေနဲ့ ကြီးမားတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်လည်း ပထမဦးဆုံးလမ်း၊ တံတားဆိုင်ရာ PPP ရင်းနှီးမြှုပ်နှံမှုပါ။ ခုညှိနှိုင်းနေရတာက အစိုးရဘက်က ပေးရမယ့် အာမခံချက်တွေ။ ဥပမာ လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက အစိုးရထံက တောင်းတာက ထုတ်လုပ်တဲ့ လျှပ်စစ်ကိုဝယ်ပေးရမယ့် အာမခံချက်ပေါ့။ ဒီအာမခံချက်ရမှ သူတို့က လာရင်းနှီးမြှုပ်နှံကြတာ။ ခုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒီလိုအာမခံချက်တွေကို တောင်းကြတာပေါ့။ ကျွန်တော်တို့က မပေးနိုင်ဘူး စသဖြင့်ပေါ့။ ဒီလို ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ သဘောတူညီချက် စာချုပ်မှာပါရမယ့် အကြောင်းအရာတွေကို ညှိနှိုင်းနေရတာ။ ဒါပေမဲ့  ဒီနှစ်အောက်တိုဘာလမှာတော့ အနိုင်ရတဲ့ ရင်းနှီးမြှုပ်နှံမယ့်သူကို ရွေးချယ်ထုတ်ပြန်မှာပါ။

မေး - ဒီမြို့ပြင်ပတ်လမ်း၊ မိုးပျံအမြန်လမ်းတွေရဲ့ တည်ဆောက်ရေးကာလ ဘယ်လောက်လောက်ကြာမြင့်မလဲ။ အဲဒီတည်ဆောက်ရေးကာလမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်ဖို့ရော ဘယ်လိုစီစဉ်ထားတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ - ယခု ရန်ကုန်မိုးပျံ အမြန်လမ်း အပိုင်း (၁) ကိုတော့ တည်ဆောက်ရေးကာလ နှစ်နှစ်ခွဲကနေ သုံးနှစ်လို့ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။ တည်ဆောက်ရေးကာလမှာ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက်လည်း ယခုလက်ရှိ ယာဉ်သွားလမ်း အကျယ်အတိုင်း ရှိစေရေးကို စီမံချက် ရေးဆွဲထားပါတယ်။

မေး - ဒီလမ်းတွေ တည်ဆောက်ပြီးရင် အခကြေးငွေနဲ့ အသုံးပြုရမှာလား။ အခမဲ့အသုံးပြု ခွင့်ရမှာလား။ အခကြေးငွေနဲ့ အသုံးပြုရမယ်ဆိုရင် ဘယ်လိုနှုန်းထားနဲ့ ဖြတ်သန်းသွားလာခွင့်ပြုမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အစီအစဉ်ကိုလည်း သိချင်ပါတယ်။

ဖြေ - အခကြေးငွေနဲ့ အသုံးပြုရမှာပါ။ ကျသင့်မယ့် လမ်းအသုံးပြုခကို ထုတ်ပြန်ပေးပါမယ်။ ခုက တင်ဒါရွေးချယ်နေတဲ့ အဆင့်ဖြစ်နေလို့ ထုတ်ပြန်လို့ မရသေးလို့ပါ။ ဒါပေမဲ့ ပြောနိုင်တာက ဒီလမ်းအသုံးပြုခတွေက ပြည်သူတွေရဲ့ ပေးလိုသည့် ဆန္ဒကိုမေးပြီး အခြေခံစျေးသတ်မှတ်ထားတာပါ။ အကြမ်းအားဖြင့် ပြောရရင် မများဘူးလို့ပဲ ပြောပါရစေ။

မေး - ဒီစီမံကိန်းနှစ်ခုစလုံးအတွက် အနာဂတ် မျှော်မှန်းထားချက်ကရော ဘာတွေရည်မှန်းထားပါသလဲ။

ဖြေ - ရန်ကုန်ဆိုတာက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ပါ။ ဒီ ရန်ကုန်မိုးပျံအမြန်လမ်းနဲ့ ရန်ကုန်မြို့ပတ်အမြန်လမ်းတွေဆိုတာက နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေပဲ။ ဒီစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ရလာမယ့် အကျိုးအမြတ်တွေက တိုက်ရိုက်နဲ့ သွယ်ဝိုက်ဆိုပြီး ရှိကြတယ်။ နိုင်ငံ စီးပွားရေးထဲ ငွေကြေးစီးဆင်းမှုများပြားလာမှု ကြောင့် တိုက်ရိုက်ရရှိမယ့် အကျိုးဆက်တွေရှိသလိုပဲ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေကြားထဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ယုံကြည်စွာလုပ်နိုင်တယ်ဆိုတဲ့ သွယ်ဝိုက် အကျိုးတစ်နည်းပြောရရင် မြန်မာနိုင်ငံအပေါ်ယုံကြည်မှုတွေ တက်လာနိုင်တာပေါ့။

မေး - ထပ်မံဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါဆရာ။

ဖြေ - ပြည်သူများအနေနဲ့လည်း ယခုလိုနိုင်ငံခြားမှ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေဆိုတာ မြန်မာနိုင်ငံလို နိုင်ငံအနေနဲ့ ယုံကြည်မှုရစေရန် တည်ဆောက်နေရသည်မှာ အချိန်ပေးရသည်ကို နားလည်ပေးစေချင်ပါတယ်။ မည်သည့်အလုပ်ဖြစ်ပါစေ အစတွင် ခက်ခဲကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ပြီးပါက ရှေ့ဆက်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားဝင် ရောက်လာမှာပါ။ ဥပမာ ရန်ကုန်-မန္တလေး အမြန်လမ်းစတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေလည်း ၂၀၂၀ ခု နှစ်မှာ စတင်ဆောင်ရွက်နိုင်မယ်ဆိုတာ တင်ပြပါရစေ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

Most Read

Most Recent