PFA အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူးရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုနှင့်သာ စတာလင် ကျေနပ်ခဲ့ရ

PFA အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ဆွတ်ခူးရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုနှင့်သာ စတာလင် ကျေနပ်ခဲ့ရ
Published 29 April 2019

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ၂၀၁၉ PFAအကောင်းဆုံးကစားသမားဆု (PFA Players' Player of th Year)အား  အဓိကပြိုင်ဘက် မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်ကိုကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

စတာလင်မှာမူ အကောင်းဆုံးလူငယ်ကစားသမားဆုနှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

PFA Awards အခမ်းအနားကို ဧပြီလ ၂၈ ရက်(တနင်္ဂနွေနေ့)၌ လန်ဒန်မြို့ရှိ Grosvenor House Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဆန်ခါတင်ခြောက်ဦး စာရင်းကို ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က ထုတ် ပြန်ကြေညာခဲ့ရာ ဗန်ဒိုက်၊ စတာလင်၊ မာနေ၊ ဟာဇက်၊ အဂွဲရိုးနှင့် ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ပြီး ဗန်ဒိုက်နှင့် စတာလင်တို့မှာ ယခု နှစ်အကောင်းဆုံးဆုအတွက် အပြတ်အသတ် ရေပန်းစားခဲ့သည်။ 

ပြီးခဲ့သည့်နှစ် PFA အကောင်းဆုံးဆုကိုလည်း ဆာလာမှ ဆွတ်ခူးရရှိခဲ့သောကြောင့် လီဗာပူးလ်အသင်းအနေဖြင့် နှစ်နှစ်ဆက်တိုက်ရရှိခြင်းဖြစ်ပြီး ဗန်ဒိုက်မှာ ၂၀၀၅ ခုနှစ်က ချယ်လ်ဆီးနောက်ခံလူ တယ်ရီ ရရှိပြီးနောက် ယင်းဆုကိုသိမ်းပိုက်နိုင်သည့် ပထမဆုံးနောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

ထို့ပြင် ဗန်ဒိုက်သည် ယင်းဆုကို ရှစ်ဦးမြောက်ရရှိသည့် လီဗာပူးလ်ကစားသမားအဖြစ် စာရင်းဝင်ခဲ့ပြီး ၎င်းနှင့် ဆာလာမတိုင်မီ တယ်ရီမက်ဒါမို့တ်(၁၉၇၉-၈၀)၊ ကင်နီဒဲဂလစ်ရှ်(၁၉၈၂-၈၃)၊ အီယန်ရပ်ရှ် (၁၉၈၃-၈၄)၊ ဂျွန်ဘန်းစ်(၁၉၈၇-၈၈)၊ စတီဗင်ဂျရတ်(၂၀၀၅-၀၆)၊ လူးဝစ်ဆွာရက်ဇ် (၂၀၁၃-၁၄)တို့က ဆွတ်ခူးရရှိခဲ့ကြသည်။ 

PFA အကောင်းဆုံးဆုကို ဗန်ဒိုက်မတိုင်မီ နယ်သာလန်ကစားသမားများထဲမှ ဘားကင့်၊ နစ္စတယ်ရွိုင်း၊ ဗန်ပါစီစသူတို့ ဆွတ်ခူးရရှိခဲ့ဖူးသည်။

အမျိုးသမီးအကောင်းဆုံးဆုကို မီယက်မာနှင့် အမျိုးသမီးလူငယ်အကောင်းဆုံးဆုကို စတန်ဝေးတို့က ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent