
မေလ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က ရန်ကုန်မှ မန္တလေးသို့ ပျံသန်းလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် UB 103 ဖြစ်သည့် Embraer 190 လေယာဉ်သည် မန္တလေးမြို့တံတားဦးလေဆိပ်သို့ ဆင်းသက်စဉ်လေယာဉ်ဘီးချရာ လေယာဉ်၏ ရှေ့ဘီး (Nose landing Gear မကျခဲ့သဖြင့် Runway 17 အတိုင်း ဦးစိုက်အနေအထားဖြင့် အရေးပေါ်ဆင်းသက်ခဲ့ပြီး ပြေးလမ်းပေ ၄၅၀၀ တွင် လေယာဉ်အား ရပ်တန့်နိုင်ခဲ့သည်။ ယင်းသို့ မတော်တဆမှုဖြစ်ပွားခဲ့ပြီး လေယာဉ်အား အဓိက ပဲ့ကိုင်မောင်းနှင်သည့် လေယာဉ်မှူးကြီးက အရေးပေါ်အခြေအနေတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်အားချမှတ်၍ လေယာဉ်အား ဆင်းသက်နိုင်အောင် ကြိုးစားခဲ့ကာ လေယာဉ်အမှုထမ်းများကလည်း ခရီးသည်များအား အရေးပေါ်အခြေအနေကြေညာပြီး အရေးပေါ်အခြေအနေများတွင် ဆောင်ရွက်ရမည့်အချက်များအား သေချာစွာ ရှင်းလင်းအသိပေးပြောကြားခဲ့ပြီး ခရီးသည်များအား Emergency Evacuations Procedures အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအားလုံး တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဘဲ မြေပြင်သို့ ဆင်းသက်နိုင်ခဲ့သည်။ သို့ဖြစ်၍ အဆိုပါလေယာဉ်အား မောင်းနှင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Capt မြတ်မိုးအောင်နှင့် လေယာဉ်မယ်အချို့အား အရေးပေါ်အခြေအနေတွင် တည်ငြိမ်စွာဆုံးဖြတ်ဆောင်ရွက်ခဲ့ သည်များအား The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်များအား ဖော်ပြလိုက်ပါသည်။
■ လေယာဉ်မှူးကြီး Capt မြတ်မိုးအောင်
မေး- ဒီဖြစ်စဉ်မှာ အရေးပေါ် ဆင်းသက်ရတော့မယ်ဆိုတာ သိသိချင်း ဘာကိုပထမဆုံးလုပ် ဆောင်ခဲ့ပါသလဲရှင့်။
ဖြေ- ပထမတော့ပုံမှန် ပျံသန်းရမယ့် ခရီးစဉ်အတိုင်း ရန်ကုန်ကနေ မန္တလေးကို မနက် ၇ နာရီ ၂၅ မိနစ်လောက်မှာ စတင်ပျံသန်းလာခဲ့ပါတယ်။ အဲဒီချိန်မှာ ရာသီဥတုကလည်း ပုံမှန်ပဲ ကောင်းပါတယ်။ အဲဒီတော့ normal procedure အတိုင်းပဲ ပျံသန်းလာခဲ့ပါတယ်။ ပျံသန်းလာပြီးတော့ landing gear ချမယ့် position မှာ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ချတယ်။ အဲဒီအချိန်မှာ ချမရဘူး။ အဓိက နောက်ဘီးနှစ်ခုက ချလို့ရတယ်။ ရှေ့ဘီးဖြစ်တဲ့ Nose landing Gear မကျဘူး။ အဲဒီချိန်မှာ ကျွန်တော်တို့မှာ တစ်စုံတစ်ခု အရေးပေါ်ဖြစ်ရင် လုပ်ဆောင်ရမယ့် Emergency Procedures ရှိတယ်။ အဲဒီ Procedures အတိုင်း ဆွဲတယ်။ ဆွဲနေတဲ့အချိန်မှာလည်း ရှေ့ဘီးက ကျမလာဘူး။ ဖြစ်ဖြစ်ချင်းမှာ ကျွန်တော် ATC ကို သတင်းပို့တယ်။ မန္တလေးလေဆိပ်ပေါ် ပေတစ်ထောင်ကနေ ဖြတ်ပျံပြတယ်။ လေယာဉ်ရဲ့ အခြေအနေကို indentify လုပ်ခိုင်း တယ်။ သူတို့ကလည်း inform လုပ်ပေးတယ်။ main landing gear ကျတယ်။ ရှေ့ဘီးဖြစ်တဲ့ Nose Wheel က လုံးဝမကျဘူး။ ကျွန်တော် ထပ်ပြီးကြိုးစားတယ်။ နောက်တစ်ကြိမ် ကြိုးစားတာလည်း မရဘူး။ အဲဒါနဲ့ အခြေအနေကို cabin crew ကို ကျွန်တော်အသိပေးတယ်။ ဆင်းသက်ရမယ့် ခရီးသည်တွေ စိတ်မပူဖို့ ပြောခိုင်းတယ်။ အဲဒီချိန်မှာ ကျွန်တော့်မှာရှိတဲ့ လေယာဉ်ဆီက ပေါင်ခြောက်ထောင်လောက် ရှိတယ်။ ကျွန်တော်မဖြစ်မနေ ဒီဆီကို fuel burn down လုပ်မှ (ဆီကုန်အောင်လျှော့ချခြင်း) ဖြစ်မယ်။ အဲဒီလိုလုပ်မှ ကျွန်တော့်အတွက် ပိုပြီး safe ဖြစ်တယ်။ အလေးချိန်လည်း လျော့သွားမယ်။ အဓိက ခရီးသည်တွေရဲ့ အသက်ကိုလည်း ကယ်တင်နိုင်မယ်။ နောက်တစ်ခုက လေယာဉ်က ဒီလိုဆင်းရတော့မယ်ဆိုရင် ထိခိုက်မှုက ရှိမှာပါ။ ထိခိုက်မှုရှိလာခဲ့ရင်တောင် အသက်သာဆုံးဖြစ်အောင် ဆီကုန်အောင် မိနစ် ၂၀ လောက် ကျွန်တော်ပတ်ပြီး ပျံသန်းခဲ့တယ်။ ပျံသန်းပြီးတာနဲ့ ကျွန်တော် ကိုယ်တိုင်ခရီးသည်တွေကို စိတ်မပူဖို့ အသိ ပေးတယ်။ အသိပေးပြီးတာနဲ့ ဆင်းသက်ခဲ့တယ်။ ဆင်းသက်ပြီးချိန်မှာလည်း Procedures အတိုင်းပဲ အင်ဂျင် မီးမလောင်အောင် အင်ဂျင်စက်ပိတ်တယ်။ မီးသတ်ဘူးတွေ ဖောက်ရတယ်။ ပြီးတာနဲ့ Evacuatioins Procedures ကို ကျွန်တော်ပဲ အမိန့်ပေးပြီး လုပ်ဆောင်ခဲ့ပါတယ်။
မေး- လေယာဉ်ရဲ့ ရှေ့ဘီးမကျဘဲ ဆင်းသက်ရတော့မယ်ဆိုတဲ့အချိန်မှာ ကပ္ပတိန်အနေနဲ့ safety landing ဖြစ်မယ်လို့ ယုံကြည်ပြီး ဆင်းသက်ခဲ့တာလား။
ဖြေ- safety landing ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာလို့ဆို အဓိကတော့ training ပေါ့။ ဒီလိုမျိုး exercises တွေကို ကျွန်တော်တို့ training မှာ ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပြီးသားဖြစ်ပါတယ်။ ဒီလို အလားတူသဏ္ဌာန်တူပေါ့။ ဒီလိုဖြစ်ရပ်တွေကို လေ့ကျင့်လုပ်ဆောင်ခဲ့ပြီးသားပါ။ ဥပမာဆင်းတဲ့ အချိန်မှာလေယာဉ် ရှေ့ဘီးကျိုးတယ်။ main landing gear ကျိုးသွားတယ်။ အဲဒီချိန်မှာ ဘယ်လို Evacuations Procedures လုပ်မလဲ၊ စက်တွေ ပိတ်မလဲ ဒါတွေက ကျွန်တော်တို့ လေ့ကျင့် လုပ်ဆောင်ခဲ့ပြီးသားဖြစ်တဲ့အတွက် ကျွန်တော့်မှာ self confident အပြည့် ရှိပါတယ်။
မေး- အမ်ဘာရာလေယာဉ်တွေမှာ ဒီလိုမတော်တဆ ဖြစ်စဉ်မျိုး အရင်က ကြုံဖူးပါသလားရှင့်။
ဖြေ- Embraer လေယာဉ်မှာ ဒီလိုမျိုး Nose landing Gear မကျတာတော့ မဖြစ်ဘူးပါ ဘူး။ သို့ပေမဲ့ ၂၀၁၇ ခုနှစ်တုန်းကတော့ လေယာဉ်ရဲ့ ရှေ့ဘက်က လေကြောင်းဆိုင်ရာ လျှပ်စစ်နဲ့ နည်းပညာ သိုလှောင်ခန်းရဲ့ လေလုံရန် ပိတ်သောတံခါး seal က အပြင်ကို အနည်းငယ် ထွက်ရှိနေခဲ့တဲ့ error ဖြစ်ဖူးပါတယ်။
မေး- ဒီ Embraer လေယာဉ်ကို ပုံမှန်စစ်ဆေးမှု လုပ်တာမျိုးရှိပါသလားရှင့်။ ရှိခဲ့ရင် ဘယ်အချိန် လောက်က နောက်ဆုံး လုပ်ဆောင်ခဲ့တာပါလဲ ရှင့်။
ဖြေ- ပြီးခဲ့တဲ့ ခြောက်လတောင် မကျော်သေးဘူး ထင်ပါတယ်။ ဒီ Embraer လေယာဉ် နှစ်စင်းစလုံး ကျွန်တော်တို့ 10 years annual check လုပ်ထားပါတယ်။ Embraer ရဲ့ recommended နဲ့ ကျွန်တော်တို့ ဖိလစ်ပိုင်မှာ သွားလုပ်ခဲ့တာဖြစ်ပါတယ်။
မေး- ဒါဆို လတ်တလော သိရသလောက် အခု လိုဖြစ်တာဘာလို့ ဖြစ်ရတာပါလဲရှင့်။
ဖြေ- အခုက mechanism ပေါ့ဗျာ။ ကျွန်တော်တို့ လေယာဉ်ကိုရွှေ့ဖို့ ပြန်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ landing Gear က တက်သွားတယ်။ ပြန်အချမှာ ဘီးက ကန့်လန့်ဖြစ်နေတယ်။ ကန့်လန့်ဖြစ်နေတော့ တံခါးက မပွင့်နိုင်ဘူးဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတာကို ကနဦးတွေ့ရပါတယ်။ အသေးစိတ်ကတော့ စစ်ဆေးမှုတွေပြီးမှ သိရမှာပါ။
မေး- ဟုတ်ကဲ့ ဒီလိုလေယာဉ်ရဲ့ရှေ့ဘီးချမရဘဲ ဆင်းသက်ရတော့မယ်ဆိုတဲ့အချိန်မှာ ရေထဲကို ဆင်းမလား၊ ပြေးလမ်းကို ရအောင် ဆင်းမလားဆိုပြီး စဉ်းစားခဲ့ရတယ်ဆိုတာမျိုးတွေလည်း social media မှာ ပျံ့နှံ့နေတော့ ကပ္ပတိန့်အနေနဲ့ တကယ်ပဲ ဒီလိုစဉ်းစားဆုံးဖြတ်ခဲ့ရသလား confirm လုပ်ပေးပါရှင့်။
ဖြေ- အဲဒီမေးခွန်းကိုတော့ ကျွန်တော် အရမ်းကြိုက်ပါတယ်။ အခုဖြစ်တာက အဲဒီလိုစဉ်းစားဖို့ဆိုတာ belly landing ဖြစ်မှလေ။ အခုက ကျွန်တော်က main landing gear နှစ်ခု ကျထားပြီးသား၊ ချထားပြီးသား။ ဘီးတွေအကုန်ချမရဘဲ (ရှပ်တိုက် ဆင်းသက်ခြင်း) belly landing ဖြစ်မှသာ ဒီလိုအခြေအနေတွေကို စဉ်းစားရမှာ။ အဲဒီလိုဆိုရင်တော့ ကျွန်တော်က ဧရာဝတီမြစ်ထဲကို ဆင်းမလား၊ ဦးပိန်တံတားရှိတဲ့ တောင်သမန်အင်းထဲကို ဆင်းမလားပေါ့။ နောက်တစ်ခုကတော့ ကျွန်တော့်အနေနဲ့ ဆင်းလိုက်ပြီမှန်တယ်။ ဒါပေမဲ့ ကယ်ဆယ်နိုင်မှုကိုလည်း ထပ်စဉ်းစားရမယ်။ ဒီခရီးသည်တွေကို ဘယ်လိုကယ်တင်နိုင်မလဲ ဆိုတာပေါ့။ အဲဒါတွေကို ထည့်ပြီး စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။
မေး- ဒီEmbraer လေယာဉ်ကို ပုံမှန်ပျံသန်းမှုတွေ ဆက်လုပ်လို့ရမှာလား။ ဘယ်လောက်ထိ စစ်ဆေးမှုတွေ လုပ်ရဦးမလဲရှင့်။
ဖြေ- အခု Embraer ကအဖွဲ့တွေလည်း တစ်ရက်နှစ်ရက်ဆို ဒီကို ရောက်လာမှာပါ။ နောက် အင်ဂျင်ပေါ့။ အင်ဂျင်တွက်လည်း EGCAS က အဖွဲ့တွေ ရောက်လာမှာပါ။ အခုသိရသလောက် အင်ဂျင် ဘာညာကောင်းတယ်။ ရှေ့ဘီးမှာလည်း ပွတ်တိုက်သွားတာပဲရှိတယ်။ ကျွန်တော့ အမြင်ပေါ့နော်။ ဒါပေမဲ့ သူတို့ရဲ့ နည်းပညာအရ သေချာစမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး Safety ဖြစ်တယ်ဆိုမှသာ ခရီးစဉ်တွေ ဆက်ပျံသန်းမှာပါ။
မေး- ဟုတ်ကဲ့ အခြား ဖြည့်စွက် ပြောချင်တာများ ရှိရင်လည်း ပြောပေးပါရှင့်။
ဖြေ- တခြားဖြည့်စွက်ပြောချင်တာကတော့ ကျွန်တော်တို့ ဒီလိုလုပ်နိုင်တယ်ဆိုတာ training တွေ သေချာလုပ်ထားလို့သာပါ။ ကျွန်တော်တို့ရဲ့ training တွေ အကုန်လုံးက နိုင်ငံတကာအဆင့်မီအောင် လုပ်ထားတဲ့ အတွက် ခရီးသည်တွေအနေနဲ့ ယုံကြည်စွာနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းကို ဆက် လက်အားပေးပါလို့ ပြောချင်ပါတယ်။
■ မချယ်ရီမြင့်( အကြီးတန်းလေယာဉ်မယ်)
Cabin Crew Leader
မေး- ပထမဆုံးအနေနဲ့ လေယာဉ်ကို အရေးပေါ် ဆင်းသက်ရမယ်လို့ စသိချိန်မှာ ဘာကို စပြီးလုပ် ဆောင်ခဲ့ပါသလဲ။
ဖြေ- ညီမတို့အနေနဲ့ စပြီးသိရတာက အရေးပေါ်ဆင်းသက်မယ်လို့ စပြီးကြားရတာမျိုး မဟုတ်ပါဘူး။ ပုံမှန်ဆင်းသက်ဖို့အတွက် အားလုံး အဆင်သင့်လုပ်ပြီးချိန်မှ Landing Gear ချ မရဘူး ဆိုတာ သိရတာပါ။ အဲဒီချိန်မှ လေယာဉ်မှူးခန်းက ညီမတို့ကို ခေါ်ပြီး Landing Gear ချ မရဘူး။ ခရီးသည်တွေကို အသိပေးပေးပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါလို့ပြောပါတယ်။ အဲဒါနဲ့ Landing လုပ်လို့မရဘူး။ လှည့်ပြီး ပျံနေရပါတယ်ဆိုတာ ခရီးသည်တွေကို အသိပေးကြေညာမှု လုပ်ပါတယ်။ နောက်ထပ်ပြီး ကျွန်မတို့က ကပ္ပတိန်ဆီက အရေးပေါ် ဆင်းသက်ရမယ်။ ပြင်ဆင်ထားပါဆိုတဲ့ ညွှန်ကြားချက်ကို ထပ်ရပါတယ်။ အဲဒီလို ပြန်ကြားရချိန်မှာ အရေးပေါ်ဆင်းသက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့တစ်ဖွဲ့လုံးက အဓိကကတော့ SEP,SOP တွေကို လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။ ပုံမှန် ညီမတို့ကို လေ့ကျင့်ပေးတာက အရေးပေါ် ဆင်းသက်ဖို့အတွက် အချိန်က ၁၀ မိနစ်၊ အဲဒီ ၁၀ မိနစ်အတွင်းမှာ ညီမတို့က အားလုံးကို အဆင်သင့်ဖြစ်အောင် လုပ်ရတယ်။ ဒါပေမဲ့ ညီမတို့ ဒီနေ့ အရေးပေါ်ဆင်းသက်ဖို့ ရတဲ့အချိန်က လေးမိနစ်ပဲရှိတယ်။ ဒီလို လေးမိနစ်ပဲရတဲ့အချိန်မှာ လေယာဉ်တစ်စင်းလုံး အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရတာ ညီမတို့အတွက် အချိန်အရမ်းနည်းတယ်။ ညီမတို့က တကယ်အဓိက အရေးကြီးတဲ့ အချက်တွေကို ခရီးသည်တွေကို သရုပ်ပြသတာ၊ အသိပေး ကြေညာတာမျိုးကိုလုပ်ပါ တယ်။ အဓိကကတော့ Brace Position ပေါ့။ ဘယ်လိုနေမှာလဲဆိုတာကို သရုပ်ပြသ တာ၊ အသိပေးကြေညာတာ လုပ်ပါတယ်။ အဲဒီလိုလုပ်ပြတဲ့အခါ ခရီးသည်တွေကလည်း လိုက်ပြီးတော့ ကြိုးစားလုပ်ဆောင်ကြပါတယ်။ နောက်တစ်ခုက Exit တွေပေါ့။ လေယာဉ်မှာပါတဲ့ အရေးပေါ် ထွက်ပေါက်တွေကို သေချာပြန်ပြီး ပြသတယ်။ အဲဒီလိုအချိန်မျိုးမှာ ခရီးသည်တွေရဲ့ ညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်တာလည်း အရမ်းကောင်းသွားပါတယ်။ အားလုံးက အရမ်းထိတ်လန့်ပြီး ပြောလို့မရတဲ့ ခရီးသည်မျိုး မရှိခဲ့ဘူးရှင့်။ အဲဒါလည်း တစ်ခု ကောင်းပါတယ်။ ခရီးသည်အကုန်လုံးက ညီမတို့ ပြောပြသလို လုပ် ဆောင်ခဲ့တာလည်း အဓိက အားသာချက်တွေပါပဲ။ စိတ်အေးအေးထားပြီး ညီမတို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြောတယ်။ ပြောတဲ့အတိုင်းလည်း အားလုံးက လိုက်နာကြပါတယ်။ ဆင်းသက်တဲ့အချိန်မှာတော့ အားလုံးမျှော်လင့်ထားတာက ဆိုးဆိုးရွားရွားကြီးကြီး မျှော်လင့်ထားတာပေါ့။ အရမ်းကြီး ဝုန်းဒိုင်းဆို ကျသွားမလားပေါ့။ ညီမတို့ကတော့ ဘာဖြစ်လာမလဲဆိုတာထက် ဘာကို အကောင်းဆုံး လုပ်နိုင်မလဲဆိုတာကို တွေးပြီးလုပ်ဆောင်ခဲ့ပါတယ်။ လေယာဉ် လုံးဝရပ်သွားပြီးချိန်ကစ နှစ်မိနစ်ခွဲအတွင်း အကောင်းဆုံး Evacuated လုပ်နိုင်ခဲ့ပါတယ်။
■ မကေဂျာဆန်အောင် (အကြီးတန်းလေယာဉ်မယ်)
မေး- အရင်ကရော ဒီလိုဖြစ်စဉ်မျိုး ကြုံဖူးပါ သလား။
ဖြေ- Emergency တွေ ကြုံဖူးပေမဲ့ ဒီလိုမျိုး Evacuated လုပ်ရလောက်တဲ့အထိတော့ မကြုံဖူးပါဘူး။ ညီမတို့အနေနဲ့ အခုက Well Trained ဖြစ်တဲ့အတွက် ဒီလိုအကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ပြီးတော့ ညီမအနေနဲ့ ဒီနေ့ဖြစ်ရပ်ကိုကြည့်ပြီး ခရီးသည်တွေကို တစ်ခုအကြံပေးချင်တာက တချို့ခရီးသည်တွေက လေယာဉ်ပေါ်မှာ ညီမတို့ သရုပ်ပြတဲ့အခါ လုံးဝမကြည့်ဘူး။အရေးပေါ် အခြေအနေအတွက် ညွှန်ကြားချက်ကိုလည်း လုံးဝမဖတ်ဘူး။ တချို့ဆို နားကြပ်ပိတ်ပြီး လုံးဝ နားမထောင်တာတွေ တွေ့ရပါတယ်။ ခုလို အရေးပေါ် အခြေအနေကြုံလာတဲ့အခါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ခရီးသည်တွေအနေနဲ့ သေချာလေး အာရုံစိုက်ပြီး ညွှန်ကြားချက်တွေကို ဖတ်ပေးပါ။ Safety Video လေးတွေကို ကြည့်ပေးပါ။ ဒါမှ အရေးပေါ်အခြေအနေနဲ့ ကြုံလာချိန်မှာ ရင်ဆိုင်ဖြေ ရှင်းနိုင်မှာဖြစ်ပါတယ်လို့ အကြံပေးချင်ပါတယ်။