YouTuber အဖြစ်မှ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားအဖြစ် ပြောင်းလဲထိုးသတ်နေသည့် ဂျိတ်ပေါလ်က အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် တိုင်ဆန်ကို အလဲမထိုးခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဂျိတ်ပေါလ်က "သူပင်ပန်းနေတယ်ဆိုတာ သိတဲ့အချိန်မှာ လွယ်ကူသွားတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒီလိုဆိုတာ နည်းနည်းသေချာပါတယ်။ ကျွန်တော်က ပရိသတ်တွေကို ရှိုးတစ်ခုပြချင် တာပါ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို မထိခိုက်စေချင်ဘူး။ အဲဒီလိုထိခိုက်စေဖို့လည်း မလိုပါဘူး" ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ဂျိတ်ပေါလ်က စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံ မက္ကဆီကိုလက်ဝှေ့သမား ကာနီလို အယ်လ်ဗာရက်ဇ်နှင့် ထိုးသတ်လိုကြောင်း ထပ်မံစိန်ခေါ်ခဲ့သည်။ တိုင်ဆန်ကလည်း ပေါလ်၏အစ်ကိုဖြစ်သူ YouTuber ၊ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားနှင့် WWE နပန်း သမား လိုဂန်ပေါလ်နှင့် ဆက်လက်ထိုးသတ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျိတ်ပေါလ်သည် အပျော်တမ်းလက်ဝှေ့ပွဲစဉ် တစ်ပွဲနှင့် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲစဉ် ၁၂ ပွဲထိုးသတ်ထားပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသူဖြစ်သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် တွမ်မီဖျူရီတစ်ဦးတည်းကိုသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲအားလုံး အနိုင်ရထားခြင်းဖြစ်သည်။
တိုင်ဆန်မှာမူ ၂၀၀၅ ခုနှစ် ဇွန်လနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှသာ ပရော်ဖက်ရှင်နယ်ပွဲစဉ် ပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ၅၉ ပွဲထိုးသတ်ရာတွင် ပွဲ ၅၀ နိုင်၊ ခုနစ်ပွဲရှုံးနိမ့်ကာ နှစ်ပွဲမှာမူ ရလဒ် ပယ်ဖျက်ခံထားရသည်။