လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှု

လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှု
Published 24 June 2019

လုပ်ပိုင်ခွင့်ဟူသည် အဖွဲ့အစည်းအတွင်း နေရာချထားမှုဓလေ့မှ ဆင်းသက်လာပြီး လုပ်ပိုင်ခွင့်အဆင့်သည် ထိပ်ဆုံးအဆင့်၌ အမြင့်ဆုံးဖြစ်ပြီး ကော်ပိုရေးရှင်း၏ ရာထူးကြီး စဉ်ငယ်လိုက် အောက်ပိုင်းသို့ ဆင်းသွားသည့်အခါ အဆင့်ဆင့် လျော့ကျ၍ သွားသည်။ ထို့ကြောင့် လုပ်ပိုင်ခွင့်ကို အထက်ကအောက်ထက် သာလွန်စေလျက် ထိပ်ဆုံးမှ အောက်ခြေသို့ စီးဆင်းစေသည်။

လုပ်ပိုင်ခွင့်မရှိသူတစ်ဦးအနေဖြင့် အဖွဲ့အစည်းတစ်ခုအတွင်း အထက်မှရှိသည့် အနေအထားမျိုးကို မရယူနိုင်ပေ။ အခြားတစ်ဦးနှင့်မတူဘဲ ၎င်း၏နေရာကို ကွဲပြားအောင် သတ်မှတ်ထားခြင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့ အခွင့်အာဏာအပ်နှင်းထားခြင်း၊ မိမိလက်အောက်၌ ရှိသူများကို အမိန့်ပေးနိုင်ခြင်းနှင့် လိုအပ်သော လေးစားလိုက်နာမှု ရနိုင်ခြင်းတို့ကို လုပ်ပိုင်ခွင့်ဟုခေါ်သည်။

တာဝန်ရှိမှုဟူသည် မန်နေဂျာဖြစ်စေ၊ အခြားဝန်ထမ်းတစ်ဦးဖြစ်စေ ၎င်း၏အထက်၌ရှိသူက ပေးအပ်ထားသည့် တာဝန်သို့မဟုတ် အလုပ်ကို ဆောင်ရွက်ရန် ဝတ္တရားရှိခြင်း ဖြစ်သည်။ တာဝန်ကို လက်ခံထားသူသည် ဆောင်ရွက်မှုပြုရန် ဝတ္တရားရှိသည်။ ဝန်ထမ်းတစ်ဦးသည် လုပ်ဆောင်ချက်တစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိမှုကို ရယူထားပါက သူသည် ယင်း၏ အကျိုးဆက်များအတွက်လည်း တာဝန်ရှိသူဖြစ်လာသည်။ ဝတ္တရားရှိခြင်းသည် တာဝန်ရှိမှု၏ အချက်အချာဖြစ်သည်။ ယင်းသည် အထက်-အောက် ဆက်ဆံရေးမှ မြစ်ဖျားခံလာပြီး ယင်းဆက်ဆံရေးက အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်အောက်မှ ပုဂ္ဂိုလ်သည် ပေးအပ်ထားသောတာဝန်ကို ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ဆက်ဆံရေးသဘောအရ မန်နေဂျာသည် လက်အောက်မှ ပုဂ္ဂိုလ်များ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များကို တာဝန်ခံရသည်။

အမိန့်များပေးရန်၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ထိန်းသိမ်းရန်၊ ဆုံးဖြတ်ချက်ချရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီအောင် ပြုလုပ်ရန် သက်ဆိုင်ရာအလုပ် သို့မဟုတ် ရာထူးနေရာနှင့်ပတ်သက်သော အာဏာသို့မဟုတ် အခွင့်အရေးကို လုပ်ပိုင်ခွင့်ဟု ခေါ်သည်။ အထက်ပုဂ္ဂိုလ်က ပေးအပ်ထားသည့် သို့မဟုတ် မိမိဘာသာ ချမှတ်ထားသည့် လုပ်ငန်းတာဝန်တစ်ရပ်ကို ကျေနပ်လောက်အောင် လုပ်ဆောင်ခြင်း သို့မဟုတ် အပြီးသတ်ခြင်းတို့ ပြုလုပ်ရန်အတွက် တာဝန်သို့မဟုတ် ဝတ္တရားရှိခြင်းကို တာဝန်ရှိမှုဟု ခေါ်ဆိုသည်။ လုပ်ပိုင်ခွင့်ဟူသည် အမိန့်များပေးရန်နှင့် လက်အောက်၌ရှိသူများထံမှ နာခံမှုကို မျှော်လင့်ရန် ဥပဒေကြောင်းအရ အခွင့်အရေးအား ရည်ညွှန်းသည်။ တာဝန်ရှိမှုဟူသည်မှာမူ လုပ်ပိုင်ခွင့်၏ ရလဒ်ဖြစ်သည်။

အဖွဲ့အစည်းတစ်ရပ်အတွင်း လူပုဂ္ဂိုလ်တစ်ဦး၏ ရာထူးနေရာသည် သူ၏ လုပ်ပိုင်ခွင့်ကို ဆုံးဖြတ်သည်။ အဖွဲ့အစည်းဖွဲ့စည်းပုံ၌ အထက်သို့ရောက်လေလေ လုပ်ပိုင်ခွင့် ပိုရှိလေလေ ဖြစ်သည်။ ယင်းနှင့်မတူဘဲ ရာထူးအလိုက် အထက်နှင့်အောက် ဆက်ဆံရေးက တာဝန်ရှိမှုနှင့်ပတ်သက်သော အခြေခံသဘောကို ဖွဲ့စည်းဖြစ်ပေါ်စေသည်။ အထက်၌ရှိသူက လက်အောက်၌ရှိသူများကို လုပ်ပိုင်ခွင့် လွှဲအပ်သည့်အခါ တာဝန်ရှိမှုနှင့် သက်ဆိုင်၍သွားသည်။ ယင်းသည် တာဝန်တစ်ရပ်ပေးအပ်ခြင်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ လုပ်ပိုင်ခွင့်၌ အမိန့်များနှင့် ညွှန်ကြားချက်များ ပေးနိုင်စွမ်းလိုအပ်ပြီး တာဝန်ရှိ မှုက အမိန့်များအတိုင်း လိုက်နာဆောင်ရွက်ရန် နာခံမှုနှင့် လေးစားလိုက်နာမှုကို တောင်းဆိုသည်။

လုပ်ပိုင်ခွင့်အတိုင်းအတာသည် ထိပ်ဆုံး၌ အမြင့်ဆုံးဖြစ်ပြီး အောက်ဆုံး၌ အနိမ့်ဆုံးဖြစ်လျက် အောက်သို့ ဆင်းသည့်ပုံစံရှိသည်။ ယင်းနှင့်မတူဘဲ တာဝန်ရှိမှု၌ လက်အောက်အဆင့်ဆင့်သည် အထက်အဆင့်ဆင့်မှ တာဝန်ပေးအပ်မှုများကို လက်ခံရသောကြောင့် တာဝန်ရှိမှုသည် အထက်သို့ တက်သည့်ပုံစံရှိသည်။ လုပ်ပိုင်ခွင့်၏ ရည်ရွယ်ချက်မှာ ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် ယင်းတို့ကို စီမံဆောင်ရွက်ရန် ဖြစ်သည်။ တာဝန်ရှိမှု ၏ ရည်ရွယ်ချက်မှာ အထက်မှ ပေးအပ်သည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ လုပ်ပိုင်ခွင့်သည် ရာထူးနေရာနှင့် သက်ဆိုင်ပြီး ကာလရှည် ဆက်သွားသည့် သဘောရှိသည်။ တာဝန်ရှိမှုမှာမူ ပေးအပ်သည့် တာဝန်နှင့် ဆက်စပ်နေပြီး တာဝန်ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ပြီးဆုံးသောကြောင့် ကာလတို သဘောရှိသည်။

မည်သို့ပင်ဆိုစေ၊ ပေးအပ်သည့် တာဝန်ရှိမှုသည် လုပ်ပိုင်ခွင့်ထက် ပိုမိုကြီးမားပါက လိုအပ်သော လုပ်ပိုင်ခွင့်ချို့တဲ့ခြင်းကြောင့် တာဝန်များကို စနစ်ကျမှန်ကန်စွာ ဆောင်ရွက်နိုင်မည် မဟုတ်သောကြောင့် ထိရောက်မှုမရှိခြင်း ဖြစ်နိုင်ပေရာ လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှုအကြား ချိန်ညှိမှုတစ်ရပ် လိုအပ်ပါကြောင်း The Daily ELeven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent