မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများစာရင်းတွင် ယခင်က တရုတ်နိုင်ငံမှ ထိပ်ဆုံးဖြစ်သော်လည်း လက်ရှိတွင် စင်ကာပူက ၆၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး တရုတ်က ၁၂ ရာခိုင်နှုန်းသာရှိ

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများစာရင်းတွင် ယခင်က တရုတ်နိုင်ငံမှ ထိပ်ဆုံးဖြစ်သော်လည်း လက်ရှိတွင် စင်ကာပူက ၆၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး တရုတ်က ၁၂ ရာခိုင်နှုန်းသာရှိ
ရန်ကုန်မြို့ရှိ ကုန်ထုတ်စက်ရုံများရှိသော စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ကုန်ထုတ်စက်ရုံများရှိသော စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 21 May 2019
နီလာ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံအလိုက် ရပ်တည်မှုစာရင်းတွင် ယခင်က တရုတ်နိုင်ငံက ထိပ်ဆုံးမှဖြစ်သော်လည်း လက်ရှိတွင် စင်ကာပူက ၆၅ ရာခိုင်နှုန်းကျော် ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ၁၂ ရာ ခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

လက်ရှိအချိန်အထိ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံထားသည့်စာရင်းတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁၅၇၁ ဒသမ ၄၃၃ သန်းရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၆၅ ဒသမ ၁၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ တရုတ်နိုင်ငံက ဒေါ်လာ၂၉၅ ဒသမ ၆၉၄ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့သည်။

ယခင်နှစ်ကာလတူက စင်ကာပူနိုင်ငံက ဒေါ်လာ ၄၇၇ ဒသမ ၇၅၂ သန်းရှိပြီး စု စုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၃၆ ရာခိုင်နှုန်းသာ ရှိသည်။ တရုတ်နိုင်ငံက ဒေါ်လာ ၅၇၅ ဒသမ ၂၁၄ သန်းဖြင့် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၃၅ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။

သို့သော်လည်း ယခုနှစ်တွင်မူ စင်ကာပူက ၆၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးတွင် ရပ်တည်ခဲ့သည်။

ဟောင်ကောင်က ဒေါ်လာ ၂၄၅ ဒသမ ၉၆၇ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၀ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁၅ သန်းကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၇၂ ဒသမ ၄၄၇ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ သုံးရာခိုင်နှုန်းကျော်  စသည်ဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၄၇ ဒသမ ၃၅၅ သန်းအထိ ဝင်ရောက်ထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇၁၈ သန်းကျော် အထိ ပိုမိုဝင်ရောက်ထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ် မေ ၃ ရက်အထိ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၂၉ ဒသမ ၂၈၃ သန်းအထိ ဝင်ရောက်ထားသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင် ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော် လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းဟာ ၂၀၁၆-၂၀၁၇ ခုနှစ်ကနေ ၂၀၃၅-၂၀၃၆ ခုနှစ်အထိ နှစ် ၂၀ စီမံကိန်းဖြစ်ပြီး ပွင့်လင်းမြင်သာတဲ့ရင်းနှီးမြှုပ်နှံမှု အုပ်ချုပ်မှုနည်းစနစ်၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် အဖွဲ့အစည်းပိုင်းဆိုင်ရာတိုးတက်မှု၊ အခြေခံအဆောက်အအုံကောင်းမွန်မှု၊ စီးပွားရေးလုပ်ငန်းများနဲ့ ဆက်စပ်တဲ့ စနစ်များကို ၀ိုင်းဝန်းပံ့ပိုကူညီမှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စက်မှုပိုင်းဆိုင်ရာကွင်းဆက်နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်ပေါ်လာစေရန်တို့ အပြင် ၂၀၃၀ ခုနှစ်မှာ  ဝင်ငွေအလယ်အလတ် အဆင့်ရှိတဲ့နိုင်ငံဖြစ်လာဖို့ပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။           

Most Read

Most Recent