ရသေ့တောင်မြို့နယ်တွင် AA အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ မရှိ ထိန်းသိမ်း စစ်ဆေးခဲ့သော ၂၇၅ ဦးတွင် ခြောက်ဦးမှာ AA အဖွဲ့မှဖြစ်ဟု ဝန်ခံခဲ့ကြောင်းနှင့် နှစ်ဦးမှာ သံသယဖြင့် ဆက်လက် ထိန်းသိမ်း စစ်ဆေးနေဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

ရသေ့တောင်မြို့နယ်တွင် AA အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ မရှိ ထိန်းသိမ်း စစ်ဆေးခဲ့သော ၂၇၅ ဦးတွင် ခြောက်ဦးမှာ AA အဖွဲ့မှဖြစ်ဟု ဝန်ခံခဲ့ကြောင်းနှင့် နှစ်ဦးမှာ သံသယဖြင့် ဆက်လက် ထိန်းသိမ်း စစ်ဆေးနေဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 14 May 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် AA အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ မရှိ သံသယဖြင့် စစ်ဆေးခဲ့သော ၂၇၅ ဦးတွင် ခြောက်ဦးမှာ AA အဖွဲ့မှဖြစ်ဟု ဝန်ခံခဲ့ကြောင်းနှင့် နှစ်ဦးမှာ သံသယဖြင့် ဆက်လက် ထိန်းသိမ်းစစ်ဆေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ထိန်းသိမ်းထားသူများအနက် ဆက်လက် စစ်ဆေးမေးမြန်းရန် ကျန်ရှိသူ ၂၄ ဦးအနက် ၂၂ ဦးအား မေ ၁၃ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး နှစ်ဦးမှာ သံသယဖြင့် ဆက်လက် ထိန်းသိမ်း စစ်ဆေးနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့ ၂ နာရီခွဲ ဝန်းကျင်လောက်က ၂၂ ဦး အားလုံး ပြန်လွှတ်လိုက်ပါပြီ။ အဲဒီတော့ ကျောက်တန်းမှာတော့ ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းထားတဲ့လူ မရှိတော့ပါဘူး။ ပထမဦးဆုံး စာရင်းထုတ်လိုက်တာ ရှိတယ်။ ခြောက်ယောက်ကို စစ်တွေ ခေါ်သွားတာ ရှိတယ်။ အဲဒီထဲမှာ လေးယောက်ကတော့ AA ပေါ့။ နှစ်ယောက်ကတော့ သံသယနဲ့ ခေါ်သွားတာ ရှိတယ်။ နောက်ထပ် နှစ်ယောက် ထပ်ပြီး ခေါ်သွားတာ ရှိတယ်။ အဲဒီ ပထမဦးဆုံး ခေါ်သွားတဲ့ လေးယောက်ရယ်၊ နောက်ထပ် နှစ်ယောက်ရယ်ကတော့ AA လို့လည်း ကိုယ်တိုင် ဝန်ခံထားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက် ရှိတယ်။ အဲဒီထဲက သံသယ နှစ်ယောက်ကတော့ စစ်တွေမှာပဲ ရှိသေးတယ်။ သံသယ နှစ်ယောက်ကတော့ သူကတော့ သံသယအဆင့်ပဲ ရှိပါသေးတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ထိန်းသိမ်းထားစဉ်အတွင်း လက်နက် လုယက်မှုကြောင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသွားခဲ့သော ခြောက်ဦး မှာ AA အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ  မရှိ သိရှိရခြင်း မရှိသေးဘဲ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ အကြမ်းဖျင်းပဏာမ စစ်ဆေးချက်တွေ အရတော့ သူတို့ ဖြစ်စဉ် ဖြစ်ရပ်ကတော့ သတင်းထုတ်ပြန်ထားတဲ့အတိုင်း မှန်တယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်လျက်ရှိ ပါတယ်။ အဲဒါတွေတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး။ အသေးစိတ် ထုတ်ပြန်ချက်တွေကို  ကျွန်တော်တို့ မသိရသေးပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။ 

ကျောက်တန်းကျေးရွာနှင့် စေတီတောင် ကျေးရွာတို့တွင် AA အဖွဲ့ဝင်များက ဒေသခံများ အသွင်ယူဆောင်၍ ပုံဖျက် ဝင်ရောက် လှုပ်ရှားနေကြောင်း သတင်းရသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်းများ လုံခြုံရေး လိုက်ပါလျက် ဧပြီ ၃၀ ရက်တွင် အဆိုပါ ကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း မေ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စု စာရင်းနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာ စာသင်ကျောင်းတွင် ခေတ္တ ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ ထိန်းသိမ်း စစ်ဆေးနေစဉ် မေ ၂ ရက် နံနက် ၂ နာရီခန့်တွင် ခေတ္တ ထိန်းသိမ်း ခံထားရသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူရန် ကြိုးပမ်းလာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် ထိန်းသိမ်း လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ခြောက်ဦး သေဆုံးခဲ့ကာ ရှစ်ဦး ဒဏ်ရာရရှိ၍ လေးဦး ပျောက်ဆုံးခဲ့ကြောင်း မေ ၂ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦး အနက် ၁၂၆ ဦးမှာ AA အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှု မရှိကြောင်း စိစစ်သိရှိရသဖြင့် မေ ၂ ရက်တွင် မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်၍ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၁၃၁ ဦး အား အသေးစိတ် ဆက်လက် စစ်ဆေးနေကြောင်း မေ ၃ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၁၃၁ ဦးအား ဥပဒေနှင့်အညီ အသေးစိတ် ဆက်လက် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့အနက် ၄၈ ဦးမှာ AA အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်မှုမရှိကြောင်း ထပ်မံစိစစ် သိရှိရသဖြင့် မသင်္ကာဖွယ်ရာ စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း မေ ၆ ရက် တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ပြန်လည် စေလွှတ်ပေးခဲ့သူများအနက် သိန်းအေးမောင် (၁၇) နှစ်မှာ AA အဖွဲ့မှ ဖြစ်ကြောင်း သိရှိရသဖြင့် ပြန်လည် ထိန်းသိမ်းခဲ့ပြီး စစ်ဆေး မေးမြန်းရန် ကျန်ရှိသူ ၈၃ ဦးအား ဥပဒေနှင့်အညီ အသေးစိတ် ဆက်လက် စစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ AA အဖွဲ့ဟု ကိုယ်တိုင် ဝန်ခံခဲ့သည့် သိန်းအေးမောင် (၁၇) နှစ်အပြင် ထပ်မံ ဝန်ခံခဲ့သော စိုးဝင်းကျော် (၂၈)နှစ်၊ မောင်မောင်လှိုင် (၂၉) နှစ်၊ ညီညီဌေး (၃၀) နှစ်တို့ သုံးဦး၊ သံသယရှိသူ နှစ်ဦး စုစုပေါင်း ခြောက်ဦးအား မေ ၈ ရက်တွင် စစ်တွေမြို့သို့ ခေါ်ယူ၍ တရားဥပဒေအရ အရေးယူနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြောင်း မေ ၈ ရက်တွင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆက်လက် စစ်ဆေးမေးမြန်းလျက်ရှိသည့် ၇၈ ဦးအနက် ၃၅ ဦးမှာ AA အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း ထပ်မံ စိစစ်သိရှိရသဖြင့် မေ ၈ ရက်တွင်ပင် မသင်္ကာဖွယ်ရာ စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၄၃ ဦးအား ဆက်လက် စစ်ဆေး မေးမြန်းလျက်ရှိကြောင်း ယင်းနေ့တွင်ပင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ဆေးမေးမြန်းရန် ကျန်ရှိသူ ၄၃ ဦးနှင့် ဆက်စပ် ဖော်ထုတ်ရရှိသူ နှစ်ဦးပေါင်း ၄၅ ဦးအနက် ၂၁ ဦးမှာ AA အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း စိစစ်သိရှိရသဖြင့် မေ ၁၁ ရက်တွင် မသင်္ကာဖွယ်ရာ စာရင်း မှ ပယ်ဖျက်ပေးခဲ့ပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၂၄ ဦးအား ဆက်လက ်စစ်ဆေးမေးမြန်းခဲ့ကြောင်း မေ ၁၁ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent