အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ရန် ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါက ပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ရန် ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါက ပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး
မေ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
မေ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
Published 14 May 2019
စိုးမင်းထိုက်၊ စည်သူ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ရန် ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါက ပြင်ဆင်သင့်ကာ ပြဋ္ဌာန်းချက်သာရှိပြီး တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းနေခြင်းအပေါ် ဘက်ပေါင်းစုံမှ အားပေး ကူညီသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စာလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေက အကြံပြု ဆွေးနွေးခဲ့သည်။

မေ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်က ယင်းသို့ အကြံပြုခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေက “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူရာမှာ ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်သာမက  မည်သည့် ရာထူးကြီးငယ်မဆို တိကျစွာ အရေးယူနိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်ရှိပါက ပြင်ဆင်သင့်ပါတယ်။ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကိုလည်း ပြန်လည ်စိစစ်၍ လိုအပ်ပါက ပြင်ဆင်သင့်ပါတယ်။ ပြဋ္ဌာန်းချက်သာရှိပြီး တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းနေခြင်းအပေါ် တိကျစွာ ဆောင်ရွက်နိုင်စေဖို့ ဘက်ပေါင်းစုံက အားပေး ကူညီသင့်ပါတယ်”ဟု အကြံပြု ဆွေးနွေးခဲ့သည်။

ထို့ပြင် အဂတိလိုက်စားမှု ပြုနိုင်သည့် ရုံးလုပ်ငန်း အဆင့်များကို လို မလို စိစစ်၍ ပြင်ဆင်သင့်ကြောင်း၊ ဝန်ထမ်းနှင့် လူထု တိုက်ရိုက် ထိတွေ့မှု နည်းပါးပြီး အဂတိတရားကို လျော့ပါးစေနိုင်သည့် e-Government စနစ်ကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် အရေးယူ အပြစ်ပေးခြင်း နည်းလမ်းသာမက အဂတိလိုက်စားမှု ဖြစ်ပွားရခြင်း အကြောင်းရင်းများအပေါ် မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ကြောင်း၊ ပုဂ္ဂိုလ်ရေး မပြေလည်မှု၊ အကျိုးစီးပွား စသည်တို့ကို အကြောင်းပြု၍ မဟုတ်မမှန် လုပ်ကြံတိုင်ကြားမှုများ ရှိပါက တိုင်ကြားသူအား ဥပဒေအရ ပြစ်ဒဏ်ပေးသင့်ကြောင်း၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ  အစွဲကင်းစွာဖြင့် မျက်နှာမလိုက် အခွင့်အရေး မပေးဘဲ အဂတိလိုက်စားမှုများနှင့် ဆက်နွှယ် ပတ်သက်နေသည့် ကိစ္စရပ်များအား တိတိ ကျကျ ဖော်ထုတ် အရေးယူသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က အကြံပြုခဲ့သည်။

အဂတိလိုက်စားမှုများသည် ကမ္ဘာတစ်ဝန်း အစိုးရများ အားလုံး ရင်ဆိုင်နေရသည့် ကိစ္စရပ်ကြီးဖြစ်ပြီး အဂတိတရား လုံးဝကင်းစင်သည့် နိုင်ငံဟူ၍ မရှိဘဲ အနည်းအများသာ ရှိကြောင်း၊ ထိရောက်သည့် ဟန့်တားမှု ဖြစ်ရန် တိကျ ပြတ်သားစွာ အရေးယူရန် လိုအပ်သကဲ့သို့ အဂတိလိုက်စားမှု ဖြစ်ပွားရသည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ပြီး ပြင်ဆင်သင့်၊ ဖြည့်ဆည်းသင့်သည်များကို ပြင်ဆင်ဖြည့် ဆည်းပေးရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့်  ဝန်ထမ်းများ၏ ဝင်ငွေ၊ လစာနှင့် လက်ရှိ လူနေမှုစရိတ်များ လိုက်လျောညီထွေ ဖြစ်စေရန် စီမံပေးခြင်း၊ ခေတ်နှင့် လိုက်လျောညီထွေမှု မရှိတော့သည့် ရုံးလုပ်ထုံး လုပ်နည်းများကို  စိစစ်၍ လျှော့ချခြင်း၊ အဂတိလိုက်စားမှု လျော့ပါးသွားစေရန် e-Government စနစ်ကို အကောင်အထည် ဖော်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း၊ သို့မှသာ ထိရောက် အောင်မြင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေက ဆွေးနွေးခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင်က “ကျော်စောသတင်း ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ စစ်ဆေးရာမှာ ပြည်သူတွေအတွက် စိတ်ပျက်စေတဲ့ အဖြေမျိုး မဖြစ်ပေါ်စေဖို့ အထူးအရေးကြီးလှပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု အပြည့်အဝ ရရှိဖို့ လိုအပ်ပါတယ်။ အဂတိဆိုတာဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေသာမက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပါ ကျူးလွန်နေကြပါတယ်။ ကျွန်တော်တို့ရဲ့  ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ အဂတိကင်းရှင်းစွာနဲ့ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့ အထူး လိုအပ်လှပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အလွန်အရေးပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်သလို ကော်မတီမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလည်း ပြည်သူတွေအတွက် စံပြဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖွဲ့စည်းဖို့ လိုအပ်လှပါတယ်” ဟု ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent