ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 16 June 2019
ဇော်မင်းနိုင်၊ ဆန်းထူးအောင်

ဒါက ဟိုအရင် ခေတ်ဟောင်းကလုပ်တဲ့ အလေ့အထတွေ။ ဒါတွေကိုမကြိုက်လို့ ကျောင်းသားဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့တာ။ ဒါမျိုးကိုတွေ့ရတာ တော်တော်စိတ်မကောင်းဘူး

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)တွင် သင်္ဘောဝယ်ယူခြင်း၊ ရဲတပ်ဖွဲ့မှူးရုံးတည်ဆောက်ခြင်း၊ စုပေါင်းရာဇဝတ်တရားရုံး တည်ဆောက်ခြင်းတို့ကို လွှတ်တော်တွင် အပြင်းအထန် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ခြင်းများမပြုဘဲ လျာထားဘတ်ဂျက်အတိုင်းသာ ဝန်ကြီးချုပ်ထံ တင်ပြမည်ဖြစ်သည်။ ယခုကဲ့သို့ ဝေဖန်မှုပြင်းထန်ခဲ့သည့် လျာထားဘတ်ဂျက်နှင့် ပတ်သက်ပြီး ရန်ကုန်ဘတ်ဂျက်ကို စိစစ်မှုများ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အဓိက လုပ်ဆောင်ရတဲ့အပိုင်းကို အရင်ဆုံးပြောကြားပေးပါ။

ဖြေ - ကော်မတီရဲ့ လုပ်ဆောင်ချက်က ဘတ်ဂျက်လျာထားချက်ကို စစ်ဆေးရတာဖြစ်တယ်။ လျာထားချက် စစ်ဆေးတယ်ဆိုတော့ ဘတ်ဂျက်လျာထားချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ကိုယ်စားလှယ်တွေ တွေ့ပြီးထည့်တဲ့ ဘတ်ဂျက်တွေရှိတယ်။ ဌာနဆိုင်ရာက သူလိုအပ်တာတွေထည့်တဲ့ ဘတ်ဂျက်တွေရှိတယ်။ အဲဒီဘတ်ဂျက်ကို ရသုံးကို ပို့လိုက်တယ်။ ရသုံးက ပထမဦးဆုံးစစ်တာပေါ့။ ရသုံးက ဌာနဆိုင်ရာဘတ်ဂျက်တွေ။ ဥပမာ လုပ်ထုံးလုပ်နည်း မညီတာ၊ တစ်နှစ်တောင်းပြီး နောက်နှစ် မတောင်းရဘူးဆိုတာမျိုး ရှိလို့ရှိရင် ဖြတ်တာရှိတယ်။ နောက်တစ်ခါ ပစ္စည်းဝယ်တာများရင် ဖြတ်တာရှိတယ်။ ဘာလို့ဖြတ်ရလဲဆိုရင် တောင်းတဲ့ဘတ်ဂျက်တွေ တအားများနေတဲ့အခါ ဘတ်ဂျက်ကို မဖြတ်လို့မရဘူး။ ကျွန်တော့်ဆီရောက်ရင် ဘတ်ဂျက်ကို သိပ်ဖြတ်လို့မရဘူး။ အုပ်ချုပ်ရေးပိုင်းကို စွက်ဖက်သလို ဖြစ်မှာစိုးလို့။ သူတို့တွက်ချက်မှုအပေါ်မှာပဲ ပိုက်ဆံကို တတ်နိုင်သလောက်လျှော့တာ။ ဌာနဆိုင်ရာတွေက ဘတ်ဂျက်ဆိုတာ အလွဲသုံးစား မဟုတ်ဘူးလို့ သူတို့က ယုံကြည်တယ်။ အဲဒါကြောင့်မို့လို့ ပိုတင်လည်း ဘာမှမဖြစ်ဘူး။ အချိန်တန် ပြန်အပ်လိုက်လို့ရတယ်ဆိုပြီး ယုံနေကြတယ်။

မေး - အခုလို ဌာနဆိုင်ရာတွေက ဘတ်ဂျက်ပိုတင်တဲ့ အတွက်ကြောင့် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ - အဲဒီဟာကို ခြေဖျက်ရ တော်တော်ခက်တယ်။ သူတို့က ဘာလဲဆိုတော့ အဲဒီလို ဖြတ်ရတဲ့ အကြောင်းကို စဉ်းစားကြည့်တော့ သူတို့က ဌာနဆိုင်ရာစစ်မယ်။ ရသုံးက စစ်မယ်။ လွှတ်တော်ကိုတင်မယ်။ သာမန်အားဖြင့် အရင်တုန်းက ပြည်သူ့ငွေစာရင်း ကော်မတီလည်း မရှိဘူးလေ။ လွှတ်တော်က ဘတ်ဂျက် ပြန်လာတင်ရင် ဆွေးနွေးမှုလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အသေးစိတ်စစ်ဆေးတာ မရှိနိုင်ဘူး။ အဲဒီအခါကျတော့ ဘတ်ဂျက်ကို တတ်နိုင်သလောက် ပိုတင်လိုက်။ ရည်ရွယ်ထားတာကို သုံးပြီးရင် ကျန်တာကို အခြားနေရာမှာ သုံးလို့ရတာပဲ။ သုံးတဲ့အခါကျတော့ အလွဲသုံးစားလုပ်သလားဆိုတဲ့ ရှုတောင့် က နေပဲ စစ်တာများတယ်။ အဲဒီအတွက် ကြောင့် ဘတ်ဂျက်တွေကို ပိုတောင်းထား တယ်။ ပြီးသွားတော့လည်း လိုအပ်ချက် ထက်တောင်းတယ်။ လိုအပ်ချက်ကလည်း အမှန်ရှိနေတယ်။ ကျွန်တော်တို့က အပြစ် လို့တော့ မမြင်ဘူး။ ဘတ်ဂျက်ကို ဌာနတိုင်းက ပိုတောင်းတယ်။ ဘယ်လောက်တောင် ပိုကောင်းသလဲဆိုရင် အခုကာလတော့ မဟုတ်ဘူးပေါ့။ စည်ပင်ဘတ်ဂျက် ဆိုလို့ရှိရင် မော်တော်ယာဉ်ဌာနက လောင်စာဆီ ဘတ်ဂျက်ကို ပိုတောင်းတာက ဝယ်လိုက်တာက စည်ပင်ဌာနကြီး တစ်ခုလုံးသုံးဖို့ ဝယ်ထားတဲ့ သဘောရှိတယ်။ အဲဒီဟာကို ဝယ်နိုင်လောက်အောင် ဘတ်ဂျက်ကို ကြိုတောင်းထားတယ်။ ဘယ်လောက်များသလဲဆိုရင် ဆီတောင် ထားစရာနေရာ မရှိလို့ ကုမ္ပဏီမှာ ထားထားရတယ်။ ဒီဟာကို အပြစ်လို့မထင်ဘူး။ စာရင်းက မှန်ကန်လို့ ရှိရင် ဖြစ်တယ်လို့ထင်တယ်။ အဲဒီ အလေ့ အကျင့်ကို ပြောရဆိုရတာ တော်တော် လေးတော့ခက်ခဲတယ်။ ဌာနအနေနဲ့ ကြည့် ကြည့် မြို့နယ်အနေနဲ့ကြည့်ကြည့် ကိုယ့်ဘက်က နင်းကန်တောင်းထားပြီး အကြောင်းပြချက် ခိုင်လုံတော့ လွှတ်တော်ကလည်း မပေးလို့ မရတော့ဘူး။ အကြောင်းအရာကို ကြည့်ပြီးပေးလိုက်မယ်ဆိုရင် အခြားရသင့် ရထိုက်တာတွေမရတော့ဘူး။ ဥပမာဆိုရင် လမ်းပြင်ရမှာ မပြင်ဖြစ်ဘူး။ အဆောက်အအုံပြင်ရမှာ မပြင်ဖြစ်ဘူး။ ဒါကြောင့်မို့လို့ ဒီဘတ်ဂျက်ကို တတ်နိုင်သလောက် မျှပေးနိုင်ဖို့ စိစိစစ်စစ် ပြန်စစ်တယ်။ အချို့ငွေစာရင်းတွေကို ပြည်သူ့ငွေစာရင်းက လွှတ်တော်ထဲမှာ ဖြတ်တောက်လိုက်တာရှိတယ်။ ဖြတ်တောက်လိုက်သည်လို့ လုပ်လိုက်ရင် ပြည်ထောင်စုရန်ပုံငွေထဲ ပြန်ရောက်သွားတာလဲရှိတယ်။ တိုင်းက သုံးစွဲခွင့် လျော့သွားတာပေါ့။ အဲဒီလိုမဖြစ်အောင် ဌာနတွေကို တတ်နိုင်သလောက် အမှန်နဲ့ နီးစပ်အောင် စစ်ပေးမှာပေါ့။ အမှန်နဲ့နီးစပ်အောင် ဆိုတာက အမှန်အတိုင်း ဖြစ်အောင် စစ်လို့မရဘူး။ Fature Cause ကိုလည်း ထည့်တွက်ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ Yellow Book တွေမှာ အဲဒါကို ကာဘာဖြစ်အောင် တွက်ပြီးသားပဲ။ စျေးတွေက မတန်တဆများတယ်။ ဒါပေမဲ့ ဒီဟာကို မပြင်နိုင်သေးသရွေ့ အဆင်မပြေနိုင်ဘူး။

မေး - အခု ဘတ်ဂျက်မှာဆိုရင် ကိုကိုးကျွန်းသင်္ဘော ဝယ်ယူဖို့၊ ရဲတပ်ဖွဲ့မှူးရုံးနဲ့ စုပေါင်းရာဇဝတ်တရားရုံး ဆောက်ဖို့အတွက် အချက်အလက် မပြည့်စုံဘူးဆိုတာ ဘာတွေကြောင့်ပါလဲ။

ဖြေ - အခုပြဿနာဖြစ်နေတဲ့ ဘတ်ဂျက်နှစ်ခုမှာဆိုရင် ပြည်ထောင်စုကိစ္စ ဖြစ်နေတယ်ဆိုတာ ဒုတိယကိစ္စပေါ့။ ပထမက ဘာလဲဆိုတော့ ဘတ်ဂျက်တောင်းတာ ပုံမမှန်ဘူးပေါ့။ One Lin Figure နဲ့ မတောင်းပါနဲ့လို့ပြောတာ။ ဒီကိစ္စကို လွှတ်တော်က မဆွေးနွေးရတော့ဘူး။ ပြည်ထောင်စု ဘတ်ဂျက်တိုင်းကို မပေးဘူးလို့ မငြင်းလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လျှပ်စစ်ကဟာတွေ အကုန်ပေးနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာမီးလင်းရေးက ကျွန်တော်တို့ ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ ပြည်ထောင်စုကို စောင့်နေရင် မီးလင်းမှာ မဟုတ်လို့ လုပ်ပေးလိုက်ရတာ တွေရှိတယ်။ အခြေအနေအရ ပေးရတာတွေရှိတယ်။ တကယ်လို့သာ ခိုင်မာအောင် တင်ခဲ့လို့ရှိရင်၊ သူတို့တင်တာလည်း ပုံမမှန်ဘူး။ PAE နှုန်းတွေမြင့်နေတယ်။ နိုင်ငံတကာမှာ လွှတ်တော်က အများပြည်သူ လေ့လာတဲ့ နေရာဖြစ်တယ်။ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာတဲ့ နေရာဖြစ်တယ်။ ဒီနေရာမှာ လုံခြုံရေး အဖွဲ့အစည်းရဲ့ အဆောက်အအုံရှိတာ သင့်တော်မလား။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က လက်မခံတာ။ နောက်တစ်ခုက On Going Process ဖြစ်တယ် ဆိုတာပေါ့။ မနှစ်တုန်းက ကျွန်တော်တို့က ဒီဘတ်ဂျက်ကို ပေးခဲ့တာ ဒီဇိုင်းတင်ဒါခေါ်ဖို့ ပေးခဲ့တာ။ ဘတ်ဂျက်ကို ခဏစိုက်ပေးတဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ Developer ကပြန်သွင်းရမှာ။ အဲဒီပိုက်ဆံကို အဲဒီအခါကျတော့ ဒီလုပ်ငန်းစနိုင်အောင် လုပ်ပေးမယ်ဆိုပြီး ပေးခဲ့တာ။ ပြည်ထောင်စုဆိုပြီး ရီပို့ထဲမှာ ထည့်ရေးပါတယ်။ ဒါကို မလုပ်ပေးရင် လုပ်ငန်းက စလို့မရဘူး။ ဒီပိုက်ဆံကလည်း ပြန်သွင်းရင် ပြန်ရမှာပဲဆိုပြီး ပေးခဲ့တာ။ မှားလို့ရှိရင်လည်း ကျွန်တော်တို့ တာဝန်ယူတယ်။ ဒါပေမဲ့ On Going Process ဆိုတာကို လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေမှာ ဘာမှ မဆောက်ရသေး ဆိုတာကတော့ ဘာမှမဆိုင်ဘူး။ နှစ်ခုစလုံးက မဆောက်ရသေးတဲ့အတွက် On Going Process မဟုတ်ဘူး။ On Going Process ဖြစ်လို့ ပေးရမယ်ဆိုတာ ကျွန်တော် လက်မခံပါဘူး။ ဒါကျွန်တော်တို့ အစိုးရပဲ စေတနာကို သံသယမရှိဘူး။ ရဲတွေအတွက် ဆောက်ပေးချင်တယ်။ တရားခံအတွက် အဆင်ပြေစေချင်တယ်။ ကိုကိုးကျွန်း ပြည်သူတွေအတွက် စေတနာရှိတယ် အငြင်းပွားဖွယ် မရှိဘူး။ ပြဿနာက အများပြည်သူ ပိုက်ဆံကို သုံးတဲ့အခါ စေတနာနဲ့ မပြီးဘူး လုပ်ထုံးလုပ်နည်း မှန်ဖို့လိုတယ်။ ရဲတွေကို နိုင်ငံတကာအဆင့်မီ ရုံးကြီးတစ်ရုံး လုပ်ပေးချင်ပုံရတယ်။ ဒါပေမဲ့ ပြည်ထောင်စုက လုပ်ပေးရမယ့်ကိစ္စ၊ ဒါပေမဲ့ ဘာနဲ့လုပ်ရမလဲဆိုတော့ ကိုယ်စားလှယ်တွေ လိုအပ်ချက်တွေကို ဖျက်ပြီးလုပ်ရမှာ။ နောက်တစ်ခုက အကျဉ်းဦးစီးဌာနမှာ ဆောက်မှာကလည်း အသေးစိတ် မသိရဘူး။ အဲဒါကြောင့် လွှတ်တော်မစခင် ရှင်းပြတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ထောင်ထဲက ရာဇဝတ်သားတွေ ကားလမ်းကျပ်လို့ ဒုက္ခရောက်တယ်။ လုံခြုံရေး ရှု့ထောင့်က ကြည့်ရင်လဲ မကောင်းဘူးဆိုပြီး မြေအောက်ကနေသွားပြီး အချုပ်ကားနဲ့ တရားရုံးကိုပို့မယ်။ ဒါပေမဲ့ အကျဉ်းသားက အဆင်ပြေပြီး မိသားစုတွေ၊ သက်သေတွေ လာရဲ့ပြဿနာတွေရှိတယ်။ အဲဒီပြဿနာကို ထည့်စဉ်းစားသင့်တယ်။ ကောင်းတဲ့စေတနာနဲ့ လုပ်ပေမယ့် ခေါင်းအားလုံးနဲ့ ၀ိုင်းစဉ်းစားတော့ အဖြေပိုတိကျတာပေါ့။ ဘဏ္ဍာရေး ကော်မရှင်ကလည်း နှစ်ဖက်လုံးက သုံးသပ်ချက်ကို စဉ်းစားရမှာ။ ဒီဟာတွေဟာ စေတနာမှန်တယ် လုပ်သင့်တယ် ယူဆရင် ဘဏ္ဍာရေးအရ လိုငွေက အရမ်းများတယ်။ ဆင်ခြေဖုံး ဒေသတွေမှာလည်း လိုအပ်ချက်တွေ အရမ်းများနေတယ်။ အဲဒီအခါကျတော့ ပါတီရဲ့ပုံရိပ်၊ ကိုယ်စားလှယ်ပုံရိပ်၊ အစိုးရ ပုံရိပ်တွေကို ထည့်စဉ်းစားရမယ်။ ဘဏ္ဍာရေး ရှုထောင့်ကနေ ပြောနေရတာ ပြည်ထောင်စုက လုပ်နိုင်ရင် လုပ်ပေးလိုက်။ ကျွန်တော် စိတ်ပူတာက ဒါတွေက နှစ်ရှည် စီမံကိန်းတွေ ဖြစ်နေတယ်။ ကိုကိုးကျွန်းကိစ္စကို စိတ်ပူတာက တင်ဒါရသွားတဲ့ ကုမ္ပဏီက ဆွဲပေးမှာပေါ့။ အရင်လူတွေတုန်းက အဆင်မပြေမှုတွေ မရှိတော့။ ခေတ်က ရေလမ်းပို့ဆောင်ရေးက အဆင်ပြေတဲ့ခေတ် မဟုတ်တော့ဘူး။ စီးပွားရေး တွက်ခြေမကိုက်ရင် ရပ်လိုက်ရမှာ။ ဘာမှအကျိုးမရှိမှာကို စိတ်ပူတာ။ စီးပွားရေးစီမံချက် ခိုင်ခိုင်မာမာ မတွေ့ရဘူး။ အဲဒါကြောင့် အခြားနည်းနဲ့ စဉ်းစားပါလို့ ပြောခဲ့တယ်။ အစိုးရကို ကျော်မလုပ်ချင်ဘူး။ အချို့ကိစ္စတွေက မလုပ်နိုင်ရင် ပြည်ထောင်စုနဲ့ လုပ်ရမှာရှိတယ်။ ပြည်ထောင်စုရယ်၊ တပ်မတော်ရယ်၊ တိုင်းဒေသကြီးအစိုးရရယ် ညှိနှိုင်းလုပ်လို့ရတယ်။ အငှားရေယာဉ် လုပ်ရင်တော့ ပိုက်ဆံအကုန်နည်းပြီး အကြောင်းတစ်ခုကြောင့် ပျက်သွားရင် အရေးယူတာဘာတွေ မဖြစ်ဘူး။ တိတိကျကျ ဘယ်လိုလေ့လာထားလဲ ဘယ်လိုင်းနဲ့ပြေးဆွဲရင် ဘယ်လောက်ရမလဲ။ အဲဒီလို စဉ်းစားချက်တွေအရ ကန့်ကွက်ရတာဖြစ်တယ်။

မေး - အခုကိစ္စတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆွေးနွေးသူ အများအပြားရဲ့ ဆွေးနွေးချက်ကို သေချာပြန်လည် မဖြေကြားဘဲနဲ့ ထောက်ခံသူ အနည်းငယ်ကိုသာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့မှုအပေါ်ဘယ်လို ပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။ လွှတ်တော်ဘက်က ဆွေးနွေးတာတွေကို လက်ခံပါတယ် ဆိုရင်လည်း ဘာမှရတော့မှာ မဟုတ်ဘူး။ အစိုးရဘက်က ပေါ်လစီမှာ အခက်အခဲ ရှိတာပေါ့နော်။ အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ လူ ၃၃ ယောက်ဆွေးနွေးတယ်။ နှစ်ယောက်က မူအားဖြင့် လက်ခံတယ်။ တစ်ယောက်ပဲ ထောက်ခံတာကိုပဲ ဝန်ကြီးကပြောတယ်။ ကျန်တဲ့လူ ၃၀ ကိုထည့်မပြောဘူး။ ဒါက ဟိုအရင်ခေတ်ဟောင်းက လုပ်တဲ့အလေ့အထတွေ။ ဒါတွေကို မကြိုက်လို့ ကျောင်းသားဘဝကတည်းက နိုင်ငံရေး လုပ်ခဲ့တာ။ ဒါမျိုးကိုတွေ့ရတာ တော်တော်စိတ်မကောင်းဘူး။ ဝန်ကြီးအခက်အခဲကို နားမလည်လို့ မဟုတ်ဘူး။ နားလည်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောရတာ၊ ဒါကြောင့်မို့လို့ မဲခွဲချင်တာ၊ ကျွန်တော်တို့ မှားတယ်လို့ပြောတဲ့ အမတ်တွေရှိတာပဲ။ ဒီလူတွေက သူတို့ဘက်က ရပ်နိုင်တာပဲ။ ကျွန်တော်တို့ ရှုံးနိုင်တာပဲ၊ ကျွန်တော်တို့ဆီမှာ လွဲနေတယ် ဆိုတာကို ပြောချင်တယ်။ ဘတ်ဂျက်ကို ကျွန်တော်တို့ ကော်မတီကို တစ်ရက် ဆွေးနွေးခွင့်ပေးလိုက်။ ကျွန်တော်တို့ ဆွေးနွေးတဲ့အချိန်မှာ ဘယ်သူမှ မဆွေးနွေးနဲ့ ကျွန်တော်တို့ ထောက်ပြထားတဲ့ အချက်တွေကို ကိုယ်စားလှယ်တွေက ကြည့်ထားပြီး ကော်မတီက မပါတဲ့ဟာတွေကို ဆွေးနွေးတဲ့အခါ အစီရင်ခံစာအပေါ်မှာ ကျွန်တော်တို့က အချိန်အများကြီး အကုန်ခံပြီး လုပ်ထားတာ၊ အခုကျတော့ ကျွန်တော်တို့ လုပ်တာကို ကိုယ်စားလှယ်တွေက အစက ပြန်လုပ်နေရတယ်။ ကိုယ်စားလှယ်တွေက အစီရင်ခံစာကို သဘောကျရင် ထောက်ခံရမှာ။ ပြည်သူ့လွှတ်တော်တို့ ဘာတို့မှာ ဒီအတိုင်းပါပဲ၊ အဲ့ဒါဆို လုပ်ငန်းစဉ်က ပိုပြီးတော့ အဆင်ပြေသွားမယ်။ ဘတ်ဂျက် ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီးထိရောက် သွားတာပေါ့။ အဲဒီလို အလေ့အကျင့်မျိုးလေး ဖြစ်ချင်တာ။

မေး - ကိုယ်စားလှယ် အယောက် ၃၀ ကန့်ကွက် ထားပေမယ့် မဲခွဲဆုံးဖြတ်ခြင်း မပြုတော့ဘဲ လျာထားချက်ကို ဝန်ကြီးချုပ်စီ တိုက်ရိုက်ပေးပို့မယ်ဆိုတဲ့ အပေါ်ကိုလည်း ပြောကြားပေးပါ။

ဖြေ - နောက်တစ်ခုက ဥပဒေရေးရာ ကောက်ယူတဲ့ပြဿနာ။ ဒီဟာကို ကျွန်တော်စိတ်ပူတယ်။ နည်းဥပဒေပုဒ်မ ၁၄ဝက မနှစ်ထဲက ဖြစ်တယ်။ ကားကိစ္စငြင်းခုံတော့ ဥက္ကဋ္ဌကြီးက လွှတ်တော်ကို ရပ်ပြီးတော့ ပြန်ပြီးညှိနှိုင်း ဆွေးနွေးပြီး ၁၄၀ အရပဲ ဝန်ကြီးချုပ်ဆီ ပို့လိုက်တယ်။ ဒါပေမဲ့ ဘာပြဿနာမှ မရှိဘူး။ ကန့်ကွက်ထားတဲ့ ကားတွေကို ဝန်ကြီးက ဖြုတ်လိုက်ပြီး ပြည်ထောင်စုက လုပ်ပေးမယ်ဆိုတော့ ရှင်းသွားတယ်။ အခုကျတော့ မတူဘူး။ ၁၄၀ နဲ့ လုပ်ရင်စိတ်ပူတယ်။ ကျွန်တော့်ဘက်က ထောက်ခံဆွေးနွေးသူတွေကို အစောကြီးထဲက ပြောထားတယ်။ အခြေအနေက အမျိုးမျိုးဖြစ်နိုင်တယ်။ အဲဒါကို ကျွန်တော်တို့ လုပ်ခွင့်မရခဲ့ဘူး။ အဲဒါကို စိတ်မကောင်းဘူး။ ရှုံးတာ နိုင်တာကြောင့် မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၉၄ မှာ ပြဋ္ဌာန်းထားတာ တော်တော်ရှင်းတယ်။ ဘတ်ဂျက်လျာထားချက်ဆိုပြီး တိတိကျကျ ဖော်ပြထားတယ် နည်းလမ်းအတိုင်း တင်ပြလာလျှင် လွှတ်တော်ဆုံးဖြတ်ရမယ်ဆိုပြီး ဖော်ပြထားတယ်။ နည်းဥပဒေကို ရေးခဲ့တာက အေးချမ်းစိုး အစိုးရလက်ထက်။ သူတို့ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေက ကွဲလွဲနေတယ်။ နည်းဥပဒေမှာ ကျွန်တော်တို့ ဆုံးဖြတ်ရမယ်ဆိုတာ ပါမလာဘူး။ နည်းဥပဒေ ၁၄၀ အရ ဝန်ကြီးချုပ်ဆီ ပို့ချင်ပါတယ်။ အခြေခံဥပဒေ ၁၉၄ အရ လျာထားချက် ဖြစ်တဲ့အတွက် လွှတ်တော်က ဆုံးဖြတ်ပေးမယ်။ လိုအပ်ရင် မဲခွဲမယ် မလိုအပ်ရင် မဲမခွဲဘူး။ အဖြေတစ်ခု ထွက်သွားအောင်၊ ဒါနှစ်ခုလုံးနဲ့ ကိုက်မယ်ထင်တယ်။ အဲဒီနေ့က ကျွန်တော်ရှင်းပြတယ် လုံးဝအဆင်မပြေဘူး။ သုံးကြိမ်ထက်ပြောရင် မကောင်းလို့ ကျွန်တော်မပြောတော့ဘူး။ ဥပဒေနဲ့ နည်းဥပဒေယှဉ်ရင် အခြေခံဥပဒေကို လိုက်နာရမယ်။ ဒီဥပဒေကို မပြင်နိုင်သေးသရွေ့တိုင်းပဲ လိုက်နာရမယ်။ ၁၉၄ ကိုကျော်လို့ မရဘူး။ ၁၄၀ က ၁၉၄ အရဖြစ်လာတာတွေကို ပို့လိုက်ရင်ရပြီ။ တိုင်းနဲ့ ပြည်နယ် တော်တော်များများ လွှတ်တော်နည်းဥပဒေကို ပြန်ရေးကြတယ်။ ကျွန်တော်တို့ လွှတ်တော်က ပြန်မရေးနိုင်သေးဘူး။ ရေးလိုက်ရင် ဘာမှမကြာပါဘူး။ မရေးနိုင်သေးရင်တောင် ဖြစ်သင့်တာကို ကျော်ပြီးမလုပ်သင့်ဘူး။ ဥပဒေတွေကတော့ သာမန်လူတွေ နားမလည်နိုင်ဘူး။ ရိုးရိုးလေး စဉ်းစားလိုက်မယ် ဘတ်ဂျက်တစ်ခုကို လွှတ်တော်အဆုံးအဖြတ် မယူပဲ လုပ်တာ ဘာလုပ်တာလဲ။ အချိန်တွေ အလကား ကုန်တာပေါ့၊ ကျွန်တော်တို့ အဖြေမှန်တယ်လို့ မပြောပါဘူး။ ဆုံးဖြတ်ပေးပါဆိုပြီး တောင်းဆိုတာ၊ မနှစ်က ၁၄၀ နဲ့ ပို့ခဲ့တယ်။ ကျွန်တော်တို့ လွှတ်တော်လုပ်ခဲ့တာ နှစ်နှစ်ထဲ မဟုတ်ဘူးလေ။ မနှစ်ကမှ ၁၄ဝနဲ့ ပြန်ပို့တယ်ဆိုပြီး ဖြစ်ခဲ့တာ။ အမှန်လုပ်ပြီးမှ မှားသွားတာ။ အမှားကို အမှန်ပြန်မပြင်နိုင်ဘူး ဖြစ်နေတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်မှာ မဆုံးဖြတ်ဘဲနဲ့ ယူသွားလားပြန်ကြည့်ပါ။ မဟုတ်ရင် ချွန်ပြီးတော့ မလုပ်သင့်ဘူး။

 

Most Read

Most Recent