ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) Executive Director ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) Executive Director ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 12 May 2019

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် တို်င်းစစ်ဌာနချုပ် နယ်မြေငါးခု၌ တပ်မတော်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ လေးလတာ ရပ်ဆိုင်းထားသည်မှာ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုသို့ တပ်မတော်ဘက်က အပစ်ရပ် လေးလတာကာလအတွင်း ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တွေ့ဆုံမှု ခြောက်ကြိမ်ရှိခဲ့သည်။ NRPC အနေဖြင့် ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက်တွင်  SSPP အဖွဲ့နှင့်လည်းကောင်း၊ မတ် ၁၁ ရက်တွင် RCSS အဖွဲ့နှင့်လည်းကောင်း၊ မတ် ၁၈ ရက်တွင် KNPP အဖွဲ့နှင့်လည်းကောင်း၊ မတ် ၂၁ ရက်တွင် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် EAOs ရှစ်ဖွဲ့နှင့် လည်းကောင်း၊ ဧပြီ ၁၁ ရက်တွင် KNU အဖွဲ့နှင့်လည်းကောင်း၊ ဧပြီ ၃၀ ရက်တွင် KIO, MNTJP, PSLF, ULA အဖွဲ့တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ NRPC နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် KIO, MNTJP, PSLF, ULA အဖွဲ့တို့ မူဆယ်မြို့၌ ဧပြီ ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် တပ်မတော်ဘက်က အပစ်ရပ်ကာလကို ဇွန် ၃၀ ရက်အထိ နှစ်လထပ်မံ တိုးမြှင့်ပေးလိုက်သည်။ တပ်မတော်ဘက်က အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်ပေးသည့်အပေါ်တွင် အားလုံးက ကြိုဆိုခဲ့ကြပြီး  အပစ်ရပ်အဖွဲ့များ ထပ်မံတိုးလာနိုင်သည်ဟုလည်း သုံးသပ်မှုများရှိခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) Executive Director ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး - တပ်မတော်ကနေပြီးတော့ ဧပြီ ၃၀ ရက်မှာ  အပစ်ရပ်ကာလ နှစ်လ သက်တမ်းတိုးလိုက်တယ်။ အဲဒီ နှစ်လတာကာလဟာ လုံလောက်ပ့ါမလား။ ဒီထက်ပိုပြီးတော့ အပစ်ရပ်ကာလကို တိုးပေးသင့်လား။

ဖြေ - ကျွန်တော့်အမြင်ကတော့ တပ်မတော်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကိုလုပ်တာလည်း ဒီအစည်းအဝေးပြီးမှ လုပ်လိုက်တယ်လို့ ကျွန်တော်တို့လည်း ကြားရတယ်လေ။ အဲဒီတော့ တပ်မတော်ဘက်က တစ်ဖက်က အဖွဲ့အစည်းက ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့လည်း ဒီအပေါ်မှာ တိုး၊ မတိုးဆိုတဲ့ဟာကို စဉ်းစားပုံ ရတာပေါ့နော်။ ဒါကြောင့်မို့လို့ သူတို့က နှစ်လ ဆက်စောင့်ကြည့်မယ်ပေါ့နော်။ နှစ်လက အခြေအနေဘယ်လိုလာလဲ။ အဲဒီအခြေ အနေအပေါ်မူတည်ပြီးတော့ တိုးသင့်လား၊ မတိုးသင့်လား ဆုံးဖြတ်မယ်ဆိုတဲ့ ပုံစံမျိုး သူတို့ စဉ်းစားလားတော့ မသိဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သိတာ အရင်တုန်းက သူတို့တောက်လျှောက် ပြောနေတာက မတိုးဘူးလို့ ပြောနေတာကိုး။ မတိုးဘူးလို့ ပြောနေပြီးတော့ ကျွန်တော်တို့သိရ တာက ဒီအစည်းအဝေးထဲမှာ အစည်းအဝေးပြီးသွားတော့မှ အစည်းအဝေးထဲမှာပါတဲ့ သူတွေနဲ့ ပြောဆိုပြီးတော့ ဒါဆိုလို့ရှိရင်တော့ အစည်းအဝေးထဲမှာ ဘာပဲပြောပြော အခြေအနေကောင်းနဲ့ တစ်ဖက်က တုံ့ပြန်မှုလည်း ကောင်းတယ်ဆိုတဲ့ပေါ်မှာ အခြေခံစဉ်းစားပြီးတော့ ဒါဆိုလို့ရှိရင်တော့ နှစ်လထပ်တိုးမယ်ဆိုပြီးတော့ လုပ်တဲ့ပုံရတယ်လေ။ အဲဒီတော့ ဆိုလိုတဲ့အဓိပ္ပာယ်က တပ်မတော်ဘက်က စဉ်းစားတာက ဒါက အချိန်လုံလောက်လား၊ မလုံလောက်လားဆိုတာထက် တစ်ဖက်က အဖွဲ့အစည်းတွေကနေပြီးတော့ ဒီအပေါ်တွေမှာ ဘယ်လိုတုံ့ပြန်လဲ။ ဘယ်လို အပြုသဘောဆောင်လဲ ဒီလိုဟာကို စဉ်းစားပြီး တစ်ကွက်ချင်းပေါ့။ ဒါဆိုလို့ရှိရင်တော့ နောက်ထပ်တစ်ကွက် ထပ်ရွှေ့လိုက်မယ်။ တစ်ကွက်ထပ်ရွှေ့လိုက်ဆိုတဲ့ဟာမျိုး တစ်လှမ်းချင်းရွှေ့တဲ့ပုံစံမျိုးကိုပဲ စဉ်းစားပုံရတယ်လိုု့တော့ ထင်တာပဲ။

မေး - အပစ်ရပ်ကာလကို ဒီထက်ပိုပြီး တိုးပေးသင့်လား။

ဖြေ - အပစ်ရပ်ကာလကတော့ အဓိက ကတော့ အပစ်ရပ်ကာလ များများရှိရင်တော့ ကောင်းတာပေါ့။ နောက်တစ်ခုကလည်း အပစ်ရပ်ကာလရဲ့ သဘောက နှစ်ဖက်က ရပ်ဖို့လိုတာကိုး။ တစ်ဖက်က ရပ်ပေးတယ်ဆိုရင် တစ်ဖက်က ရပ်ပေးတဲ့ဟာကို နောက်တစ်ဖက်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုရှိတယ် ဆိုလို့ရှိရင်တော့ နှစ်ဖက်ယုံကြည်မှု တက်လာမယ်။ ယုံကြည်မှုတက်လာပြီးတော့ အပစ်ရပ်တဲ့အဆင့်အထိ ရောက်သွားမှာ။ အဲဒီတော့ ဘာကြောင့်မို့လို့ လက်နက်ကိုင်ပဋိပက္ခတွေမှာ အပစ်ရပ်ကြလဲဆိုတဲ့ဟာကို ကျွန်တော်တို့က ကြည့်ရင် ယုံကြည်မှု တစ်စုံတစ်ရာရှိလာတဲ့အပေါ်မှာ အပစ်ရပ်ဖို့ ဖြစ်လာတာ။ 

တစ်ဖက်သတ် အပစ်ရပ်ပေးတယ်ဆိုတဲ့သဘောက နှစ်ဖက်စလုံးပေါ့နော်။ တရားဝင် အပစ်ရပ်လို့ရအောင် ယုံကြည်မှု တည်ဆောက်တဲ့ သဘောပဲ။ တစ်ဖက်က အပစ်ရပ်လိုက်တဲ့အချိန်မှာ နောက်တစ်ဖက်ကလည်း အဲဒီဟာအပေါ် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုလို့ရှိရင် နှစ်ဖက်က ယုံကြည်မှု တက်လာမယ်။ တက်လာတယ်ဆိုလို့ရှိရင် နောက်တစ်ဆင့်က နှစ်ဖက်စလုံး တရားဝင် အပစ်ရပ်တဲ့အဆင့်ကို သွားလို့ရတာ။ ဒါပေမဲ့ ကျွန်တော်တို့ အခုကြည့်တော့ လက်ရှိအနေအထားမှာတော့ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိတာက အထူးသဖြင့် ကချင်ဘက်မှာတော့ အဲဒါမျိုး တော်တော်များများရှိတယ်။ တော်တော် အားကောင်းတယ်ဆိုတာ တွေ့လာရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပစ်ရပ်ကာလပေါ့နော်။ ဒီဇင်ဘာ ၂၁ က စပြီးတော့ အပစ်ရပ်လိုက်တဲ့ဟာမှာ ကချင်ပြည်နယ်ဘက်မှာ နှစ်ဘက်စလုံးက ပူးပေါင်းဆောင်ရွက်မှုရှိရှိနဲ့ ထိန်းထားနိုင်တယ်ဆိုတော့ ဒါက ကချင်ပြည်နယ်ဘက်မှာတော့ တော်တော်ကို ထိရောက်မှုရှိတယ်ဆိုတဲ့ဟာကို တွေ့ရတာပေါ့နော်။

နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရှမ်းမြောက်ဘက်မှာတို့ ရှမ်းတောင်တို့ဘက်မှာကြည့်ရင် ရှမ်းတောင်ဘက်မှာတော့ တော်တော်လျော့သွားတယ်။  RCSS ဆိုလို့ရှိရင် တော်တော်ကြီးကို မဖြစ်သလောက်နီးပါးကို ဖြစ်သွားပြီပေါ့နော်။ အပစ်ရပ်ပြီး နောက်ပိုင်း။ နောက်ပြီးတော့ အခုရှမ်းမြောက်မှာ တိုက်ပွဲတော့ရှိတယ်။ ဒါပေမဲ့ ဘာပဲပြောပြော အရင်ကထက်စာရင်တော့ ပိုပြီးတော့ နည်းလာတယ်ဆိုတဲ့ဟာကို တွေ့ရတယ်ဆိုတော့ ဒါကတော့ တစ်စုံတစ်ရာ သက်ရောက်မှုရှိပါတယ်။ အဲဒီတော့ အချိန်ဘယ်လောက်ကြာ၊ ဘယ်လောက်နည်းလဲဆိုတာထက် လက်ရှိအနေအထားမှာ နှစ်ဖက်ဘယ်လောက် ပူးပေါင်းဆောင်ရွက်နိုင်လဲဆိုတဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။

မေး - အစိုးရ၊ တပ်မတော်နဲ့ FPNCC အဖွဲ့ဝင်များ အပြင် KNPP နဲ့ တွေ့ဆုံနေတာ ရှိပါတယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကို Deep of Commitment (DOC) ထိုးဖို့ တိုက်တွန်းနေတာ ရှိပါတယ်။ အဲဒီတော့ အခု အပစ်ရပ် နှစ်လတာကာလ အတောအတွင်းမှာ လေးဖွဲ့အနေနဲ့ DOC ထိုးလာနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်လား။

ဖြေ -  အစိုးရက  DOC ဆိုတာ ဆုပ်ကိုင်ထားတာ မဟုတ်ဘူး။ အဓိက အစိုးရလိုချင်တာက အစိုးရ၊ တပ်မတော်လိုချင်တာက Bilateral ပဲလုပ်လုပ်၊ နှစ်ဖက်အပစ်ရပ်တဲ့ စာချုပ်ပဲ ထိုးထိုး၊  DOC ပဲထိုးထိုး NCA ထိုးဖို့ဆိုတဲ့ လမ်းကြောင်းပေါ်ကို သွားတယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို လိုတယ်။ ဥပမာဆိုပါစို့ ကျွန်တော်တို့ နှစ်ဖက် Bilateral အပစ်ရပ်မယ်။ NCA ကိုသွားနိုင်ဖို့အတွက် အပစ်ရပ်မယ်။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ NCA ရေးထိုးမယ်။ အဲဒီအတွက် နှစ်ဖက်အပစ်ရပ်ပြီးတော့ ယုံကြည်မှု တည်ဆောက်မယ်။ ဒီလိုမျိုး NCA ကို ဦးတည်တယ်ဆိုတဲ့အချက်ကို လိုတာ။ အစိုးရဘက်ရော၊ တပ်မတော်ဘက်ကရော DOC မှ မဟုတ်ဘူး၊ Bilateral လည်း ရတယ်။ လက်ခံတယ်။ ဒါပေမဲ့ NCA လက်မှတ် ရေးထိုးရေး ဦးတည်ရမယ်ဆိုတဲ့ သဘောကို ပြောတာလေ။

အဲဒီတော့ အခုအပိုင်းက နှစ်ပိုင်းရှိတယ်ပေါ့နော်။ အခုတစ်ပိုင်းကတော့ နှစ်ဖက် အပစ်ရပ်ရေးပေါ့။ နောက်တစ်ပိုင်းကတော့ နှစ်ဖက်အပစ်ရပ်ပြီးတော့ NCA လက်မှတ် ရေးထိုးရေးဆို နှစ်ပိုင်းရှိတာကိုး။ အခု အဲဒီ နှစ်ပိုင်းမှာ ပထမတစ်ပိုင်းဖြစ်တဲ့ နှစ်ဖက်အပစ်ရပ်ရေးဆိုတဲ့ အခြေခံကတော့ နည်းနည်းလေး ပိုပြီးနီးစပ်လာတယ်ပေါ့။ ဒါပေမဲ့ NCA ရေးထိုးရေးဆိုတဲ့ အပိုင်းကတော့ နည်းနည်းလေး ဆွေးနွေးစရာတွေတော့ ရှိသေးတယ်။ ကြားထဲမှာတော့ အဟလေးတွေ ရှိသေးတာပေါ့။ ဒါပေမဲ့ အခုအခြေအနေကတော့ မြောက်ပိုင်းမှာရှိတဲ့ မဟာမိတ်လေးဖွဲ့လုံးကိုတော့ ကျွန်တော်တို့က တစ်ပြေးတည်းတော့ သွားပြီးတော့ သုံးသပ်လို့မရဘူး။ အခု လက်ရှိအခြေအနေ အနေအထားအရ။

ဘာကြောင့်လဲဆိုတော့ အခုတပ်မတော်ဘက်က သဘောထားကလည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့စလုံးကို ပြောတယ်ဆိုပေမဲ့ ရခိုင်မှာ သူက လုံးဝရပ်မယ့် သဘောမရှိဘူး။ ရခိုင်မှာ စစ်ဆင်ရေးပိုပြီးတော့ အရှိန်အဟုန်မြှင့်မယ့် အနေအထားမှာရှိနေတယ်။..... သဘောကတော့ ရခိုင်ဘက်မှာဖြစ်နေတဲ့ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။

ဒါပေမဲ့ ခုနကပြောတဲ့အဖွဲ့တွေက ကျန်တဲ့အဖွဲ့တွေပေါ့နော်။ ဥပမာ MNDAA, TNLAတို့၊ KIA တို့အနေနဲ့ ဘယ်လိုမျိုး ဒီအပေါ်မှာ သူတို့ တုံ့ပြန်မလဲပေါ့။ AA က ကိုယ့်မဟာမိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့  AA တိုက်တဲ့အပေါ်မှာ ငါတို့လည်း ဝင်တိုက်မယ်ဆိုတဲ့ဟာမျိုး ဖြစ်လာမလား။ ဒါမှမဟုတ် ငါတို့ကတော့ဖြင့် ငြိမ်းချမ်းရေးကို ငါတို့နေရာတွေမှာ ရွေးသွားမယ်ဆိုတာ ဖြစ်လာနိုင်မလား။ ဒါကတော့ ကျွန်တော်တို့ ဆက်တော့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ အခုလက်ရှိအနေအထားတွေကို သုံးသပ်ရတာကတော့ မြောက်ပိုင်းမှာရှိနေတဲ့ အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးဘက်ကို သွားနေတယ်ဆိုတဲ့ ဦးတည်ချက်ကို ပိုတွေ့ရတယ်ဆိုတာကိုတော့ တွေ့ရတာပေါ့နော်။

မေး - ဒီနှစ်လအတွင်းမှာ MNDAA, TNLA, KIA အဖွဲ့တို့ DOC ပဲဖြစ်ဖြစ်၊ Bilateral ပဲဖြစ်ဖြစ် ထိုးလာနိုင်မယ့် အလားအလာရှိလား။

ဖြေ - Bilateral ဘက်ကတော့ ပိုပြီးတော့နီးစပ်ပါတယ်။ ဒါပေမဲ့ လေးဖွဲ့စလုံးတော့ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တိုု့ တွေ့ရတာကတော့ အပစ်အခတ်ရပ်စဲရေး တရားဝင်မရှိတာကတော့ တိုက်ပွဲတွေ လျှော့ချခဲ့တဲ့ဟာမျိုး။ ဥပမာဆိုပါစို့ ၂၀၁၈ ဇွန်လကတည်းက တပ်မတော်က စစ်ဆင်ရေးကြီးတွေကို ရပ်လိုက်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ ရပ်လိုက်တဲ့အပေါ်မှာ  KIA နဲ့ တပ်မတော်နဲ့ကြားထဲ မှာ တိုက်ပွဲတွေက အများကြီးလျော့သွားတယ်။ သေးသေးလေးတွေတော့ ရှိကြတယ်၊ ဖြစ်ကြတယ်။ ဒါက တရားဝင်အပစ်ရပ်တဲ့အချိန် မရောက်သေးဘူးပေါ့နော်။ အဲဒါတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ တရားဝင် အပစ်ရပ်တယ်၊ မရပ်ဘူးဆိုတဲ့ဟာတွေ မရှိတောင်မှ နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းနေ မယ်ဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က တိုက်ပွဲတွေ လျှော့ချနိုင်ပါတယ်။

မေး - ခုနကအဖွဲ့တွေ DOC ထိုးဖို့၊ Bilateral ထိုးဖို့အတွက် အစိုးရ၊ တပ်မတော်၊ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ရော ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဖြေ -  အဓိကကတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုကိုတော့ ရပ်လိုက်လို့မရဘူး။ ဒါတွေက ဆက်ပြီးတော့ လုပ်နေရမယ်။ ဒါတွေက ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်။ လက်ရှိ အပစ်အခတ်ရပ်စဲထားတဲ့ နေရာတွေမှာလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့။ အဓိက က ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ တိုက်ပွဲမဖြစ်အောင် နေသလိုပဲ။  ပြည်သူလူထု အကာအကွယ်ပေးတဲ့အပိုင်းတွေမှာလည်း နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတာပေါ့။ အဓိကကတော့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် ကိစ္စတွေကို မလုပ်အောင်၊ မဖြစ်အောင်တော့ နှစ်ဖက်စလုံးက ဒါကို ၀ိုင်းပြီး ထိန်းသိမ်းမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘာပဲပြောပြော အပစ်ရပ်တဲ့ အနေအထားတစ်ခုကို ရောက်လာနိုင်ပါတယ်။

မေး - လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။

ဖြေ -  ဒီတစ်ခေါက်ကတော့ တပ်မတော်ဘက်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို ထင်ထင်ရှားရှား ပြလာတယ်ဆိုတော့၊ သူ့ဘက်ကလည်း တကယ်ကို အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်တဲ့ဆန္ဒရှိလို့ ပြလာတာဆိုတော့ ဒီအပေါ်မှာတော့ တစ်စုံတစ်ရာတော့ အဖြေတော့မြင်ရမယ်လို့ ကျွန်တော် ထင်တယ်လေ။ ဒါ တစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့လည်း ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတော့ ဘာပဲပြောပြော ၂၀၂၀ မတိုင်ခင်မှာတော့ ထူးထူးခြားခြား ရလဒ်တွေထွက်ဖို့တော့ နည်းနည်းတော့ ဝေးသေးတယ်လို့ မြင်တယ်။                                 

ဆန်းမိုးထွန်း

Most Read

Most Recent