ရွေးကောက်ခံထားရသည့် ထရန့်အစိုးရအဖွဲ့နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံချိန်တွင် ပြောကြား

ရွေးကောက်ခံထားရသည့် ထရန့်အစိုးရအဖွဲ့နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံချိန်တွင် ပြောကြား
Published 17 November 2024

အမေရိကန်တွင် သမ္မတအဖြစ်ရွေး ကောက်ခံထားရသည့် ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတ ရှီကျင်းပင်က နိုဝင်ဘာ ၁၆ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်နှင့် ရှီတို့သည် ပီရူးနိုင်ငံ လီမာမြို့တော်တွင်ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး  (APEC) ဖိုရမ်တွင် သီးသန့်တွေ့ဆုံချိန်တွင် ရှီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုသည် ဘိုင်ဒင်နှင့်ရှီတို့အကြား ခုနစ်လအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ဘိုင်ဒင် သမ္မတသက်တမ်းမကုန်မီ နောက်ဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ကာ  ဆိုက်ဘာရာဇဝတ်မှု၊ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနှင့် ရုရှားအရေးတို့နှင့်ပတ်သက်သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့သည်။

“တရုတ်ရဲ့ ရည်ရွယ်ချက်ကတော့ ခိုင်မာ ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးကို မပြောင်းလဲဘဲ ဆက်ရှိနေစေဖို့ဖြစ်ပါတယ်”ဟု ရှီက ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား အတက်၊ အကျ များရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

“ဆက်သွယ်ရေးတွေကို ထိန်းသိမ်းဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ချဲ့ထွင်ဖို့နဲ့ မတူကွဲပြားမှုတွေကို စီမံကိုင်တွယ်ဖို့ တရုတ်ဟာ အမေရိကန်အစိုးရအဖွဲ့သစ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ပါပဲ”ဟု ရှီက ပြောကြားခဲ့သည်။

ဘိုင်ဒင်ကလည်း ၎င်းနှင့်ရှီတို့အကြား အမြဲလိုလို သဘောထားချင်း တိုက်ဆိုင်မှုမရှိခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ ဆွေးနွေးမှုများသည် ပွင့်လင်းမှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်က ၎င်းသမ္မတရာထူးမှ ထွက်ခွာသွားသည့်တိုင် ခေါင်းဆောင်အချင်းချင်း ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရေးသည် အရေးကြီးကြောင်း ရှီကို ပြောကြားခဲ့သည်ဟု ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရန့်ကမူ သမ္မတအဖြစ်ရွေးကောက်ခံရမည်ဆိုပါက တရုတ်၏ သွင်းကုန်များကို အခွန် ၆၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟု ကတိပြုခဲ့ပြီး ထိုအစီအစဉ်သည် အမေရိကန်ပထမ မူဝါဒ၏ ကုန်သွယ်ရေး အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရှီကမူ ထရန့် ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး တစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာ ၆ ရက်တွင် အမေရိကန်နှင့်တရုတ် အကြား ခင်မင်ရင်းနှီးစွာ ဆက်ဆံရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီသည် ထရန့်ကို ဂုဏ်ပြုစကားပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နှင့် အမေရိကန် အကျိုးအမြတ်များရရှိခဲ့ကြောင်းနှင့် ထိပ်တိုက်တွေ့မှုကြောင့် ဆင်းရဲဒုက္ခများခံစားခဲ့းရသည့် သမိုင်းရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်ဟု CCTV ရုပ်သံက ဖော်ပြခဲ့သည်။

“တည်ငြိမ်၊ ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီနေပါတယ်”ဟု ရှီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်အကြား ဆွေးနွေးမှုနှင့် ဆက်သွယ်ရေးကို  ပိုမိုတိုးမြှင့်ရန်နှင့် မတူကွဲပြားမှုများကို  သင့်တင်လျောက်ပတ်စွာ စီမံခန့်ခွဲရန် ရှီက တိုက်တွန်းခဲ့သည်။

Ref:Reuters/AFP

                                                         

Most Read

Most Recent