“Operation Manager ဦးဟန်ဇော်လင်းနှင့် တွေ့ဆုံခြင်း”

“Operation Manager ဦးဟန်ဇော်လင်းနှင့် တွေ့ဆုံခြင်း”
Published 30 June 2019

EIA အစီရင်ခံစာတစ်စောင်ဖြစ်သည့် STATE OF CORRUPTION အမည်ဖြင့်  မြန်မာ့သစ်လုပ်ငန်း စီမံခန့်ခွဲမှုအကြောင်း ရေးသားရာတွင် Thai Sawat Import Export ကုမ္ပဏီလီမိတက်နှင့် Cheung Hing Timber ကုမ္ပဏီလီမီတက်တို့၏ အကြောင်းအရာများ ထည့်သွင်းရေးသားထားမှုနှင့်ပတ်သက်၍ Eleven Media ၏ မေးမြန်းမှုများအား ယင်းကုမ္ပဏီမှ Operation Manager ဦးဟန်ဇော်လင်းက ပြန်လည်ဖြေရှင်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - ပထမဆုံးအနေနဲ့ EIA အစီရင်ခံစာတစ်ခုဖြစ်တဲ့ STATE OF CORRUPTION အကြောင်း ရှင်းပြပေးပါ။ ပြီးတော့ အဲဒီအထဲမှာ အစ်ကိုရဲ့အကြောင်းပါနေတော့ ပြောပြပါဦး။

ဖြေ - ကျွန်တော် ဟန်ဇော်လင်းပါ။ အသက် ၅၃ နှစ်ပါ။ကျွန်တော် Mr. Cheng & JU Thai Sawat ကုမ္ပဏီမှာ ၁၉၉၀ ခုနှစ်ကတည်းက စလုပ်ခဲ့တာပါ။ အခုဆိုရင်လုပ်သက်၂၉ နှစ်ကျော်ရှိပါပြီ။ အခုကျွန်တော် Operation Manager အဖြစ်နဲ့ Thai Sawat Import Export ကုမ္ပဏီနဲ့ Cheung Hing Timber ကုမ္ပဏီလီမိတက်တို့အတွက် သစ်စက်နဲ့ သင်္ဘောတင်အပိုင်းမှာ တာဝန်ယူနေပါတယ်။ ရန်ကုန်မှာပဲနေတာပါ။ EIA အစီရင်ခံစာမှာပြောထားတာက မြန်မာအစိုးရက သစ်လုပ်ငန်းနဲ့ပတ်သက်ပြီး စွမ်းရည်ပြည့် စီမံခန့်ခွဲနိုင်မှု မရှိပါဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ အကူအညီလိုတယ်ပေါ့။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မြန်မာပြည်ကသစ် Industry ကြီးက လာဘ်ပေးလာဘ်ယူမှုနဲ့ ခြစားမှုတွေ ရှိလို့ပါတဲ့။ နောက်ပြီး Mr. Cheng က Thai Sawat ကုမ္ပဏီကို ဦးစီးပြီး လုပ်တဲ့အချိန်က Mr. Cheng က တန်ဖိုးမြင့် သစ်အတန်းအစားကို တန်ဖိုးနိမ့် သစ်အတန်းအစားတွေဖြစ်အောင် Grading လိမ်လည်ကစားခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။ နောက်ပြီး ထူးအုပ်စုက ဦးတေဇက Mr. Cheng ရဲ့ ကုမ္ပဏီမှာ Major Share တွေ အများကြီးပါတယ်လို့လည်း ပြောသေးတယ်။ အဲဒါကြောင့် ဦးတေဇက Mr. Cheng ကို တပ်မတော်ထိပ်တန်း အရာရှိနိုင်ငံရေးသမားတွေ အသိုင်းအဝိုင်းထဲရောက်အောင် လမ်းဖောက်ပေးတယ်လို့ ဆိုတယ်။အဲဒါတွေက တစ်ခုမှမဟုတ်ပါဘူး။ ကျွန်တော်က Mr. Cheng နဲ့ နှစ်ပေါင်းများစွာ အနီးကပ်အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ သူဘယ်လိုလူလဲဆိုတာ ကျွန်တော်အသိဆုံးပါ။ သူကစီးပွားရေးလောကမှာ ထားရှိရမည့် Ethic တွေကို အတိအကျလိုက်နာတဲ့သူပါ။ အဲဒါကြောင့် ကျွန်တော်တို့တစ်ခုမှ Bad Image မရခဲ့ပါဘူး။ EIA ပြောတဲ့အချက်အလက်တွေက ဘာတစ်ခုမှ မမှန်ဘဲ ခပ်ညံ့ညံ့ အဆင့်မရှိ စွပ်စွဲချက်တွေပါ။ Mr. Cheng က ပြီးခဲ့တဲ့နှစ်က ဆုံးသွားပါပြီ။ EIA က Mr. Cheng ကို အရှက်ခွဲလိုတဲ့စိတ်၊ အိုးမဲသုတ်လိုတဲ့စိတ်နဲ့ ကိုယ်ကျင့်တရားကို ညှိုးနွမ်းစေတဲ့အပြောအဆိုတွေကို ဆုံးသွားပြီဖြစ်တဲ့ Mr. Cheng အတွက် ကျွန်တော်က သူ့ရဲ့ ဂုဏ်သိက္ခာရှိရှိ နေခဲ့တဲ့ သူ့ဘဝအတွက် ကျွန်တော်က ကာကွယ်ပြောဆိုရမှာပဲ။ သူက ကျွန်တော်တို့ကို မဟုတ်တာမလုပ်ဖို့ ကုမ္ပဏီရဲ့ Image ကောင်းတွေကို စောင့်ရှောက်ဖို့ အမြဲသတိပေးနေသူပါ။ သူ တရားမဝင်စီးပွားရေးကို သေးသေးလေး တစ်ခုတောင် လုပ်တဲ့သူမဟုတ်ပါဘူး။

မေး - EIA ရဲ့ Report ထဲမှာပါတဲ့ အစိုးရနဲ့ နယ်ပယ်အသီးသီးက ကမ္ဘာ့သစ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကြားက အမြင်ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ငြင်းခုံပြောဆိုနေကြတယ်နော်။ အဲဒါတွေနဲ့ပတ်သက်ပြီး အစ်ကို့လို နိုင်ငံတကာ သစ်အရောင်းအဝယ် အတွေ့အကြုံရှိတဲ့ သူတစ်ယောက်အနေနဲ့ နည်းနည်းလောက် ပြောပြပေးပါလား။

ဖြေ - EIA ကအထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေနဲ့ရမ်းသန်းပြီး Mr. Cheng က တန်ဖိုးမြင့် သစ်အတန်းအစားတွေကို တန်းဖိုးနိမ့် အတန်းအစားဖြစ်အောင် Grading ကို ပြင်ဆင်ကစားပြီး အကျိုးအမြတ်အများကြီးရတယ်လို့ ပြောတယ်။ အဲဒါမှားနေတဲ့အပြင် မဖြစ်နိုင်တဲ့ကိစ္စကို အကြီးကြီး လုပ်ကြံပြောတာပါ။ ကျွန်းသစ်လုံးဆိုတာ မြန်မာ့သစ်လုပ်ငန်းက သစ်လုံးလပ်ပုံထိုင်ထားပြီးတဲ့ လပ်ပုံကို သာဝယ်ရတာပါ။ သစ်လုံးလပ်ပုံထိုင်တော့မယ်ဆိုရင် အရင်ဆုံး သစ်ကွင်းအရာရှိတွေက သစ်တစ်လုံးချင်းရဲ့ အပြစ်အနာအဆာတွေကိုကြည့်ပြီး အတန်းအစား Grading ယူရတာပါ။ ရခဲ့တဲ့သစ်လုံးတစ်လုံးချင်းရဲ့ Grading တွေကို မြန်မာ့သစ်လုပ်ငန်းရဲ့ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအောက်ရှိ စီမံကိန်းဌာနကို ပေးရတာပါ။ အဲဒီဌာနက စစ်ဆေးရေးဌာနကို ပြန်ချပေးပြီး အဲဒီသစ်လုံးတစ်လုံးချင်းရဲ့ Grading မှန်မမှန်ကို အရာရှိဝန်ထမ်းတွေကို (Counter Check )စစ်ဆေးမှု ထပ်လုပ်ခိုင်းပါတယ်။ ပြီးရင် အဲဒီစစ်ဆေးရေးဌာနက အတည်ပြုချက်ကို စီမံကိန်းဌာနကို ပြန်ပို့ပေးပါတယ်။ စီမံကိန်းဌာနက အရာရှိတွေက နောက်ဆုံးအကြိမ်ထပ်ပြီး  Final Check စစ်ဆေးပါတယ်။ နောက်ဆုံးအကြိမ် Grading စစ်ဆေးအတည်ပြုပြီး သစ်တစ်လုံးချင်းရဲ့ Grading သာမက ဓာတ်ပုံမှတ်တမ်းနဲ့ ထပ်ယူရပါတယ်။ Approved လုပ်ပြီးသား သစ်လုံးတစ်လုံးချင်းစီရဲ့ Grading Record တွေ၊ ဓာတ်ပုံတွေ စစ်ဆေးရေးဌာနနဲ့ သစ်ဆိပ်အရာရှိတွေဆီမှာ ရှိပါတယ်။ မတူတဲ့ ဌာနအသီးသီးက အရာရှိတွေ အကြိမ်ကြိမ်စစ်ဆေးတဲ့စနစ်မို့လို့ Mr. Cheng က ဘယ်လိုလုပ်ပြီး သစ်လုံးအတန်းအစားကို ကစားတယ်။ ပြင်ဆင်တယ်ဆိုတာ ဖြစ်နိုင်မှာလဲ။ EIA ကသာ ဘယ်သစ်လုံး၊ ဘယ်လပ်ပုံအတန်းအစား မှားတယ်ဆိုတာကို အတိအကျပြောပြီး သက်ဆိုင်ရာဌာနတွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးနိုင်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းမှာ သစ်လုံးတစ်လုံးချင်း Grading နဲ့ ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်။ EIA အနေနဲ့ အဲဒီလိုအထောက်အထား ဘာမှမရှိဘဲ စွပ်စွဲခဲ့တာက EIA က သေချာစုံစမ်းမှုတွေမလုပ်ဘဲ သားပုပ်လေလွင့် ပြောဆိုစွပ် စွဲခဲ့တယ်ဆိုတာ သိသာပါတယ်။ နောက်ပြီးပြောသေးတယ်။ ထူးအုပ်က ဦးတေဇနဲ့  ဦးလုလုက Mr. Cheung ပိုင် ကုမ္ပဏီဖြစ်တဲ့ Cheung Hing Corporation နဲ့ Cheung Hing Timber Company တွေမှာ အစုရှယ်ယာတွေပါတယ်။ ဒါကြောင့် ဦးတေဇက သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ MR. Cheng ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တွေ့ဖို့ လမ်းဖောက်ပေးပြီး နီးကပ်အောင် လုပ်ပေးခဲ့တယ်လို့ပြောတယ်။ ကျွန်တော်ရဲရဲကြီးပြောတယ်။ ဦးတေဇနဲ့ ဦးလုလုက ကျွန်တော်တို့ ကုမ္ပဏီနဲ့ လုံးဝလုံးဝ မပတ်သက်ပါဘူး။ ရှယ်ယာဝင်ထားတဲ့သူတွေလည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျွန်တော့်ဘဝမှာ တစ်ခါမှမဆုံဖူးပါ။ Mr. Cheng လည်း ကျွန်တော့်လိုပါပဲ။ အဲဒီစွပ်စွဲချက်တွေက တကယ်ကို ယုတ္တိမရှိတာတွေပါ။

မေး - Mr. Cheng PuiChee နောက်ပြီးတော့ ထိုင်းနာမည် Mr. Chetta Apipatana ရဲ့ အကြောင်းရယ်၊ သူနဲ့ Thai Sawat ကို စွပ်စွဲပြောဆိုထားတာတွေရယ်နဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ နည်းနည်းလောက် ပြောပြပေးနိုင်မလား။

ဖြေ - Mr. Cheng ဆိုတာ အလုပ်ကို အင်မတန်ချစ်တဲ့သူပါ။ ရုံးချိန်ပြီးသွားရင်တောင် အလုပ်ကို ဆက်လုပ်နေတဲ့သူ။ ကျွန်တော် သူအလုပ်လုပ်နေရင် သူ့အနားမှာရှိခဲ့တာပါ။ မြန်မာပြည်နဲ့ပတ်သက်တဲ့ သစ်နဲ့ သစ်တောတွေကို သေသေချာချာဂရုစိုက်တဲ့သူပါ။ ဘာလို့လဲဆိုတော့ Mr. Cheng ရဲ့ အလွန်အင်မတန်ကောင်းတဲ့ စိတ်ကလေး ဘယ်လိုရှိဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်း သိတယ်ဗျာ။ Crystl Clear ပါ။

Mr. Cheng က ကျွန်တော့်ကို အလုပ်နဲ့စီးပွားရေးအကြောင်းတွေတင် သင်ပေးခဲ့တာမဟုတ်ဘူး။ ဘဝမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာပါ သင်ပေးခဲ့တဲ့သူပါ။ ကျွန်တော်ပြောရရင် သူက ကျွန်တော်ရဲ့ God Father ပဲ။ MR. Cheng က အမြဲတမ်း ကျွန်တော့်ကို စိတ်ခွန်အားတွေပေးရုံမကပါဘူး။ ထိုင်းစာနဲ့ အင်္ဂလိပ်စာကို သင်ဖို့တောင် လုပ်ပေးခဲ့တဲ့သူပါ။ အင်္ဂလိပ်စာသင်ဖို့ အင်္ဂလိပ်စာဆရာတစ်ယောက်တောင် ငှားပေးတဲ့သူပါ။ သစ်လောက၊ သစ်လုပ်ငန်းအကြောင်း သစ်လုံးတစ်လုံးရဲ့ အကျိုးအပြစ်တွေ ဘယ်လိုကြည့်ရမယ်။ သင်္ဘောတင်အလုပ်တွေ၊ Customer ကို ဘယ်လိုဂရုစိုက်ရမယ်။ ဘယ်လိုဆက်ဆံရမယ်။ ဒါတင်မကပါဘူး။ ထမင်းစားဝိုင်းမှာ ထားရမယ့် ကျင့်ဝတ်တွေ၊ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေကိုပါ ရှင်းပြ၊ သင်ပြခဲ့တဲ့သူပါ။ အရေးကြီးဆုံး သင်ပေးတာကတော့ Business Ethic ပါပဲ။ အလွန်အင်မတန် စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း သင်ပေးခဲ့တာပါ။ Mr. Cheng က ကျွန်တော်ရဲ့ အလုပ်ရှင်ဖြစ်ရုံမကပါဘူး။ ကျွန်တော့်ရဲ့ ဆရာဆိုလည်း ဟုတ်ပါတယ်။ သူ့ရဲ့ ကျွန်တော့်အပေါ်ထားတဲ့ စေတနာနဲ့ နောက်ပြီး ကျွန်တော့်ဘဝရဲ့ အရေးပါဆုံး လူတစ်ယောက်ဆိုတာ ပြောဖို့စကားလုံးတောင် ရှာမရပါဘူး။

မေး - EIA လို ကြီးမားကျယ်ပြန့်တဲ့ အဖွဲ့အစည်းအကြီးက ဒီလိုအခြေအမြစ်မရှိ၊ မရေမရာ ပြောဆိုနေကြတဲ့ဟာတွေအပေါ်မှာ အခြေခံပြီး မမှန်ကန်တဲ့ တင်ပြချက်တွေလုပ်ခဲ့တယ်။ မဟုတ်တဲ့သတင်းတွေ လွှင့်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့လိုချင်တဲ့ အခြေအနေကိုရအောင် သူတို့သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်တွေကနေ လိုရာဆွဲသုံးပြီး မမှန်တဲ့ သတင်းတွေ တင်ပြခဲ့တယ်ဆိုတာတွေက မေးခွန်းထုတ်စရာပဲဗျ။ EIA အနေနဲ့ သူတို့ရဲ့မှားယွင်းတဲ့ ဖော်ပြချက်တွေ၊ ဖြစ်လာတဲ့ဂယက်ရိုက်မှုတွေနဲ့ တကယ့်သတင်းအရင်းအမြစ် အစစ်အမှန်ထိမ်ချန်ထားမှုတွေ အပေါ်မှာ ဘယ်လိုတာဝန်ယူမယ်ထင်ပါသလဲ။

ဖြေ - ဟုတ်ပါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီလိုသတင်းတွေကြားရတာကို ထူးပြီးအံ့သြမနေတော့ပါဘူး။ ဘာလို့လဲဆိုတော့ EIA ရဲ့ မူလသတင်းအရင်းအမြစ်ကိုက MR. Cheng ရဲ့ နာမည်နဲ့ဂုဏ်သိက္ခာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။ EIA က ကျွန်တော့်ဆီကိုလည်း သူတို့လိုချင်တဲ့ စကားတွေရမလားလို့ လာပြီးလိမ်လည်ခဲ့သေးတယ်။ သူတို့လိုချင်တဲ့ စကားလုံးတွေပဲ ယူခဲ့တာပါ။ ၂၀၁၈ အောက်တိုဘာလမှာ ကျွန်တော်နဲ့လာတွေ့ပြီး သူတို့ဘယ်သူဘယ်ဝါဆိုတာကို လိမ်လည်ခဲ့တယ်။ တရုတ်လူမျိုး သစ်ကုန်သည်တွေလို ဟန်ဆောင်ပြီး မြန်မာပြည်ကသစ်တွေဝယ်ပြီး သူတို့ Montenegro နိုင်ငံပို့မယ်တဲ့။ အဲဒီနိုင်ငံမှာ Big Project ရှိတာမို့လို့ ရှိသမျှ သစ်များများ လိုချင်တယ်လို့ ပြောတယ်ဗျာ။ သူတို့နဲ့ ကျွန်တော် ပြောခဲ့တဲ့စကားတွေကို အတိအကျ သူတို့ရဲ့အစီရင်ခံစာထဲမှာ ထည့်ရေးမထားပါဘူး။ ဥပမာ ကျွန်တော်က မြန်မာပြည်မှာ မြန်မာ့သစ်လုပ်ငန်းကပိုင်တဲ့ သစ်စက်တွေမှာ တရားဝင်လုပ်တာပါ။ တရားဝင် ဝယ်ယူခွင့်ရထားတဲ့ သစ်တွေပဲ ခွဲတာပါလို့ ပြောတယ်။ ဒါပေမဲ့ သူတို့အစီရင်ခံစာထဲမှာ မထည့်ဘူး။ အဲဒါကိုသူတို့ လိုချင်တာမဟုတ်ဘူးလေ။ ကျွန်တော်ပြောချင်တယ်။ Mr. Cheng လို နာမည်ကောင်းရှိပြီးသားလူ။ လူတကာချစ်တဲ့သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်မယ်ဆိုရင် သူတို့ပြောတဲ့ အချက်အလက်တွေ မှန်ဖို့လိုပါတယ်။ သူတို့က လူတစ်ယောက်ရဲ့နာမည်ကို ရှာရုံရှာပြီး သက်သေအထောက်အထားမရှိဘဲ သူတို့ဘက်က စွပ်စွဲချင်တာပါ။ သူတို့ Mr. Cheng ကို သူတို့တစ်ခါမှလည်း ဆုံဖူးတာမဟုတ်ဘူး။ Mr. Cheng ဆုံးသွားပြီးလေ။ ဘာမှ ပြန်ပြီးမရှင်းနိုင်တော့ဘူးဆိုတဲ့ အချိန်အထိ သူတို့စောင့်ပြီး လုပ်ကြံခဲ့တာပါ။ သူတို့ပြောချင်တာတွေကို လှည့်စားပြောပြီး သတင်းအမှားတွေကို ထုတ်ခဲ့ရုံမကဘူး။ ဒါပေမဲ့ တစ်ဖက်က အမှန်တကယ်ဖြစ်နေတာတွေကိုတော့ မထုတ်ခဲ့ဘူး။ သူတို့အမှန်တကယ် ရည်ရွယ်ချက်ထားတာကတော့ မြန်မာအစိုးရက သူတို့ရဲ့ ပြည်တွင်းရေးရာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိ မစီမံနိုင်ဘူး။ အဲဒီအတွက် မြန်မာပြည်ရဲ့ သစ်နဲ့ပတ်သက်တဲ့ ရောင်းတာဝယ်တာတွေ၊ သူတို့အဖွဲ့အစည်းတွေကသာ လမ်းညွှန်မှုအောက်က လုပ်မှရမယ်ဆိုတာမျိုး လိုချင်တာပါ။အဲဒါအမှန်တကယ်သူတို့ လိုချင်တာပါ။ မြန်မာအစိုးရက သစ်တောတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် Timber Trade ကို သေသေချာချာ တရားဝင်ဖြစ်အောင် သစ်တောဥပဒေနဲ့ လုပ်နေတာကို သူတို့နားမလည်လို့ ဒီလိုပေါက်ကရ အမှားတွေပြောနေတာပါ။ EIA က မြန်မာပြည်ရဲ့ စီးပွားရေးတစ်ခုဖြစ်တဲ့ တရားဝင်သစ်ရောင်းဝယ်ရေးကို ထိခိုက်စေတဲ့အပြုအမူ၊ အပြောအဆိုတွေ ရပ်သင့်ပါတယ်။ နောက်ပြီး သစ်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်အောင် လုပ်နေတာတွေကိုလည်း အဆုံးသတ်ပြီး အရင်လိုပုံမှန်ပြန်လည် လည်ပတ်စေသင့်ပါတယ်။ သူတို့ရဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေနဲ့ ဘယ်လောက်အထိ ဆိုးရွားတဲ့အကျိုးဆက်တွေ ဖန်တီးနေဦးမှာလဲလို့ပဲ မေးချင်တော့တယ်။

Most Read

Most Recent