နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်တွင် ပြင်စလူမြို့၌ သီတင်းသုံးနေသည့် ဆရာတော် ဦးအာနန္ဒာနှင့် တွေ့ဆုံခြင်း

နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်တွင် ပြင်စလူမြို့၌ သီတင်းသုံးနေသည့် ဆရာတော် ဦးအာနန္ဒာနှင့် တွေ့ဆုံခြင်း
Published 5 May 2019
မင်းသူဝင်းထွဋ်

“အခြေအနေက နာဂစ်မဖြစ်ခင်နဲ့ဆိုရင် အခုဆိုရင် ဘာမှတော့ မဆိုင်တော့ဘူး။ဘာမှမဆိုင်တော့ဘူးဆိုပေမဲ့ တစ်နှစ်ထက်တစ်နှစ်တော့ ငါ့အမြင်ကြည့်ရတာပေါ့ ပိုပြီးတော့ ဆုတ်ယုတ်လာတဲ့ သဘောမျိုးရှိတယ်”

 

မေး - နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ညက ကြုံ တွေ့ရပုံ မိန့်ပေးပါ ဘုရား။

ဖြေ - နာဂစ်ဖြစ်မယ့်နေ့ အဲဒီနေ့ပေါ့။ ငါဒီသိမ်ကျောင်းဆောင်ရဲ့ ကျောင်းဆောင်ကို ငါ အုတ်ပတ်ကားလေး တက်နေတာပေါ့။ နေ့လယ် တစ်နာရီလောက်လည်းကျရော ဒီကထွေ အုပ်ရုံးက BC (စာရေးကြီး) ကနေ ပြီးတော့ လှမ်းပြီးတော့ ဖုန်းဆက်တယ်။ ဆရာတော်တဲ့ ရေ ၁၅ ပေ လောက်အမြင့် ရေတက်လိမ့်မယ်ပေါ့။ အထက်ကလည်းသူတို့ကို လှမ်းပြီးတော့ အကြောင်းကြားတယ်ပေါ့၊ အဲဒီတော့ ဒီကစခန်းမှူးတို့ အုပ်ချုပ်ရေးမှူးတို့လည်း ဒီက ကမ်းနားတန်းက အိမ်တွေ အပေါ်ကိုရွှေ့ပြီးတော့နေကြဖို့ ရွာထဲမှာတော့ လိုက်ပြောနေကြတယ် ဘုရားတဲ့။ အဲဒီတော့ ဆရာတော့် ကျောင်းက အသံချဲ့စက်က တစ်ရွာလုံး ကြားရတော့ မိုက်နဲ့ကြေညာပေးပါပေါ့။ ရေအမြင့် ၁၅ ပေ လောက်တက်မယ်ပေါ့။ လိုက်ကြေညာပေးပါဆိုတော့။ အဲဒီလိုပြော တော့ ငါပထမတော့ ရယ်တောင် ရယ်ချင်တယ်ပေါ့ကွာ။ ဒီမှာလည်း တစ်ခါမှ ကြုံမှမကြုံဖူးတာ ၁၅ ပေ အမြင့်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ ခါတိုင်းတက်နေကျကတော့ မြို့လမ်းလေးတွေ လှေလေးဘာလေး လှော် လို့ရတယ်။ တစ်ပေ နှစ်ပေ သုံးပေ ဆိုတာ အများဆုံးတက်တာကိုး။ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့ သူတို့ အကူအညီတောင်းတာနဲ့ ငါလုပ်ပေးလိုက့်ပါ့မယ်ဆိုပြီးတော့ မိုက်နဲ့ ကြေညာပေးလိုက်တာပေါ့ကွာ။ ဒီညမုန်တိုင်းကျမယ်၊ ရေအမြင့် ၁၅ ပေလောက်တက်မယ်၊ ကမ်းနားလမ်းကလူတွေ အပေါ်ဘက်ကို ရွှေ့ ပြီးတော့ နေကြဖို့ပေါ့။ အဲဒီလို ငါ ကြေညာပေးလိုက်တယ်ပေါ့။ ကြေညာပေးပြီးတော့ ကျောင်းလေး ဆက်လုပ်နေတယ် သုံးနာရီလောက်လည်းကျရော မိုးရွာလာပြီးတော့ လေပြင်းတွေ တိုက်လာ တယ်ပေါ့။ ၄ နာရီ ၅နာရီ လောက်လည်းကျရော ဒီကျောင်းထဲ အသားလွတ် ရေပါရောက်လာရော။  ၆ နာရီလောက်လည်းကျရော ဒီသိမ်ထဲမှာ နေလို့မရတော့ဘူး။ အဲဒီ အချိန်ကျတော့ ရေက ငါးပေ ခြောက်ပေလောက်ကို ဖြစ်သွားပြီ။ ဒီသိမ်ထဲမှာပေါ့။ အဲဒီလိုလည်း ဖြစ်သွားရော ငါ့သိမ်ရှေ့က မျက်နှာ ကြက်လေးပေါ်မှာ ကိုရင်ငါးပါးနဲ့ ငါတက်နေတာ။ ပြီးတော့ လေကလည်း တော်တော်ကြီးကို ပြင်းပြင်းထန်ထန်။ မိုးကလည်းရွာ၊ မိုးရွာတော့ ရေတော်တော်ကြီး။ ရေငတ်လို့ဆိုပြီး ရွာတဲ့မိုးရေလေးကို ပေါ့ အဲဒါလေးကိုလက်ခုပ်လေးနဲ့ ခံပြီးတော့ သောက်မယ်ဆိုပြီး ပါးစပ်ထဲ ထည့်လိုက်တာပေါ့။ အဲဒီ ရေလေးက ငန်တူးနေတာပဲ။ ရေချို မဟုတ်ဘူး။ မိုးရေမဟုတ်ဘူး ပင်လယ်ရေက အပေါ်ကို တက်ပြီးတော့ မိုးလို ပြန်ပြီးတော့ ရွာချတဲ့ သဘောမျိုးပေါ့။ အဲဒီလိုပဲ တစ်ညလုံးနေလိုက် တယ် တစ်ညလုံးပေါ့။ ငါမိုးလင်းခါနီးထိပေါ့ သန်းခေါင်လောက်မှာ ပြန်ပြီးတော့ ငြိမ်သွားတာပဲ။

မေး - မနက်ပိုင်း မုန်တိုင်းပြီးသွားချိန်မှာ တွေ့ ကြုံရတာ မိန့်ပေးပါဦးဘုရား။

ဖြေ - မနက်လည်းကျရော ညကတည်းက အိမ်တွေပြိုပြီး ငါနဲ့ ငါနေကြတဲ့ ဒကာတွေနဲ့ မြို့ထဲထွက် ကြည့်တာပေါ့။ ပထမတော့ ဒီလောက်ကြီး မထင်ဘူးပေါ့လေ။ ဒီ လောက်ကြီး ဖြစ်လိမ့်မယ်လို့ကို မထင်တာ။ ငါ့ အမေလည်းရှိဦးမှာပဲ။ ငါ့ဒကာ ဒကာမတွေလည်း ရှိဦးမှာပဲ။ ငါ့ အမေကဒီနားမှာ ပေ သုံးရာ လောက်တော့ ရှိမှာပေါ့ကွာ။ အဲဒီ နားမှာနေတယ်။ ကျောင်းအဝက ထွက်လိုက်တာနဲ့ကို တလင်းပြင်ကြီးလိုဖြစ်သွားတာ၊ အိမ်တိုင်တွေ ဆို ငုတ်တောင် ကောင်းကောင်း မရှိတော့ဘူး။ ငုတ်တောင်မရှိတော့တဲ့ အိမ်တွေများတယ်။ ဒီကနေ လှမ်းကြည့်ရင် ချောင်းဝက သင်္ဘောဆိပ်ကိုတိုက်ရိုက်ပဲ။ ငါချောင်းဝဖက်ထိ လျှောက်ထားတော့ လူသေ အလောင်းတွေကတော့ အများကြီးပေါ့ လမ်းမှာ။ အဲဒီလိုနဲ့ဆက်လျှေက်သွားတာ။ ဟိုရောက်တော့ ဒီကစ ခန်းမှူး၊ စခန်းမှူးကလည်း သူ့အဖွဲ့ သားတွေ အဲဒီမှာအုန်းဖူးပေါက်စား နေကြတယ်။ ဆရာတော် ဒီမှာအုန်း ဖူးလေး နည်းနည်းဘုဉ်းပေးပါဦး ဘုရားဆိုတော့ မစားချင်တော့ဘူးကွာ ဆိုတော့ နည်းနည်းတော့ လုပ်ပါဦးဘုရားဆိုတော့ အုန်းဖူးလေးတစ်ဖူး ကပ်တာပေါ့ကွာ။ အဲဒါလေးစားလိုက်တော့ ရင်ထဲတော့ နည်းနည်းအေးသွားတယ်။ လှည့်ပတ်ကြည့်တော့ ဘာမှမတွေ့တော့ဘူး။ လူသေအလောင်းတွေပဲ ရှိတော့မယ်။ အကုန်လုံး ငါ့ဒကာမကြီးတွေလည်း ပါကုန်ပြီ။ ဒကာဒ ကာမတွေလည်း ကုန်သလောက် ဖြစ်သွားတာပေါ့ကွာ။ ကိုယ့်ရွာတောင် ကိုယ်မမှတ်မိဘူး ဖြစ်သွားတာပေါ့ကွာ။ အဲဒီသဘောမျိုးပေါ့ကွာ။

မေး - ကယ်ဆယ်ရေးတွေ ရောက်လာချိန်က အဖြစ်အပျက်တချို့ကိုလည်း မိန့်ပါဦးဘုရား။

ဖြေ - အဲဒီအချိန်မှာ ငါ ဆက်နေရတာပေါ့ကွာ။ ဘယ်မှမသွားဘူး ဆိုပြီးတော့ သေသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက် ငါ့မှာတာဝန်ရှိတယ်။ ဗုဒ္ဓဘာသာထုံးစံအရ ကောင်းမှုကုသိုလ်လေးပြု အမျှအတမ်းလေးဝေ ဒီလိုမျိုး ငါ့မှာတာဝန်ရှိတယ်ဆိုပြီးတော့ ပေကတ်ပြီးတော့ နေတာပေါ့ကွာ။ နောက်ကျ ခုနစ်ရက် ရှစ်ရက်လောက်တော့ ရှိမယ်လို့ထင်တယ်။ ဒီကို တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေတို့ ဘာတို့ လာကြတာပေါ့။ ဒီကလူတွေ ပြောင်းဖို့ရွှေ့ဖို့အကြောင်းတွေ ပြောကြတာပေါ့။ သူတို့ ဟက်စကီး နဲ့လာတာပေါ့။ အဲဒီတော့ ငါက ဗိုလ်ချုပ်ကျော်ဆွေကို သွားမေးတယ်။ ဒကာကြီးလို့ လူတွေ အကုန်ပြောင်းမှာလားဆိုတော့ တပည့်တော်တို့ အကုန်ပြောင်းပေးမှာ ဘုရား။ ဒီမှာတစ်ယောက်မှ မထားတော့ဘူးတဲ့။ မထားတော့ဘူးဆို ရင် ဒကာကြီးရာ... ဦးဇင်း တစ်ခုတော့ပြောမယ်လို့ ဦးဇင်းက ပြင်စလူဇာတိလို့ နောက်ဦးဇင်း အမေလည်း နာဂစ်ထဲမှာ ပါသွားတယ်လို့ ဦးဇင်းကတော့ မပြောင်းချင်ဘူးလို့ ဒီမှာပဲ ဆက်နေမှာလို့ ပြင်စလူသားဆိုတော့ ပြင်စလူက မြို့မဟုတ်တောင် ရွာနာမည်လေးလောက်နဲ့ အိမ်ခြေ လေး လေးငါးဆယ်လောက်နဲ့ ရွာအဖြစ်လေး ပြန်ပြီးတော့ တည်ပြီးတော့ နေချင်တယ်လို့ အဲဒီလိုလည်း ပြောလဲပြောရော ဗိုလ်ချုပ်ကျော်ဆွေက ရပါတယ်ဘုရား ။ တပည့် တော်တို့ ကူညီရမှာပေါ့ဆိုပြီးတော့ သူ့ဘေးကသူ့ PSO ခေါ်မလား ဘာ ခေါ်မလဲ သူ့ လက်ထောက်ကို ပြော တာပေါ့။ အဲဒါပဲကွ။ ငါတို့မြန်မာလူမျိုးတွေက ကိုယ့်ဒေသတော့ ကိုယ်အစွဲ လေးတွေ ရှိကြတယ်တဲ့။ အဲဒီလို ပြောပြီးတော့ ဘုန်းဘုန်း နေပါ။ တပည့်တော်တို့လဲ ကူညီမှာပေါ့ဆိုပြီးတော့ တာလပတ်တွေ ပါလာတဲ့ သောက်ရေလေးတွေ ခေါက်ဆွဲခြောက်ထုတ်လေးတွေပေါ့ အဲဒါလေးတွေ ငါ့လှူခဲ့တယ်။

မေး - ပြန်လည်ထူထောင်ရေးကာလမှာ ကြုံတွေ့ရပုံလည်း မိန့်ပေးပါ ဘုရား။

ဖြေ - အဲဒီအချိန်က ငါနဲ့အတူနေတာ လူလေးငါးဆယ်လောက်ရှိတယ်။ အဲဒါတွေလည်း ပြောင်းကုန်တာ။ ပြောင်းကုန်ပေါ့ကွာ။ စက်လှေကြီးတွေနဲ့ လာလာခေါ်ကြတယ်။ ဒီကနေ တစ်မိုင်ကျော်လောက်ရှိတာပေါ့။ ဒီကနေအဲဒီကို လှမ်းမြင်နေရတယ်။ အပင်တွေ၊ အိမ်တွေ ဘာမှမရှိတော့ဘူး။ အကုန်လုံး ပြောင်တလင်းခါနေတာ။ ငါဒီမှာ လှမ်းကြည့်တာ သင်္ဘောကြီးတွေ ဝင်လာတာထွက်သွားတာ အကုန် လှမ်းမြင်နေရတယ်။ လူတွေ ကုန်သလောက်ရှိသွားတာပဲ ပြင်စလူက လူတွေရော၊ အနောက်ရွာက လူတွေ လိုက်လိုက်သွားကြတာပဲ။ အဲဒီကနေစပြီးတော့ ငါ နာဂစ် တစ်နှစ်မြောက်၊ နှစ်နှစ်မြောက်ဆိုပြီးတော့ ငါစပြီးတော့ လုပ်လာခဲ့တာ ပဲအခုအထိပေါ့။ အဲဒီတုန်းကတော့ ငါလည်းအဖွဲ့အစည်းတွေက စုံစုံညီညီမရှိတော့ ကိုယ်ထူကိုယ်ထလေးနဲ့ လုပ်ရတာပေါ့ကွာ။

မေး - နာဂစ်မုန်တိုင်းမတိုင်ခင်က ပြင်စလူနဲ့ အခု ပြင်စလူ အခြေအနေ ဘာတွေကွာခြားသွားပါသလဲ ဘုရား။

ဖြေ - နာဂစ် မဖြစ်ခင် အနေအထားနဲ့ အခုအနေအထားကဘယ်လိုမှ ယှဉ်လို့ နှိုင်းလို့ မဖြစ်နိုင်တော့တဲ့ အနေအထားမျိုးပေါ့ကွာ။ ဒီမှာ လုပ်ငန်းရှင်ကြီးတွေလည်း ရှိတယ်။ စျေးဆိုင်ကြီးတွေလည်း ရှိတယ်။ ရွာကလည်း အိမ်ခြေခုနစ်ရာ ရှစ်ရာလောက် ရှိမယ်နဲ့တူပါတယ်။ ဟိုတုန်းကတော့ မြို့ပေါ့ကွာ။ တော်တော်လေး စည်စည်ကားကားဖြစ် နေတာပေါ့ကွာ။ စားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေနဲ့ ရွှေဆိုင်တောင် ရှိတယ်။ အဲဒီလိုအနေအထားမျိုးပေါ့။ စည်စည်ကားကားကြီးပဲ။ အဲဒီကနေ အခုနာဂစ်ဖြစ်ပြီး တဲ့နောက်မှာ အတော့်ကို အခြေအနေဆိုးတယ်။ အခုဆိုပိုတောင် ဆိုးသေးတယ်။ ဘာဆိုးလဲဆိုရင် လူကောင်းကောင်းမရှိတော့ ဘယ်လို လူကောင်းကောင်း မရှိလည်း ဆိုတော့ စီးပွားရေးကလည်း မကောင်းတာ တပိုင်း၊ လုပ်ငန်းရှင်လည်း မရှိတော့ အလုပ်လဲမရှိတော့ အလုပ်ကိုင်တွေ ရှားပါးတာပေါ့။ ရှားပါးတဲ့အခါကျတော့ ရန်ကုန်၊ ပုသိမ်၊ မြောင်းမြပေါ့ အဲဒီလိုနေရာမျိုးတွေ၊ နောက်တစ်ခါ တချို့လည်း ထိုင်းနိုင်ငံတို့ စင်ကာပူနိုင်ငံတို့ တရုတ်တို့ မလေးရှားတို့ ထွက် ထွက်ပြီးတော့ အလုပ်လုပ်နေကြတဲ့ အနေအထားဆိုတော့ ရွာမှာ လူ အင်အားလည်း မရှိတော့ဘူး။ စီးပွားရေးအနေအထားကလည်း တော်တော်ကို ယိုင်ရွဲ့သွားတယ်ပေါ့။ အဲဒီလိုဖြစ်သွားတယ်ကွာ။ အများကြီးတော့ ကွာခြားသွားတယ်။ ဟိုတုန်းကနဲ့ တစ်နှစ်နဲ့ တစ်နှစ်က ပိုမတိုးတက်တဲ့ အပြင် ပိုပိုတောင် ဆုတ်ယုတ်လာတဲ့ သဘောမျိုး ရှိလာသလိုပဲ။

မေး - ဘာ့ကြောင့် ပြန်လည်မဖွံ့ဖြိုးတာလို့ ဆရာတော် မြင်မိပါသလဲဘုရား။

ဖြေ - နာဂစ်ဖြစ်ပြီးခါစနောက်ပိုင်းတုန်းက တချို့အချိန်တွေမှာ ငါး သားပုစွန်တွေ သားငါးအစရှိသည် ဖြင့်ပေါ့ကွာ။ ရေလုပ်ငန်းလေးတွေ သူ့ဟာသူ ထိုက်သင့်အားလျှော်စွာ ရေလုပ်ငန်းလေးတွေ ဖွံ့ဖြိုးတဲ့ သဘောရှိတယ်။ ဒီနှစ်ကနေ စပြီးတော့ နှစ်နှစ်ပေါ့။ ဘုန်းကြီးအနေနဲ့လည်း ဒီဟာတွေ ပြောရတာ ကောင်းတာတော့ မကောင်းဘူးပေါ့ကွာ။ ဒါပေမဲ့ ရပ်ရွာဒကာ ဒကာမတွေနဲ့ ဆက်စပ်နေတဲ့အခါ ကျတော့လည်း ဒါမင်းတို့လည်း မေးတော့ အလျဉ်းသင့်လို့ ထည့်ပြောရတာပဲ။ ငါးသားပုစွန်ဆိုတာလည်း အရင်နဲ့မတူဘူး။ အရမ်းရှားပါးသွားတဲ့ အဖြစ်မျိုး။ အခုကွာ ဂဏန်းလိုဟာမျိုး တော်တော်ကို ရှားပါးသွားတဲ့အဖြစ် တစ်နှစ်ထက် တစ်နှစ် ပိုပိုရှားသွားတယ် မနှစ်က ဆိုရင် ရာသီကလည်း ဖျက်တယ်။ ရာသီဥတုက ဖျက်လိုက်တဲ့အတွက် မို့ စီးပွားရေးက တော်တော်မကောင်းဘူး။ အထူးအားဖြင့် ရေလုပ်ငန်းသမားတွေပေါ့ကွာ။ ဒီမှာ ရေလုပ်ငန်းသမားလည်းရှိတာကို။ ရေလုပ်ငန်းလေးတွေ မှီခိုနေကြတာများတယ်။ အထူးအားဖြင့် ဒီဘက်ပိုင်းသားတွေပေါ့၊ မနှစ်ကတည်းကစပြီးတော့ စီးပွားရေးက တော်တော်ကို ဆုတ်ယုတ်နေတာ။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ တချို့လည်းအလုပ်ထွက်လုပ်ပေါ့ တချို့ကျန်တဲ့သူတွေကျတော့လည်း ပုဇွန်လေးထောင် ဂဏန်းလေးထောင် ကြုံရာကျပမ်းလေးပေါ့ ထင်းလေးခွေရောင်း၊ အဲဒီလိုလုပ်နေရတယ် အခြေအနေက နာဂစ်မဖြစ်ခင်နဲ့ဆိုရင်နဲ့ အခုဆိုရင် ဘာမှတော့ မဆိုင်တော့ဘူး။ ဘာမှ မဆိုင်တော့ဘူးဆိုပေမဲ့ တစ်နှစ်ထက် တစ်နှစ်တော့ ငါ့အမြင်ကြည့်ရတာပေါ့။ ပိုပြီးတော့ ဆုတ်ယုတ်လာတဲ့ သဘောမျိုးရှိတယ် ။

မေး - နာဂစ်မုန်တိုင်း ၁၁ နှစ်ကြာပြီးချိန်မှာရော ပြန်လည် မတိုးတက်ခဲ့ဘူးလားဘုရား။

ဖြေ - မနှစ်ကနဲ့ ဒီနှစ်မတူဘူး။ ဟိုးတစ်နှစ်ကနဲ့ မနှစ်ကနဲ့လည်း မတူ ဘူး။ အလယ်အလတ် နေရာလေး မှာတော့ အနေအထိုင်လေး အဆင်ပြေလိုက်တယ်။ ဒီက NGO အဖွဲ့ အစည်းတွေ ထိုက်သင့်အားလျော် စွာထောက်ပံ့ အစိုးရကလည်း ထိုက်သင့်အားလျော်စွာ ထောက်ပံ့ပေါ့ကွာ။ နှစ်နှစ်သုံးနှစ်လောက် အတွင်းပေါ့။ နာဂစ်ဖြစ်ပြီး တော်တော်လေး နည်းနည်းအဆင်ပြေတဲ့ သဘောမျိုးရှိတယ်။ အဲဒီနောက်ပိုင်းရောက် လာတဲ့အခါမှာကျတော့ ပိုဆိုးတယ် တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာတယ်။

Most Read

Most Recent