ရခိုင်ပြည်နယ်တွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်မှု လုပ်ငန်းများ အမြန်စွန့်လွှတ်ပါက တိုက်ပွဲများပြီးဆုံးမှု မြန်နိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

ရခိုင်ပြည်နယ်တွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်မှု လုပ်ငန်းများ အမြန်စွန့်လွှတ်ပါက တိုက်ပွဲများပြီးဆုံးမှု မြန်နိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 4 May 2019
စိုးမင်းထိုက်

ရခိုင်ပြည်နယ်တွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်မှု လုပ်ငန်းများကို မြန်မြန်စွန့်လွှတ်ပါက တိုက်ပွဲများ ပြီးဆုံးမှု မြန်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။

မေ ၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် AA အဖွဲ့၏ ဥပဒေချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက် တစ်ဦးက “ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာ ဒီဇင်ဘာလကတည်းက ဖြစ်နေပါတယ်။ ပြီးဆုံးနိုင်ဖို့ဆိုရင် အချိန်ဘယ်လောက် ထပ်ကြာနိုင်မလဲဆိုတာ သိချင်ပါတယ်” ဟု မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက “အဲဒီမေးခွန်းကိုတော့ တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ပြောပြမယ်။ အဖွဲ့အစည်းတစ်ခုမှာ အစဉ်အလာ ဆိုတာရှိတယ်။ ကျွန်တော်တို့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးခါစက ရန်ကုန်အစိုးရဆိုတဲ့ အနေအထားကနေပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဥပဒေစိုးမိုးအောင် လုပ်ခဲ့တဲ့ အစဉ်အလာရှိတယ်။ ဒီနောက်ပိုင်း ၈၆၊ ၈၇ ခုနှစ်လောက်မှာ ဗကပကို အပြီးချုပ်ငြိမ်းအောင် တိုက်ခဲ့တဲ့ အစဉ်အလာရှိတယ်။ ဒါ့အပြင် တိုက်လို့မရဘူး။ မြေပြင်အနေအထားအရရော၊ ခံစစ်ခိုင်မာမှုအရရော တိုက်လို့ ဘယ်လိုမှ မကျနိုင်ဘူးဆိုတဲ့ စခန်းတွေကို တိုက်လို့ရခဲ့တယ်။ နောက်ပိုင်းမှာလည်း တိုက်ခဲ့တဲ့ တိုက်ပွဲတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ အစဉ်အလာအရ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ သို့သော်လည်း တစ်ဖက်က ငြိမ်းချမ်းရေး လမ်းကြောင်း၊ တစ်ဖက်က တိုင်းရင်းသားတွေ အပေါ်မှာ ဆောင်ရွက်နေတဲ့ အနေအထားနဲ့ ကျွန်တော်တို့ ချိန်ဆနေခြင်းဖြစ်တယ်။ အဲဒီတော့ သဘောကတော့ ဒီအကြမ်းဖက်မှု လုပ်ငန်းတွေကို စွန့်လွှတ်သွားမယ်ဆိုရင် မြန်မှာပေါ့။ မြန်မြန်စွန့်လွှတ်ရင် မြန်မယ်။ မစွန့်ဘူး ဆိုရင်လည်း ကျွန်တော်တို့ကတော့ အစဉ်အလာအရ တပ်မတော်က တကယ်လုပ်ပြီဆိုရင် မရခဲ့တာမရှိဘူး။ အဲဒီဟာတွေယှဉ်ရင် AA ရဲ့အဆင့်ဟာ ဘယ်အဆင့် ရှိတယ်ဆိုတာ အားလုံးသဘောပေါက်မှာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် AA အဖွဲ့အနေဖြင့် လိုင်ဇာတွင် အခြေတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ AA အဖွဲ့ရောက်လာမှ အဖြူူရောင်နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ် မငြိမ်းချမ်းတော့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် လုံခြုံသည်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လုံခြုံရေး အာမခံချက် ရသည်အထိ တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက “ကျွန်တော်တို့ တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်မှာထားတဲ့ တပ်မတော်ရဲ့ မူဝါဒရှိပါတယ်။ ဒါကတော့ မူဝါဒခြောက်ရပ် ဖြစ်ပါတယ်။ တရားဝင်လည်း ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းက NCA လမ်းကြောင်း ဖြစ်ပါတယ်။ ဒီ NCA ကတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ EAO တို့ပေါင်းပြီး အားလုံးသဘောတူညီပြီး ရေးဆွဲထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ သွားနေပါတယ်။ တစ်ဖက်က AA အနေနဲ့လည်း NCA လမ်းကြောင်းအတိုင်း ကြိုးစားမယ်။ NRPC နဲ့ ထိတွေ့မယ် ဆိုရင်လည်း ဆောင်ရွက်လို့ရပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် အာမခံချက်ရတဲ့ အထိအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။       

 

Most Read

Most Recent