အလုံးစုံပျက်သုဉ်းရေးဘက် ဦးတည်နေပြီလား

အလုံးစုံပျက်သုဉ်းရေးဘက် ဦးတည်နေပြီလား
ဇွန် ၁၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး  (၁/၂၀၁၉) အား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ဇွန် ၁၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) အား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 15 June 2019
ဒေါက်တာရန်မျိုးသိမ်း

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး (လွှတ် တော်ဝင်း) အင်းစိန်၊ စုပေါင်းရာဇဝတ်တရား ရုံးနှင့် ကိုကိုးကျွန်းသွားသင်္ဘောကိစ္စတို့ အကျုံးဝင်နေသည့် ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်း၍ လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပမှ ဖေ့စ်ဘွတ်၊ မီဒီယာနှင့် အများပြည်သူအကြား ဝေဖန်သုံးသပ်သံများ မြင့်မားလျက်ရှိပြီး အစိုးရနှင့်လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းနိုင်မှု၊ အစိုးရ၊ လွှတ်တော်နှင့် အာဏာရပါတီအကြား ဟန်ချက်ညီညီ ပေါင်းစပ်ပြည်သူ့အကျိုးပြုနိုင်မှု တို့ကို အကဲစမ်းမည့်သဘော ဆောင်နေသည့် အပြင် ဆောလျင်စွာ ထိန်းကျောင်းတည့်မတ် ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းမရှိလျှင် အလုံးစုံပျက်သုဉ်းရေးဘက်ဆီ ဦးတည်သွားမည်လား စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ပထမနေ့ ၂၀၁၉ ခုနှစ် ဇွန် ၁၁ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန် တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာ ထားချက်) ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် ဇွန် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉- ၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ် အကြံပြုချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး (လွှတ်တော်ဝင်း) ခုနစ်ထပ် အဆောက်အအုံ တည်ဆောက်ရန် ယခုဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၅,၀၀၀ တောင်းခံထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၀၀၀ တင်ပြတောင်းခံခဲ့ပြီးဖြစ်သည်ဟု ကော်မတီ ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ အ ဆိုပါစီမံကိန်းအတွက် ခန့်မှန်းကြမ်းခင်းဧရိ ယာမှာ ၂၄၃၅၃၆ စတုရန်းပေဖြစ်ပြီး တန်ဖိုး မှာ ကျပ်သန်း ၉၇၄၁ ဟု ခန့်မှန်းတင်ပြထား သည်။ တင်ဒါအောင်မြင်ထားသော ဒီဇိုင်းအ တိုင်း အသေးစိတ်တွက်ချက်မှုများဖြင့် တင်ပြ တောင်းခံထားခြင်းမရှိဟု ကော်မတီက လွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်။

စုပေါင်းရာဇဝတ်တရားရုံး (အင်းစိန်) တည်ဆောက်ရန် ယခုဘဏ္ဍာရေးနှစ်တွင် ကျပ် သန်း ၆၀၀၀ တောင်းခံထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ယင်းလုပ်ငန်း၏ မြေစမ်း သပ်ခ၊ ဒီဇိုင်းဆွဲခြင်းနှင့်မြေသားပြုပြင်ခြင်း အတွက် ကျပ်သန်း ၁၆၆၆.၄၀ တင်ပြတောင်း ခံခဲ့ပြီးဖြစ်ကြောင်း ကော်မတီက အစီရင်ခံ တင်ပြခဲ့သည်။ အဆိုပါစီမံကိန်းအတွက် ခန့် မှန်းကြမ်းခင်းဧရိယာမှာ ၃၀၄၉၂၀ စတုရန်း ပေဖြစ်ပြီး တန်ဖိုးမှာ ကျပ်သန်း ၁၅၂၄၆ ဟု ခန့်မှန်းတင်ပြထားသည်။ အဆိုပါလုပ်ငန်း အတွက် ဒီဇိုင်းတင်ဒါခေါ်ယူထားသော်လည်း အစီရင်ခံသည့်နေ့အထိ တင်ဒါလုပ်ငန်း ပြီးစီးခြင်းမရှိကြောင်း ကော်မတီက အစီရင်ခံ တင်ပြခဲ့သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် စုပေါင်း ရာဇဝတ်တရားရုံးတည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဒီဇိုင်းတင် ဒါများခေါ်ယူရန် ဘဏ္ဍာငွေတင်ပြတောင်း ခံခဲ့စဉ်ကပင် ယင်းစီမံကိန်းများကိုပြည်ထောင် စုဘဏ္ဍာရန်ပုံငွေမှ သုံးစွဲသင့်ကြောင်းနှင့် အ သေးစိတ်တွက်ချက်မှုများမပါရှိသဖြင့် စိစစ် နိုင်ခဲ့ခြင်းမရှိကြောင်း ယခင်နှစ်အစီရင်ခံစာ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်ဟု ကော်မတီကအစီရင်ခံခဲ့သည်။ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အသေးစိတ်တွက်ချက်မှုများမရရှိဘဲ ခန့်မှန်း တစ်စတုရန်းပေစံနှုန်း PAE နှုန်းအဖြစ် ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးအတွက် ကျပ် ၄၀၀၀၀ နှင့် စုပေါင်းရာဇဝတ်တရားရုံးအတွက် ကျပ် ၅၀၀၀၀ တို့ဖြင့် တွက်ချက်ထားပြီး အခြားဌာန များမှ စီမံကိန်းများ၏ PAE နှုန်းများထက် များစွာကွာခြားမြင့်မားနေသည်ကို တွေ့ရှိရကြောင်း အစီရင်ခံဖော်ပြခဲ့သည်။

ကော်မတီ၏ အစီရင်ခံစာတွင် ကိုကိုး ကျွန်းမြို့နယ်အတွက် သင်္ဘောဝယ်ယူရန် ကျပ်သန်း ၅၀၀၀ တောင်းခံထားကြောင်း ဖော်ပြခဲ့သည်။ ကိုကိုးကျွန်းခရီးစဉ်သည် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိနိုင်ခြင်း၊ ရေမိုင် ၂၆၀ ဟင်းလင်းပြင်ပင်လယ်ခရီးဖြစ်သဖြင့် များစွာအန္တရာယ်ရှိနိုင်ခြင်း၊ ဘဏ္ဍာငွေ ကျပ်သန်း ၅၀၀၀ မျှလောက် များပြားသော ပမာဏအတွက် ကာလရှည်ကြာ စဉ်ဆက်မပြတ် အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ယင်းဘဏ္ဍာငွေများ ပျောက်ပျက် ဆုံးပါးခြင်းမရှိစေရန် တိတိကျကျ အာမခံ ထားသည့် Business Plan ခိုင်ခိုင်မာမာ မတွေ့ရှိရခြင်းနှင့် ယခင်ကရေရှည်  ပြေးဆွဲ နိုင်မှုမရှိခဲ့ခြင်းတို့ကြောင့် သင်္ဘောဝယ်ယူရန် မသင့်ဘဲ အခြားနည်းလမ်းများဖြင့် ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုအစီရင်ခံ ခဲ့သည်။

ဖော်ပြပါ စီမံကိန်းသုံးခု၏ တန်ဖိုးစုစုပေါင်း ကျပ်သန်း ၂၉၉၈၇ ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များနှင့်သက်ဆိုင်သော ဦးစားပေးဖော် ဆောင်ရမည့် စီမံကိန်းများတွင် ထိထိရောက်ရောက် သုံးစွဲနိုင်ရေး သုံးသပ်စဉ်းစားနိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အပေါ် အချက်အလက်၊ အထောက်အထား၊ အကြောင်းပြချက်၊ အကြံပြု တိုက်တွန်းချက်များ စုံစုံလင်လင်ဖြင့် တင်ပြဆွေးနွေးနိုင်ခဲ့သည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ပင်ဖြစ်သည်။ ရှေ့လျှောက်လည်းဆက်လက်  တိုက်တွန်းဆွေးနွေး တည့်မတ်ထိန်းကျောင်း ရဦးမည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ပင်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း (လျာထားချက်) ပါ စီမံကိန်း များနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များ အနေဖြင့် ကြပ်ကြပ်မတ်မတ် ထိန်းကျောင်း တည့်မတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဒီချုပ် ပါတီအနေဖြင့် တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်က ဆောင်ရွက်နေသည့် ကိစ္စရပ် များတွင် ထိန်းကျောင်းတည့်မတ်နိုင်ခြင်းမရှိ လျှင် နိုင်ငံရေးအရ တာဝန်ပျက်ကွက်သည့် သဘောဆောင်နိုင်သည်ကို မျက်ခြည်မပြတ်သင့်ပေ။ ရွေးကောက်ပွဲတွင်ပါတီဆိုင်းဘုတ်၊ အလံနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အစိုးရ အဖွဲ့ဝင်များကို ဒီချုပ်ပါတီကရွေးချယ်၍ ဒီ ချုပ်ကိုယ်စားလှယ် အများစုပါဝင်သော လွှတ် တော်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ သို့ ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် အစိုးရ၏ဆောင်ရွက်ချက်တိုင်း၊ ခြေလှမ်းတိုင်းနှင့်ပတ်သက်လျှင် တာဝန်ကြီး ကြီးမားမားရှိမည်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၆၂ (ဌ) ပါ ပြဋ္ဌာန်းချက်များအရ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဖြစ်ပြီး တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီး များသည် သက်ဆိုင်ရာတိုင်းဒေသကြီးသို့မ ဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဖြစ်သည့် အလျောက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆင်ခြင်သုံးသပ်လျက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံကိန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့အကျိုးကို ရှေးရှုကာ လမ်းညွှန်ထိန်းကျောင်းနိုင်မည်ဆိုလျှင် ပိုမိုထိရောက်အလုပ် ဖြစ်နိုင်ဖွယ်ရှိလိမ့်မည်ဟု ထင်မြင်မိပါသည်။

၁၉၉၅ ခုနှစ် နေအိမ်အကျယ်ချုပ်မှ ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာပြီးနောက် ပထမဆုံး ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်တွင် Dialogue or utter devastation တွေ့ဆုံဆွေးနွေးရေးလား၊ အ လုံးစုံပျက်သုဉ်းရေးလား ဟုဖော်ပြခဲ့ပြီး အ ဆိုပါစကားစုသည် မြန်မာမှာသာမက ကမ္ဘာ တစ်ဝန်းမှာပါ ကျော်ကြားခဲ့ကာ ယခုအချိန် အထိ သြဇာသက်ရောက်နေဆဲပင်ဖြစ်သည်။ လတ်တလော မြင်နေ တွေ့နေ၊ ကြားနေရ သည်များကို ပြန်လည်ဆန်းစစ်သုံးသပ်မည်ဆို လျှင် မြန်မာနိုင်ငံ၏ မျက်မှောက်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်ကဏ္ဍ အသီးသီးတွင် တွေ့ဆုံဆွေးနွေးရေး၊ စားပွဲ ၀ိုင်းထက် ညှိနှိုင်းအဖြေရှာရေး Dialogue သည် အားလျော့သထက် အားလျော့လာနေ သည့်သဘော မြင်တွေ့နေရပြီး အလုံးစုံပျက် သုဉ်းရေး utter devastation ဘက်သို့ ဦးတည် သထက် ဦးတည်သွားမည်လား စိုးရိမ်ဖွယ်ရာ ပင်ဖြစ်သည်။

အချုပ်အနေဖြင့်ဆိုရသော် ဒီမိုကရေစီ နိုင်ငံရေးတွင် အစိုးရနှင့် လွှတ်တော်တို့ကို ပြည်သူလူထုနှင့်အတူ တည့်မတ်ထိန်းကျောင်း နိုင်မှသာ ဒီမိုကရေစီပြုရေးသည် ပျက်သုဉ်း နိုင်ခြေနည်းမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒမဲဖြင့် နေရာရလာသည့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဆန်ရင်းနာ နာဖွပ်ထုံး နှလုံးမူရင်း ဝေဖန်ထောက်ပြ၊ တည့် မတ်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအ ကြား အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှု လျော့ပါးလာမည်ဆိုလျှင်၊ မဏ္ဍိုင်သုံးရပ် သည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့် အလှမ်း ဝေးသထက် ဝေးလာမည်ဆိုလျှင် ဒီမိုကရေစီ ပြုရေးချည့်နဲ့လာခြင်းနှင့်အတူ အလုံးစုံပျက် သုဉ်းခြင်းဘက် ဦးတည်သွားမည်လား စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူလူထုက ယုံယုံကြည်ကြည် အပ်နှင်းခဲ့သည့်တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို မျက်နှာမူ၊ ပြည်သူ့အကျိုးရှေးရှုလျက် ဒီမိုကရေစီပြုရေး ပျက်သုဉ်းနိုင်ခြေရှိသည့် ခြေလှမ်းများကို လွှတ်တော်၏အဆုံးအဖြတ်ဖြင့် ဟန်ချက်ညီညီ ဗျူဟာမြောက်ထိန်းကျောင်းတည့်မတ်နိုင်ရေး ဦးတည်ကြိုးပမ်းသင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရပါသည်။

Most Read

Most Recent