သရုပ်ဆောင်ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ဖြိုးငွေစိုးနှင့် တွေ့ဆုံခြင်း
Published 27 May 2019
လင်းလင်းခိုင်

လတ်တလောတွင် ပရိသတ် ကြိုတင်စိတ်ဝင်စားမှုများပြားလျက်ရှိသည့် ‘ဧည့်သည်’ ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင်ဖြိုးငွေစိုးက ငွေကြေးချမ်းသာကာ မိမိချစ်ရသည့်မိန်းကလေးအတွက် မေတ္တာတရားကြီးမားကာ ခွင့်လွှတ်တတ်သူတစ်ဦးအဖြစ် ပါဝင်ထားသည်။ သရုပ်ဆောင် ဖြိုးငွေစိုး၏ ကိုယ်ပိုင်ဇာတ်လမ်းကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးကာ ကိုယ်တိုင်ပါဝင်ထားသည့် ‘မင်္ဂလာရွာ’ ဇာတ်လမ်းတွဲအားလည်း Canal+ ရုပ်သံ၌ထုတ်လွှင့်ပြသခဲ့ပြီး Season 2 ကို ဆက်လက်ရိုက်ကူးလျက်ရှိသည်။ ‘ဧည့်သည်’ ဇာတ်ကား တွင် ချစ်ခြင်းမေတ္တာကိုပုံဖော်နိုင်သည့် သရုပ်ဆောင်မှုများ၊ ဒိုင်ယာလော့ခ်များဖြင့် ပရိသတ်များကြားတွင် စိတ်ဝင်စားမှုများပြားလျက်ရှိသည့် သရုပ်ဆောင်ဖြိုးငွေစိုးနှင့်တွေ့ဆုံ၍ ယင်းဇာတ်ကား၏အမှတ်တရများ အပါအဝင် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဧည့်သည်ဇာတ်ကားကို ပြန်ကြည့်ပြီးတဲ့အခါ ဘယ်လိုများခံစားရလဲ။

ဖြေ - ကိုယ်ပါဝင်တဲ့ဇာတ်ကားကို ပြန်ကြည့်တဲ့အခါ တစ်ခါတလေ သိပ်အဆင်မပြေတတ်ဘူး။ ဒီဇာတ်ကားက ကျွန်တော် ကြိုက်တဲ့ ဇာတ်ကားလေးလည်းဖြစ်တယ်။ ပရိသတ်တွေက ဒီဇာတ်ကားလေးကိုကြည့်ပြီးရင် ဘယ်လိုတွေတုံ့ပြန်ကြမလဲဆိုတာလည်း သိချင်ပါတယ်။

မေး -  ဒီဇာတ်ကားမှာပါဝင်ဖြစ်တဲ့ အဓိကအကြောင်းဆိုရင်ရော။

ဖြေ - အဓိကတော့ ဒါရိုက်တာဖြစ်တဲ့ ဦးညီညီအောင်က ကျွန်တော့်ဆရာဖြစ်တယ်။ ဆရာက ရိုက်မယ်လို့ပြောတဲ့အချိန်မှာ ဟုတ်ကဲ့ရိုက်လို့ရပါတယ်ဆိုပြီး ရိုက်ဖြစ်တာပါ။ ရွှေထူးနဲ့ ရိုက်မယ် အဆင်ပြေလားဆိုတော့ ရွှေထူးနဲ့အဆင်ပြေပါတယ်။ ကျွန်တော်ပါဝင်ရမယ့် အခန်းကဏ္ဍက အများကြီးတော့မဟုတ်ဘူး။ အရေးပါတဲ့အခန်းကဏ္ဍတော့ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း ဒါဆိုရင်ကျွန်တော့်ကို ဧည့်သည်နေရာကထားပေး။ ဧည့်သည်ဇာတ်ကားရဲ့ ဧည့်သည်နေရာက ပါရတာကိုကျွန်တော်ကြိုက်တယ်။ အဲဒါလေးက ကျွန်တော့်အတွက် အထူးအဆန်းလေးဖြစ်ပါတယ်။

မေး - ဒီဇာတ်ကားမှာ ပါဝင်ရမယ့် ဇာတ်ရုပ်အတွက် ဘယ်လိုခံစားရလဲ။

ဖြေ - ဒီဇာတ်ကားမှာက ကျွန်တော်က လုပ်ငန်းရှင်တစ်ယောက်။ ကိုယ့်မိန်းကလေးကို အချိန်သိပ်မပေးနိုင်တော့ လူငယ်သဘာဝ ဂရုစိုက်တဲ့သူ တစ်ယောက်ကို ပိုပြီးသာယာသွားတယ်။ ကိုယ်ချစ်တဲ့မိန်းကလေးကို ခွင့်လွှတ် ပေးပြီး မေတ္တာစစ်မေတ္တာမှန်တဲ့ ကိုယ့်ဆီပြန်ရောက်လာအောင် လုပ်ရတဲ့ပုံစံမျိုးပေါ့။ ကျွန်တော်ငယ်ငယ်ကဆိုရင် ရွှေထူးနေရာမျိုးမှာ သရုပ်ဆောင်ခဲ့ဖူးတယ်။ အဲဒီလိုဆင်တဲ့ ဇာတ်လမ်းမျိုးပေါ့။ ကိုသားကြီးတို့၊ ကိုနိုင် (ကျော်ရဲအောင်)တို့နဲ့ပေါ့။ ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ အဲဒါလေးတွေတောင် ပြန်သတိရမိပါတယ်။

မေး - ဒီဇာတ်ကားမှာက ကိုဖြိုးက အနုပညာအရ ၀ါအရင့်ဆုံးသူတစ်ယောက်အနေနဲ့ လူငယ်အနုပညာရှင် တွေနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အတွေ့အကြုံက ဘာတွေကွာခြားလဲ။

ဖြေ - ရိုက်ကွင်းရောက်သွားရင် အသစ်ရယ် အဟောင်းရယ် သတိမရပါဘူး။ ကျွန်တော်ခက်ရင် သူတို့လည်း ခက်နေမှာပဲလေ။ သူတို့ခက်ရင်လည်း ကျွန်တော်လည်းခက်နေမှာပါပဲ။ လုပ်ရတာ အတူလုပ်ရတာကိုး။ ကျွန်တော်တို့ကဘယ်သူ့ကိုမှ Level နှိမ့်လို့မရဘူး။ အားလုံး အတူတူကြိုးစားပြီး သရုပ်ဆောင်ရတာပါပဲ။

မေး - ရွှေထူးနဲ့က အပြိုင်သရုပ်ဆောင်ရတဲ့ အခန်းတွေလည်းပါတော့ သူနဲ့တွဲဖက်သရုပ်ဆောင်ရတဲ့ အမှတ်တရဆိုရင်ရော။

ဖြေ - အဲဒီအခန်းလေး ရိုက်ခါနီးတော့ ရွှေထူးပုံစံက အချိုးမပြေဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်ရိုက်တော့ တော်တော်လေး အချိုးပြေသလို စေတနာကို စေတနာမှန်းသိတယ်။ ဒါရိုက်တာတို့၊ ထုတ်လုပ်သူတို့ကထားတဲ့ စေတနာမှန်းသိတယ်။ ဒါကြောင့် သူ တော်တော်လေးကြိုးစားတယ်။ တစ်ခန်းမှာဆိုရင် သူ့ကိုနံရံဆီ တွန်းလိုက်တဲ့ဇာတ်ဝင်ခန်းမှာ ကျွန်တော့်အတွက် အဆင်ပြေတာက လူကောင်ချင်းက သိပ်မကွာဘူး။ သိပ်မညှာရဘူး။ သူလည်း တော်တော်နာတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းထွက်လာတာ တော်တော်မိုက်တယ်။ ဒါကြောင့် ဒီဇာတ်ကားကို အားရတယ်။

မေး - ပရိသတ်တွေက ဒီဇာတ်ကားကိုကြည့်ပြီးရင် ကိုဖြိုးကို ဘယ်လိုမြင်မယ်လို့ထင်လဲ။

ဖြေ - မှန်မှန်လာလည်စေချင်တဲ့ ဧည့်သည်မျိုးလို့ခံစားရမှာပါ။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ သဘောကောင်းတယ်။

မေး - အဲဒီဇာတ်ကားထဲက ဇာတ်ရုပ်ရဲ့အချစ်မျိုးကိုရော ဘယ်လိုမြင်လဲ။

ဖြေ - ဒါက ဖြစ်နိုင်ပါတယ်။ အပြင်မှာလည်း တွေ့ဖူးကြုံဖူးပါတယ်။ ကိုယ် တကယ်ချစ်မိသွားပြီဆိုရင် တချို့အရာတွေက ခွင့်လွှတ်ပေးနိုင်သွားတယ်လေ။ အဲဒီသဘောပါပဲ။

မေး - ဒီဇာတ်ကားထဲမှာ ကိုဖြိုးပြောထားတဲ့ ဒိုင်ယာလော့ခ်တွေက အခုကတည်းက ကြိုပြီးရေပန်းစားနေတာဆိုတော့ ကိုယ်တိုင်ဖြည့်စွက်ပြောခဲ့တာမျိုး ရှိမလား။

ဖြေ - ဦးညီညီအောင်ကကျွန်တော့်ကို ဒီဇာတ်ကားမှာ အခွင့်အရေးလေး တစ်ခုပေးခဲ့တယ်။ ဇာတ်ဝင်ခန်းတွေမှာ ကိုယ်ပြောချင်တဲ့ ဒိုင်ယာလော့ခ်လေးတွေပါရင် ဖြည့်စွက်ပြီး ပြောခဲ့တာကိုလက်ခံပေးတာပေါ့။ ကျွန်တော်ကလည်း ရီဟာဇယ်မှာ စမ်းပြောကြည့်၊ အဆင်ပြေတယ်ဆိုရင် ပြောခွင့်ရခဲ့တာပေါ့။ အားလုံး မဟုတ်ပေမယ့် ကိုယ့်ဘာသာပြောခဲ့တဲ့ စကားတချို့ ပါဝင်ခဲ့တာပေါ့။ ကိုယ့်ရင်ထဲမှာ အဲဒီဇာတ်ကောင်အတိုင်း ခံစားမိပြီး ပြောချင်တဲ့စကားတွေပြောခဲ့တာပါ။

မေး - ဧည့်သည်ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပြောချင်တာများ ရှိမလား။

ဖြေ - ဒီဇာတ်ကားက ပရိသတ်တွေအတွက် အချစ်ခံစားမှုရသကိုတော့ ကောင်းကောင်းပေးနိုင်မှာပါ။ ပါဝင်တဲ့သူတွေအားလုံးကလည်း တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားထားတယ်။ ဒါကြောင့်ပရိသတ်တွေကို ကြည့်စေချင်ပါတယ်။ ကြည့်ပြီးသွားရင် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း သိချင်မိပါတယ်။

မေး - အခု ဇာတ်လမ်းတွဲ ရိုက်နေတယ်ဆိုတော့ အဲဒီအကြောင်းလေး ပြောပေးပါဦး။

ဖြေ - မင်္ဂလာရွာ Season 1 ပြီးတော့ အခု Season 2 ဆက်ရိုက်နေတယ်။ ဦးအောင်ကိုလတ်နဲ့ ဇာတ်ကားတစ်ကား ရိုက်ဖို့ကတော့ စီစဉ်တုန်းပါ။ လိုပါသေးတယ်။ မင်္ဂလာရွာဇာတ်လမ်းတွဲက ကျွန်တော်ဇာတ်လမ်းရေးပြီး ကျွန်တော်ကိုယ်တိုင်ရိုက်တာပါ။ မင်္ဂလာရွာမှာနေပြီး မင်္ဂလာရှိတဲ့အလုပ် တွေမလုပ်တဲ့သူတွေအကြောင်းကို ရယ်မောစရာပုံစံနဲ့ ရိုက်ထားတာပါ။

မေး - နောက်ပိုင်းရော ဒါရိုက်တာတစ်ယောက်အဖြစ် ဆက်လုပ်ဖြစ်သွားဖို့ရှိလား။

ဖြေ - အဲဒါကတော့ ကျွန်တော့်ကိုပေးလာမယ့် အခွင့်အရေးပေါ်မူတည်ပါတယ်။ ဒါရိုက်တာရယ်၊ သရုပ်ဆောင်ရယ်ဆိုတာထက် အနုပညာနဲ့ပတ်သက်လို့အခွင့်အရေး ရခဲ့မယ်ဆိုရင် အကောင်းဆုံးတော့ ဖျော်ဖြေမှုပေးနိုင်အောင်ကြိုးစားနေမှာပါ။ Canal+ မှာ ကျွန်တော်တို့တင်ဆက်နေတဲ့ ပရိုဂရမ်တွေမှာဆိုလည်း တတ်နိုင်သမျှ ဖျော်ဖြေမှုရသမျိုးပါဝင်အောင် ကြိုးစားဖြစ်ပါတယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

ဖြေ - ကျွန်တော့်ကိုတင်မဟုတ်ဘဲ ကျွန်တော့်မိသားစုလေးအထူးသဖြင့် ကျွန်တော့်သား လေးကိုပါ ချစ်ပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖျော်ဖြေမှု ရသပေးနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ဆက်ပြီးကြိုးစားသွားပါမယ်။

 

Most Read

Most Recent