မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ယနေ့ယှဉ်ပြိုင်မည့် သြစတြေးလျအသင်းနှင့်ပွဲတွင် အပြောင်းအလဲအချို့ပြုလုပ်မည်ဖြစ်သော်လည်း ရလဒ်ကောင်းရရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (က) တွင် သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ နီပေါတို့နှင့် ကျရောက်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် အဓိကပြိုင်ဘက် ဖြစ်လာနိုင်သည့် ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရခဲ့သောကြောင့် နောက်ဆုံးအဆင့်ရောက်ခွင့်ရရန် အခွင့်အရေးများသွားပြီဖြစ်သည်။
သို့ဖြစ်ရာ ဒေါ်သက်သက်ဝင်းက " ခြေစစ်ပွဲအောင်ဖို့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ကစားသမားတွေအနေနဲ့ သင်ကြားထားတဲ့အတိုင်း ကစားနိုင် ခဲ့သလို သူတို့ရဲ့ကစားပုံကိုလည်း ကျေနပ်ပါတယ်။ ပထမအဆင့်ပြီးကတည်းက လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သလို ကစားသမားတွေကလည်း သင်ကြားထားတဲ့အတိုင်း ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရခဲ့ပေမဲ့ လက်ကျန် နှစ်ပွဲကလည်း အရေးကြီးပါတယ်။ သြစတြေးလျပွဲက အရေးပါသလို နီပေါနဲ့ နောက်ဆုံးပွဲက အဆုံးအဖြတ်ဖြစ်ပါတယ်။ ဒါကြောင့် သြစတြေးလျနဲ့ပွဲမှာ အပြောင်း အလဲတချို့ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ရလဒ်ကောင်းဖို့ ကြိုးစားမှာပါ။ သူတို့က အာရှရဲ့ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ အကောင်းဆုံးတုံ့ပြန်နိုင်အောင် ကြိုးစားမှာပါ။ ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ရလဒ်ကောင်းရရှိအောင် ယှဉ်ပြိုင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက လက်ကျန် နှစ်ပွဲတွင် ပရိသတ် အများအပြားလာရောက်အားပေးရန်လည်း တောင်းဆိုခဲ့သည်။