အင်ဒိုနီးရှားတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

အင်ဒိုနီးရှားတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
အောက်တိုဘာ ၂၀ ရက်က ဂျကာတာမြို့တော်ရှိ လွှတ်တော်တွင် အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို(ယာ) က ကျမ်းသစ္စာကျိန်ဆိုနေစဉ်(Photo:AFP)
အောက်တိုဘာ ၂၀ ရက်က ဂျကာတာမြို့တော်ရှိ လွှတ်တော်တွင် အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို(ယာ) က ကျမ်းသစ္စာကျိန်ဆိုနေစဉ်(Photo:AFP)
Published 20 October 2024

အင်ဒိုနီးရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက အောက်တိုဘာ ၂၀ ရက်တွင်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

အသက် ၇၃ နှစ်အရွယ် အမျိုးသားရေးဝါဒီ ဆူဘီယန်တိုသည် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ယခင်သမ္မတ ဂျိုကိုဝီဒိုဒိုထံမှ အာဏာကို တရားဝင်လွှဲပြောင်း ရယူခဲ့သည်။

ပရာဘိုဝိုသည် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ချိန်က လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။

“ကျွန်တော်တို့ကို မဲမပေးခဲ့တဲ့သူတွေ အပါအဝင် အင်ဒိုနီးရှားပြည်သူအားလုံးရဲ့ အကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး အင်ဒိုနီးရှားအစိုးရအဖွဲ့ကို ဦးဆောင်သွားမှာပါ”ဟု ပရာဘိုဝိုက ပြောကြားခဲ့ပြီး အကျင့်ပျက်ခြ စားမှုကို တိုက်ဖျက်ပြီး ဒီမိုကရေစီကို ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ပရာဘိုဝိုသည် အင်ဒိုနီးရှား၏ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံတကာစင်မြင့်ထက်တွင် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူသည်  ရုရှားနှင့် သြစတြေးလျနိုင်ငံအပါအဝင် ဒါဇင်နှင့်ချီသည့် နိုင်ငံများသို့ မသွားရောက်မီ လွန်ခဲ့သည့် ရှစ်လက ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက် တရုတ်သို့ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

ပရာဘိုဝိုသည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး နီကယ်သတ္တုသိုက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံကို ဦးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် အသက် ၃၀ အောက်အရွယ် လူဦးရေထက်ဝက်ခန့်ပါဝင်သည့် နိုင်ငံ့လူဦးရေသန်း ၂၈၀ ရှိသည့် နိုင်ငံကိုလည်း ခေါင်းဆောင်အဖြစ် အုပ်ချုပ်ရမည်ဖြစ်သည်။

ပရာဘိုဝိုသည် ဖေဖော်ဝါရီလက ဝီဒိုဒို၏ သားဖြစ်သူ ဂျီဘရန် ရာကာဘူမင်ရာကာ (၃၇ နှစ်)နှင့်အတူ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ပရာဘိုဝိုသည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ရိုးရာ ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။

ပရာဘိုဝိုသည် အင်ဒိုနီးရှား၏ ကြားနေနိုင်ငံခြားရေးမူဝါဒကို အလေးထားပြောဆိုခဲ့သော်လည်း နယ်နိမိတ်ကာကွယ်ရေးသည် ဦးစားပေးကိစ္စဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံကောင်းအဖြစ် ရပ်တည်ချင်ပါတယ်။ အခြားနိုင်ငံတွေကို အနှောက်အယှက် မပေးချင်ပါဘူး။ ဒါပေမယ့် အခြားနိုင်ငံတွေကိုလည်း ကျွန်တော်တို့ကို အနှောက်အယှက်ပေးခွင့် ပြုသွားမှာမဟုတ်ပါဘူး”ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။

ထို့နောက် ပရာဘိုဝိုသည် ဂျာကာတာမြို့တော်ရှိ သမ္မတနန်းတော်သို့ သွားရောက်ခဲ့ကာ သမ္မတ ဝီဒိုဒိုထံမှ အာဏာလွှဲပြောင်းရယူသည့် အခမ်းအနားမတိုင်မီ ၎င်းအားထောက်ခံသူများကို လက်ပြနှုတ်ဆက်ခဲ့သည်။

ပရာဘိုဝိုသည် ယခင်က ဝီဒိုဒီု၏ ပြိုင်ဘက်ဟောင်းဖြစ်ပြီး ယခင်သမ္မတ ရွေးကောက်ပွဲနှစ်ခုတွင် ဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သည်။

ပရာဘို၀ို၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီနှင့် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းတို့အပါအဝင် ဒါဇင်နှင့်ချီသည့် သံတမန်များ တက်ရောက်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း ပရာဘိုဝိုကို ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent