မြန်မာ-တရုတ် ကုန်ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မည့် MoU အရ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ မူဆယ်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ယင်းတန်ဖိုးနှင့်ညီမျှသော ယူနန်ပြည်နယ်ထုတ်ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ဓာတ်မြေသြဇာပြန်လည်ဝယ်ယူပေးရမည်

မြန်မာ-တရုတ် ကုန်ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မည့် MoU အရ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ မူဆယ်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ယင်းတန်ဖိုးနှင့်ညီမျှသော ယူနန်ပြည်နယ်ထုတ်ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ဓာတ်မြေသြဇာပြန်လည်ဝယ်ယူပေးရမည်
မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 22 April 2019
နီလာ

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အရ ဆန်အပါအဝင် လယ်ယာသားငါးထွက်ကုန်များကို မူဆယ်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ယင်းတန်ဖိုးနှင့်ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ဓာတ်မြေသြဇာများ ပြန်လည်ဝယ်ယူပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးအတွက် ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့သည် ကုန်ဖလှယ်မှုစနစ် (Barter System) ဖြင့် ကုန်သွယ်မှုပြုလုပ်ရန် ဧပြီ ၂၁ ရက်က MoU လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ MoU ကို ညှိနှိုင်းအကောင် အထည်ဖော်နိုင်ပါက ဆန်စပါးအပါအဝင် မြန်မာ့လယ်ယာသားငါးထွက်ကုန်များကို မူဆယ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်မည်ဟု သိရသည်။

သို့သော် ကုန်ဖလှယ်မှုဖြစ်၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များတင်ပို့သည့် တန်ဖိုးနှင့့်ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာစသော ပစ္စည်းများ ပြန်လည်ဝယ်ယူပေးရမည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

MoU လက်မှတ်ရေးထိုးသည့်အဖွဲ့များမှာ နှစ်နိုင်ငံမှ အစိုးရဌာနများဖြစ်ပြီး အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုကို တာဝန်ပေးပြီး မြန်မာနိုင်ငံဘက်မှ UMFCCI ၏ လယ်ယာ/ မွေး/ ရေဖွံ့ဖြိုးရေးကော်မတီကို တာဝန်ပေးထားကြောင်း၊ UMFCCI ကော်မတီနှင့် အသင်းအဖွဲ့များ ဆက်လက်ညှိနှိုင်းပြီး မြန်မာဘက်မှ တင်ပို့မည့်ပစ္စည်းများ၊ တင်သွင်းလိုသည့် ပစ္စည်းများ စာရင်းပြုစုရမည်ဖြစ်ကြောင်းနှင့် တရုတ်ဘက်မှလည်း တင်ပို့လိုသည့်ပစ္စည်းများ၊ တင်သွင်းလိုသည့်ပစ္စည်းများ စာရင်းပြုစုရမည်ဖြစ်ကြောင်း သိရသည်။

လာမည့်မေလတွင် နှစ်နိုင်ငံတာဝန်ရှိသူများ ပြန်လည်တွေ့ဆုံပြီး အရေအတွက်၊ ပမာဏနှင့် စျေးနှုန်းစသည့် အရောင်းအဝယ်ကိစ္စများ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆန်စပါးကို ဦးစားပေး၍တင်ပို့နိုင်ရန် ညှိနှိုင်းထားသည်ဟု သိရသည်။

လက်ရှိရေးထိုးထားသည့် MoU အရ လစဉ်ကုန်ဖလှယ်မှုကို အခြေခံသော အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး နှစ်ဖက်ညှိနှိုင်းကာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်ဖြစ်သည်။

သို့ဖြစ်ရာ အကောင်အထည်ဖော်မည့် အစီအစဉ်အသေးစိတ်နှင့်ပတ်သက်ပြီး UMFCCI အသင်းအဖွဲ့များ၊ ကုန်စည်းဒိုင်များမှ ဆက်လက်ဆွေးနွေးပြီး ထုတ်ပြန်သွားမည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ပြီးခဲ့သည့်လပိုင်းအတွင်းက မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် ဆန်ကုန်သည်များက တောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံဘက်တွင် ယင်းကဲ့သို့ ဆန်တင်သွင်းမှုနဲ့ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာမှုနှင့်အတူ မူဆယ်နယ်စပ်၌လည်း ဆန်ဝယ်ယူမှုရပ်တန့်နေကာ ဆန်တန်ချိန် ၅၀၀၀၀ ခန့် ပိတ်မိနေခြင်းဖြစ်ကြောင်းလည်း ကုန်သည်များက ပြောကြားသည်။ 

 

Most Read

Most Recent