ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း သက်သာခွင့်ပေးထားခြင်းကို ပယ်ဖျက်ခဲ့ပြီး ယခုလမှစ၍ ပြန်လည်ကောက်ခံမည်

ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း သက်သာခွင့်ပေးထားခြင်းကို ပယ်ဖျက်ခဲ့ပြီး ယခုလမှစ၍ ပြန်လည်ကောက်ခံမည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 16 May 2019

ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း သက်သာခွင့်ပေးထားခြင်းကို ပယ်ဖျက်လိုက်ကြောင်းနှင့် ယခုလမှစတင်၍ ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ မေ ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်ကျင့်သုံးသည့် အခွန်ရုံးများဖြစ်သော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) တို့ရှိ အခွန်ထမ်းများ၏ ပို့ကုန်တင်ပို့သည့် ကုန်စည်များအပေါ် ကြိုတင်ခွန်ကောက်ခံခြင်းအား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၂.၁.၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈၊ အပိုဒ် ၃ (စျ) အရ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ယခုအခါ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/ ၂၀၁၉ ဖြင့် မေ ၁ ရက်မှစ၍ ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ပြန်လည်ကောက်ခံသွားမည် ဖြစ်သည်။

သို့ဖြစ်ရာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) ၏ ပို့ကုန်တင်ပို့မှု လုပ်ငန်းဆောင်ရွက်သည့် အခွန်ထမ်းများသည် မိမိတင်ပို့သည့်ပို့ကုန်အား ကျပ်ငွေဖြင့်တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့်ကုန်စည်တန်ဖိုး၏ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကိုလည်းကောင်း၊ နိုင်ငံခြားငွေဖြင့်တင်ပို့ခြင်းဖြစ်ပါက Export Declaration (ED)Form တွင် ကုန်စည်တန်ဖိုးနှင့်အတူ ဖော်ပြထားသည့် ဝင်ငွေခွန်ကြို တင်ပမာဏကို ပူးတွဲချလံဖြင့် ကုမ္ပဏီအမည်၊ နေရပ်လိပ်စာ၊ ပေးဆောင်သည့်ပမာဏတို့အား ပြည့်စုံစွာဖြည့်စွက်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃) ငွေစာရင်းအမှတ် MD - 010118 သို့ ပေးဆောင်ရမည်ဟု သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကင်းလွတ်ခွင့်ရယူထားသော ကုမ္ပဏီများ၏ ပို့ကုန်များအတွက် ကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) အခွန်ထမ်းလိုက်နာမှု စိစစ်ရေးဌာနစုသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထပ်မံသိရှိလိုသည်များရှိပါက အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) အမှတ် (၅၉ / ၆၁) ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် မြေညီထပ်သို့လည်းကောင်း အခွန်ထမ်းရေးရာဌာနစုသို့လည်းကောင်း ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေရုံးချိန်အတွင်း မေးမြန်းနိုင်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ၊ ပြည်ပမှပြည်တွင်းသို့ဖြစ်စေ ကုန်စည်များတင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုသည့်အခါ ယင်းကုန်စည်များအတွက် ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်ကောက်ခံရမည့်နှုန်းထားနှင့် နည်းလမ်းများကို အမိန့်ကြော်ငြာစာအမှတ် ၃၈ / ၂၀၁၉ ဖြင့် ထုတ်ပြန်ထားသည်။

ပို့ကုန်ကို ကျပ်ငွေဖြင့် တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့် ကုန်စည်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကိုလည်းကောင်း၊ နိုင်ငံခြားငွေဖြင့် တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့်ကုန်စည်တန်ဖိုးကို တင်ပို့သည့်နေ့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သောနိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် တွက်ချက်၍ ရရှိသောပို့ကုန်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကိုလည်းကောင်း၊ ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်အဖြစ် ကျပ်ငွေဖြင့် ကောက်ခံရမည်ဖြစ်သည်။ သွင်းကုန်အပေါ် အကောက်ခွန်စည်းကြပ်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကို ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်အဖြစ် ကျပ်ငွေဖြင့် ကောက်ခံရမည်ဖြစ်သည်။

Most Read

Most Recent