လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေ ဒေါ်လာသန်း ၃၁၀ ကျော် လျော့ကျ

လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေ ဒေါ်လာသန်း ၃၁၀ ကျော် လျော့ကျ
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်းတွင် ဆန်အိတ်များ အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ ၀ါးတန်းဆိပ်ကမ်းတွင် ဆန်အိတ်များ အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 14 May 2019
ဇေယျာငြိမ်း

လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ထားသော်လည်း ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၃၁၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ မေ ၃ ရက်အထိ ခုနစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃၈၄ သန်းကျော် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၂၆ ဒသမ ၇၃၀ သန်းသာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခင်နှစ် ကာတူတွင်မူ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၁၉၅ သန်းကျော်အထိ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇၄၀ ဒသမ ၀၇၀ သန်းအထိ ရရှိထားကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၁၀,၈၂၆ ကျော်အထိ လျော့ကျခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ ၃၁၃ ဒသမ ၃၄၀ သန်းအထိ လျော့ကျခဲ့သည်။

အဆိုပါ ဘဏ္ဍာနှစ် ခုနစ်လအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၁ သန်း ကျော်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားသည်။ သို့သော် ယခင်နှစ် ကာလတူထက် တန်ချိန် ခုနစ်သိန်းခွဲကျော် လျော့ကျခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကျော်အထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဆန်ကွဲ တင်ပို့မှုသည် တန်ချိန် နှစ်သိန်းခွဲကျော် ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရရှိထားသည်။ သို့သော် ယခင်နှစ် ကာလတူထက် တန်ချိန် ၅၇၀,၀၀၀ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် လျော့ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် အာဖရိက၊ ဥရောပ နိုင်ငံများသို့ လည်းကောင်း၊ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်း တရားဝင် (Quota)  ဖြင့် တင်ပို့ရန် နှစ်နိုင်ငံ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းလျက်ရှိပြီး မကြာမီ MoU လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး က ပြောကြားသည်။

လက်ရှိ အချိန်တွင် ဆန်တန်ချိန် လေးသိန်း တရားဝင် (Quota) ဖြင့် ဝယ်ယူသွားရေးအတွက် MoU လက်မှတ် ထိုးနိုင်ရန် တရုတ်နိုင်ငံဘက်မှ စာချုပ်မူကြမ်းကို မြန်မာနိုင်ငံသို့ ပေးပို့ထားကြောင်း သိရသည်။

“စာချုပ်မူကြမ်း ပို့လိုက်တယ် ဆိုပေမယ့် နှစ်နိုင်ငံ ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိသေးတယ်။ လက်မှတ်ထိုးမယ့် နေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Protocol ညီဖို့ ဒါတွေကလည်း ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိသေးတယ်”ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ ဒသမ ၅ သန်းကျော်အထိ တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်တွင်း စားသုံးမှုနှင့် ပြည်ပ တင်ပို့ပြီးပါက ပြည်တွင်း၌ ဆန်လက်ကျန် ယခင်နှစ်များထက် ပိုများမည်ဖြစ်ပြီး ဆန်တန်ချိန် နှစ်သန်းကျော် ကျန်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။                

Most Read

Most Recent