ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုရရှိထားသလို ရုပ်ရှင်နယ်ပယ်မှာလည်း သူဝါသနာ ပါရာလမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ကြိုးစားလျှောက်ခဲ့သူကတော့ ယုန်လေးပါ။ သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်သာမက ဇာတ်လမ်းဖန်တီးသူအဖြစ်ရော သရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ ရေးပန်းစားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဇွန် ၂၀ ရက်မှာလည်း ယုန်လေးကိုယ်တိုင် ဇာတ်လမ်းရေးဖွဲ့ကာ ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပါဝင်ရိုက်ကူးထားတဲ့ ‘သတိအန္တရာယ်ရှိသည်’ ဇာတ်ကား ရုံတင်ပြသတော့မှာပါ။ အဲဒါကြောင့် ဇာတ်ကားနဲ့ပတ်သက်တဲ့ ကြိုးစားမှုတွေနဲ့ ဖန်တီးသူတစ်ယောက်ရဲ့ စကားသံတွေကိုပရိသတ်တွေအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။
■ မေး - ‘သတိအန္တရာယ်ရှိသည်’ ဇာတ်ကားကိုဖန်တီးဖြစ်ခဲ့တာလေးကို အရင်သိပါရစေ။
■ ဖြေ - ဒီဇာတ်ကားအတွက် ဇာတ်လမ်းရေးတာကိုက တစ်နှစ်လောက်ကြာခဲ့တယ်။ မကြိုက်တာတွေကို ပြင်လိုက်ဖျက်လိုက် ပြန်ရေးလိုက်နဲ့ပေါ့။ ဒီဇာတ်ကားကို ပရိသတ်တွေကြည့်တဲ့အချိန်မှာ ကြည့်နေရင်း ခဏနဲ့ ထပြန်ချင်တာမျိုးမဖြစ်ရအောင် ဇာတ်လမ်းအဆုံးအထိ ဘာဆက်ဖြစ်မလဲဆိုတဲ့ စိတ်ဝင်စားမှုနဲ့ ကြည့်ရတဲ့ဇာတ်လမ်းမျိုးဖြစ်အောင် ဇာတ်လမ်းပိုင်းမှာ အများကြီးကြိုးစားပြီး ပြင်ဆင်ခဲ့တယ်။ ဇာတ်လမ်းပြီးသွားချိန်မှာလည်း ဇာတ်ကားမရိုက်ခင်မှာ အကြိမ်ပေါင်းများစွာ တွေ့ဆုံတိုင်ပင်ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့တယ်။ တကယ်ရိုက်ကူးခဲ့ရတဲ့ အချိန်ကတော့ နှစ်လလောက်ကြာခဲ့တယ်။
■မေး - ‘သတိအန္တရာယ်ရှိသည်’ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့က ဖန်တီးသူတစ်ယောက်အတွက် စွန့်စားရမှု ဘယ်လောက်အထိရှိလဲ။
■ဖြေ - ‘သတိအန္တရာယ်ရှိသည်’ ဇာတ်ကားရဲ့ တချို့ဇာတ်ဝင်ခန်းတွေက ကျွန်တော်တော်တော်စွန့်စားပြီး လုပ်ရတယ်။ အခန့်မသင့်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော်အဖမ်းခံရနိုင်တယ်ဆိုတာမျိုးတွေလည်း ကျွန်တော်ခက်ခက်ခဲခဲနဲ့ ရိုက်ကူးခဲ့တာပါ။ ပရိသတ်တွေ ကြည့်ရင်တွေ့ရမှာပါ။
■မေး - ဒါရိုက်တာတစ်ယောက်အဖြစ် တာဝန်ယူရိုက်ကူးရတဲ့ဇာတ်ကားမှာ ဇာတ်ကောင်တွေအားလုံးရဲ့ သရုပ်ဆောင်မှုအပေါ်မှာရော ဘယ်လိုတွေသင်ပြပေးခဲ့ရတာမျိုးရှိလဲ။
■ဖြေ - ကျွန်တော့်အနေနဲ့ကတော့ ပညာပိုင်းအရ လိုအပ်နေသေးပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကိုယ်သိထား၊ တတ်ထားတဲ့အပေါ် ပြောပြတယ်။ တကယ့်အပြင်က လူတွေက ပါဝင်ကူညီပေးထားတယ်။
■ မေး - သတိအန္တရာယ်ရှိသည်ဇာတ်ကားမှာ ကိုယ်တိုင်ကသရုပ်ဆောင်အဖြစ်ရော ဒါရိုက်တာအဖြစ်ပါ ပါဝင်ထားတာဖြစ်လို့ ဒီဇာတ်ကားအပေါ် စိတ်ပူတာတွေရှိလား။
■ဖြေ - ကျွန်တော့်ရဲ့ ဇာတ်ကားတိုင်းမှာ ကျွန်တော်ကိုယ်တိုင်က သရုပ်ဆောင်မှုပိုင်းမှာ အားနည်းတယ်ဆိုတာကို သိတယ်။ ကျွန်တော်လည်း ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ဒီလိုရိုက်ရင် ဘာဖြစ်မှာလဲ၊ ရှုတင်မှာ ဘယ်သူတွေမရောက်သေးဘူးလဲ၊ လိုအပ်တာတွေရနေပြီလား စသည်ဖြင့် ဘာကိုမှ စိတ်ပူစရာမလိုဘဲ ကိုယ်လုပ်ရမယ့် ကာရိုက်တာတစ်ခုတည်းကိုပဲ သေချာအာရုံစိုက်ပြီး လုပ်ရတာမျိုးတော့ ကျွန်တော်လည်း ရိုက်ဖူးကြည့်ချင်ပါသေးတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်ကိုယ်တိုင်ဇာတ်လမ်းရေးတယ်၊ ဇာတ်ညွှန်းပိုင်းမှာလည်း ကိုယ်ကြိုက်တာလေးတွေဝင်ရေးတယ်၊ ထုတ်လုပ်သူပိုင်းမှာလည်း ရှယ်ယာပါတယ်ဆိုတဲ့အခါ ကိုယ်ဘက်က ဖန်တီးချင်တာမျိုးကို ဖန်တီးရိုက်ကူးနိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ တွေ့ရပြောရတာတွေရှိလည်း ကိုယ်တိုင်ပဲခေါင်းခံပြီး ဝင်ပြောရတာတွေဆိုတော့ ဖိအားရော အာရုံရောများတယ်။ ကိုယ်တိုင်သရုပ်ဆောင်ပိုင်းမှာ အားနည်းတာကို ပြန်ရိုက်လည်းရပေမယ့်လည်း ကိုယ်အိုက်တင်မကောင်းတာက မကောင်းတာပဲလေ။ တခြားသူတွေကောင်းနေရင်ပြီးရော ကိုယ်ကတော့ ဒီလောက်လည်း မဆိုးပါဘူးဆိုပြီး ကျေနပ်တာများပါတယ်။
■ မေး - သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုဝေဖန်ကြတဲ့အပေါ်ရော ဘယ်လိုခံစားရလဲ။
■ဖြေ - အရင်ကားတွေတုန်းကတော့ ကိုယ့်သူငယ်ချင်းတွေက ကောင်းတယ်ဆိုတာနဲ့ သာယာမိတယ်။ အဲဒီလိုအချိန်မှာ ပရိတ်တွေကြားမှာ ကျွန်တော်သွား ကြည့်မိတဲ့အခါ ကျွန်တော်အိုက်တင်တစ်ခုလုပ်တဲ့အခါမှာ ပရိသတ်တွေက တစ်ရုံလုံးရယ်ကြတယ်။ အခုချိန်ပြန်ပြောရင် ရယ်ရပေမယ့် အဲဒီအချိန်တုန်းကတော့ မရယ်နိုင်ဘူး။ မျက်ရည်တွေဝဲပြီး ကျွန်တော်စိတ်မကောင်းဖြစ်ရတာ၊ စိတ်ဓာတ်ကျရတာတွေ ဘယ်လိုကြိုးစားရမလဲဆိုတဲ့ ခံစားမှုတွေ အများကြီးတော့ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာလည်း ကျွန်တော်ကိုယ်တိုင်က လွဲရင်ပါတဲ့သူအားလုံးရဲ့ သရုပ်ဆောင်မှုတွေကို ကျေနပ်တယ်။ အားလုံးကောင်းတယ်။
■မေး - Gangster ဇာတ်ကားတွေချည်းပဲ ရိုက်နေတော့ အဲဒီဇာတ်ကားတွေနဲ့ပတ်သက်ပြီးတော့ရော ရှေ့ဆက်ဘယ်လိုတွေ ပြင်ဆင်ထားတာမျိုးရှိလဲ။
■ဖြေ - ရှိပါတယ်။ ကျွန်တော်တို့ဇာတ်ကားတွေမှာ ကော်သေနတ်တွေပဲ သုံးလို့ရတယ်။ တကယ့်သေနတ်အစစ်လိုမဟုတ်ဘဲ ဟန်ဆောင်နေရတော့ သရုပ်ဆောင်တဲ့ လူတွေကိုယ်တိုင်မှာ ရယ်ရတာမျိုးတွေ၊ Mood သိပ်မပါတာမျိုးတွေ ဖြစ်တာပါပဲ။ အဲဒီအတွက် ကျွန်တော် Line Walker ဇာတ်ကားရိုက်တုန်းက လိုသေနတ်မျိုးတွေကို နိုင်ငံခြားကနေဝယ်ထားတယ်။ တစ်လက်ကို Without ကားတစ်စီးစာလောက် တန်ဖိုးရှိတယ်။ အဲဒါတွေက အစစ်လိုပဲအသံမြည်တယ်။ မောင်းဆွဲပြီး ကျည်ခွံထွက်တယ် လူမသေဘူး။ ဒါပေမဲ့ ဒီမှာက သွင်းခွင့်မရှိသေးတော့ မသွင်းရသေးဘူး။ ကျွန်တော့်အနေနဲ့ သွင်းခွင့်ရအောင်တော့ စာတင်ပြီး ကြိုးစားကြည့်ပါဦးမယ်။
■မေး - ‘သတိအန္တရာယ်ရှိသည်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။
■ ဖြေ - ထွေလာထဲမှာမပါပေမယ့် ပရိသတ်တွေနှစ်သက်စွာကြည့်ရမယ့် ဇာတ်ဝင်ခန်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အားလုံးလည်း သေချာကြိုးစားထားပါတယ်။ အဲဒီအတွက်လာပြီးအားပေးဖို့ ဖိတ်ခေါ်ပါတယ်။