ကမ္ဘာ့ရေနံစျေး တစ်စည် ၆၆ ဒေါ်လာခန့်အထိဆက်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်း ငါးလနီးပါးအတွင်း ၁၇ ရာခိုင်နှုန်းကျော်မှ ၂၉ ရာခိုင်နှုန်းကျော်အထိ ဆက်တိုက်မြင့်တက်

ကမ္ဘာ့ရေနံစျေး တစ်စည် ၆၆ ဒေါ်လာခန့်အထိဆက်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်း ငါးလနီးပါးအတွင်း ၁၇ ရာခိုင်နှုန်းကျော်မှ ၂၉ ရာခိုင်နှုန်းကျော်အထိ ဆက်တိုက်မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 23 April 2019
စည်သူအောင်

ယခုရက်သတ္တပတ်အတွင်း ဒေါ်လာစျေး ပြန်လည်အတက်ပြလာမှုနှင့်အတူ ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ငါးလနီးပါးအတွင်း တစ်လီတာ ၁၄၅ ကျပ်မှ ၂၀၅ ကျပ်အထိ ဆက်တိုက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ဧပြီ ၂၃  ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အများစုတွင် ရောင်းချနေသောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၉၅ ကျပ် (တစ်ဂါလန် ၄၅၂၃ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၁၀၀၅ ကျပ် (တစ်ဂါလန် ၄၅၆၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၆၅ ကျပ် (တစ်ဂါလန် ၃၉၃၂ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၃၅ ကျပ် (တစ်ဂါလန် ၄၂၅၀ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ကျပ် ၁၄၅၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၅၀ ကျပ်၊ 92 Ron တစ်လီတာ ၁၉၅ ကျပ်၊ 95 Ron တစ်လီတာ  ကျပ် ၂၀၅ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ငါးလနီးပါးအတွင်း ဒီဇယ်ဆီ ၁၇ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပရီမီယံဒီ ဇယ် ၁၇ ဒသမ ၅၄ ရာခိုင်နှုန်း၊ 92 Ron ၂၉ ဒသမ ၁၀ ရာခိုင်နှုန်း၊ 95 Ron ၂၈ ဒသမ ၀၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ရေနံစျေးသည် ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက် တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ဆက်တက်ခဲဲ့့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေးကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံ စျေးနှုန်းမြင့်တက်ခဲ့သောကြောင့် ပြည်တွင်း စက်သုံးဆီစျေးကွက်တွင် ဇန်နဝါရီလအတွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာ လျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာ လျှင် ကျပ် ၄၀ အထိ၊ မတ်လအတွင်း စက်သုံး ဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ၅၅ ကျပ်မှ ၈၀ အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။            

Most Read

Most Recent