နှိမ့်ချသော ချွေတာသော ဘဝနေထိုင်မှုပုံစံများ

နှိမ့်ချသော ချွေတာသော ဘဝနေထိုင်မှုပုံစံများ
Published 19 June 2019

အလွန်အမင်း ချမ်းသာကြွယ်ဝသူတို့အကြောင်း လူတိုင်း ကြားဖူးကြပေလိမ့်မည်။ ဘဝ၌ ပိုမိုကောင်းမွန်သည့် အရာများကို တတ်နိုင်သူများအား မနာလိုဝန်တိုဖြစ်ခြင်းထက် တစ်နေ့တာ ဝမ်းစာအတွက် အပြင်းအထန် ရုန်းကန်နေရသူများနှင့် နှိုင်းယှဉ်ကြည့်ရန် လိုလာသည်။ ယနေ့ခေတ်ကမ္ဘာတွင် စီးပွားရေး မညီမျှမှုသည် စိုးရိမ်ဖွယ်ရာ ကြီးထွားလာနေသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ နှိမ့်ချကာ ချွေတာသော ဘဝနေထိုင်မှုပုံစံများဖြင့် နေထိုင်သည့် လက်တစ်ဆုပ်စာ ကမ္ဘာ့ခေါင်းဆောင်အချို့က ၎င်းတို့နှင့် အဆင့်တူပုဂ္ဂိုလ်များ အတုယူနိုင်စေရန်အတွက် နမူနာကောင်းများကို ပေးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌သာမက ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပါ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလွန်းခြင်းက အလေးထားပြောစရာ အကြောင်းအရာ ဖြစ်လာနေသည်။ ၂၀၁၆ ခုနှစ်တွင် Oxfam ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏ အချမ်းသာဆုံး တစ်ရာခိုင်နှုန်း၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ကျန် ၉၉ ရာခိုင်နှုန်း၏ စုစုပေါင်းပိုင်ဆိုင်မှုထက် ကျော်လွန်နေကြောင်း သိရသည်။ နှိမ့်ချကာ ချွေတာသော ကမ္ဘာ့ခေါင်းဆောင်ငါးဦးကို ဖော်ပြလိုပါသည်။

ဟိုဆေးမူဂျီကာ - ဥရုဂွေးသမ္မတဟောင်း ဟိုဆေးပီပီမူဂျီကာကို ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဟု ကောင်းသောရည်ရွယ်ချက်ဖြင့် ခေါ်ဆိုကြသည်။ မူဂျီကာသည် ၂၀၀၉ ခုနှစ် တွင် ဥရုဂွေးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ သူသည် သမ္မတလစာ၏ ရာခိုင်နှုန်း ၉ဝကို ရန်ပုံငွေအဖွဲ့များသို့ လှူဒါန်းပြီး ခမ်းနားလွန်းသည့် သမ္မတအိမ်တော်၌ နေထိုင်ရန် ငြင်းပယ်ကာ သူ၏ ခနော်ခနဲ့ လယ်တဲအိမ်ကလေး၌သာ ဇနီးနှင့်အတူ နေထိုင်ခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုမှာလည်း ၁၉၈၇ မော်ဒယ်ဗောက်စ်ဝက်ဂွန် ကားလေးတစ်စီးသာ ဖြစ်ခဲ့သည်။

ဂျွိုက်စ်ဘင်ဒါ - မာလာဝီနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မကြာမီ ဂျွိုက်စ်ဘင်ဒါသည် ထိုစဉ်က ရုန်းကန်နေရသော နိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ ချွေတာမှုလမ်းစဉ် ချမှတ်ရန် အားထုတ်မှုတစ်ရပ်အဖြစ် သမ္မတစီးရန် ဂျက်လေယာဉ်နှင့် မာစီဒီးဇိမ်ခံကား အစီး ၆၀ ကို ရောင်းထုတ်ခဲ့သည်။ သူက သူ့အနေဖြင့် အများသုံး လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါရခြင်းမှာ ကိစ္စမရှိကြောင်း၊ ယခင်ကတည်းကလည်း ကားကြုံလိုက်စီးလေ့ရှိကြောင်း ဟာသလုပ်ကာ ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် လေယာဉ်ပျံရောင်းချ၍ရသော ငွေက လူပေါင်းတစ်သန်းကျော်ကို ကျွေးမွေးနိုင်ခဲ့ကြောင်း ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

ဆူရှယ်ကွိုင်ရာလာ - နီပေါဝန်ကြီးချုပ်အဖြစ် သူ၏သက်တမ်းမှာ တိုတောင်းသော်လည်း ဆူရှယ်ကွိုင်ရာလာသည် ဝန်ကြီးချုပ်ရာထူးအတွက် ရပိုင်ခွင့်များကို ရှောင်ရှားခဲ့သောကြောင့် ချီးကျူးခံရသူဖြစ်သည်။ နီပေါနိုင်ငံမှ နိုင်ငံရေးသမားများသည် ချမ်းသာကြွယ်ဝကြသော်လည်း ကွိုင်ရာလာအနေဖြင့် သူ၏ ပိုင်ဆိုင်မှုအဖြစ် ကြောညာနိုင်ခဲ့သည်မှာ မိုဘိုင်းဖုန်း သုံးလုံးသာ ဖြစ်သည်။ ဝန်ကြီးချုပ်နေအိမ်သို့ တရားဝင်မရွှေ့မီ ကွိုင်ရာလာသည် ခတ္တမန္ဒူမြို့၌ အိမ်ငှား၍နေထိုင်ခဲ့သူ ဖြစ်သည်။ သူသည် ခတ္တမန္ဒူမြို့သို့ လာလည်စဉ်ကလည်း ဟိုတယ်၌ မနေဘဲ အကိုဖြစ်သူ၏ နေအိမ်၌သာ တည်းခိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် - ပုပ်ရဟန်းမင်းကြီးသည် သူ၏အခန်းကဏ္ဍကို ဘုရင်တစ်ပါးအဖြစ် မဟုတ်ဘဲ လူထုကို လမ်းပြသူအဖြစ်သို့သာ ပြောင်းလဲခဲ့သူဟု နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ဖူးသည်။ ဖရန်ဆစ်သည် ကမ္ဘာ့ဆင်းရဲမွဲတေမှုအကြောင်း၊ ဒုက္ခသည်များ၏ အတိဒုက္ခများအကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဟောကြားမှုများကြောင့် ဝေဖန်ခြင်းပင်ခံရသည်။ အမေရိကန်သို့ သွားသည့်အခါ နာမည်ကျော် ဥပဒေပြုအမတ်များနှင့် နေ့လယ်စာစားရမည်ကို ရှောင်လွှဲကာ ၀ါရှင်တန်၌ အိမ်ခြေယာခြေမဲ့များနှင့်အတူသာ ညစာစားခဲ့သည်။

၀ါရန်းဘတ်ဖက် - လုပ်ငန်းရှင် သူဌေးကြီး ၀ါရန်းဘတ်ဖက်ကို ကမ္ဘာပေါ်၌ အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူဟု သတ်မှတ်ကြသည်။ သူသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၇ ဘီလျံ ချမ်းသာသော်လည်း သူဘီလျံနာ မဖြစ်မီက နေထိုင်မှုပုံစံအတိုင်း ရိုးရှင်းစွာ နေထိုင်ခဲ့သည်။ ဘတ်ဖက်သည် သူ ၁၉၅၈ ခုနှစ်က ဝယ်ယူထားသည့် အိုမဟာမြို့ရှိ နေအိမ်၌သာ နေထိုင်ပြီး ဇိမ်ခံကားများနှင့် ဇိမ်ခံပစ္စည်းများကို အသုံးပြုခြင်း မရှိပေ။  သူသည် သူ၏ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကို ရန်ပုံငွေအဖွဲ့များသို့ လှူဒါန်းခဲ့မည်ဟု ကတိပြုထားသူဖြစ်ပြီး စီးပွားရေးတန်းတူညီမျှရေးအတွက် အကြံပြုပြောဆိုသူဖြစ်သည်။ သူက သူနှင့်အတူ အချမ်းသာဆုံး တစ်ရာခိုင်နှုန်းကို အခွန်တိုးမြှင့်ကောက်ခံရန် ဥပဒေပြုအမတ်များအား လူသိရှင်ကြား တောင်းဆိုသူလည်း ဖြစ်သည်။

ထို့ကြောင့် မည်သည့်ခေါင်းဆောင်ကောင်းမဆို အခြားခေါင်းဆောင်များနှင့် လူထုကို စံနမူနာကောင်းများ ပေးရန် တာဝန်ရှိသည်ဖြစ်ရာ နှိမ့်ချကာ ချွေတာသော ဘဝနေထိုင်မှု ပုံစံများဖြင့် နေထိုင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent