တစ်ကျော့ပြန် မာစတာချန်ပီယံ တိုက်ဂါးဝုဒ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

တစ်ကျော့ပြန် မာစတာချန်ပီယံ တိုက်ဂါးဝုဒ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်
Photo : GC images
Photo : GC images
Published 4 May 2019

မာစတာမေဂျာဂေါ့ဖ်ပြိုင်ပွဲ၌ တစ်ကျော့ ပြန်အနိုင်ရဗိုလ်စွဲခဲ့သည့် တိုက်ဂါးဝုဒ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမြင့် ဆုံး ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် တိုက်ဂါးဝုဒ်သည် ဧပြီဒုတိယပတ်အတွင်းကျင်းပသည့် မာစတာပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၇၅ ချက်၊ လျှော့ရိုက်ချက် ၁၃ ချက်ဖြင့် မေဂျာချန် ပီယံဆုကို တစ်ကျော့ပြန်ဆွတ်ခူးရယူနိုင်ခဲ့သည်။ 

ယင်းအောင်မြင်မှုမှာ တိုက်ဂါးဝုဒ်အတွက် ကစားသမားဘဝတစ်လျှောက် ၁၅ ကြိမ်မြောက်ရရှိသည့် မေဂျာချန်ပီယံဆုဖြစ်ပြီး ၂၀၀၈ ခုနှစ် ဇွန်လနောက်ပိုင်း ၁၁ နှစ်နီးပါးအကြာတွင် မေဂျာပြိုင်ပွဲ၌ တစ်ကျော့ ပြန်အောင်မြင်မှုရယူနိုင်ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ တိုက်ဂါးဝုဒ်သည် မေဂျာချန်ပီယံဆု အများဆုံးစံချိန်တင်ထားသည့် အမေရိကန် ဂန္ထဝင် ဂျက်နစ်ကလောက်စ်၏ ချန်ပီယံဆု ၁၈ ကြိမ်ကိုလိုက်မီရန် သုံးကြိမ်သာလိုအပ်တော့ကြောင်း သိရသည်။ 

၎င်းသည် လူမှုရေး ဖောက်ပြန်မှုပြဿနာနှင့် ဒဏ်ရာပြဿနာများကြောင့် ကစားသမားဘဝမှ အနားယူရ လုနီးပါးဖြစ်ခဲ့သော်လည်း တစ်ကျော့ပြန် အောင်မြင်မှုရယူနိုင်ခြင်းဖြစ်ရာ သမ္မတ ဒေါ် နယ်ထရန့်က အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်သည့် ''Presidential Medal of Freedom'' ချီးမြှင့်မည်ဖြစ်ကြောင်း Twitter မှ တစ်ဆင့် ပြောကြားထားပြီးဖြစ်သည်။

တိုက်ဂါးဝုဒ်အား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည့်အစီအစဉ်ကို အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဆာရာဆန်းဒါးက ထပ်မံအတည်ပြုပြောကြားပြီး မေ ၆ ရက်တွင် အိမ်ဖြူတော်ရှိ White House Rose Garden ၌ အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

တိုက်ဂါးဝုဒ်၏ မေဂျာပြိုင်ပွဲအောင်မြင်မှု

မာစတာပြိုင်ပွဲ        -    ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၅၊ ၂၀၁၉

ယူအက်စ်အိုးပင်းပြိုင်ပွဲ    -    ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၈

British Open ပြိုင်ပွဲ        -    ၂၀၀၀၊ ၂၀၀၅၊ ၂၀၀၆

ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲ    -    ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၆၊ ၂၀၀၇

Most Read

Most Recent