ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက လိဂ်ဖလား (Carabao Cup)တွင် ဗိုလ်စွဲရန်မှာ ချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်ရေးထက် ပိုမိုခက်ခဲကြောင်း အံ့အားသင့်ဖွယ် သုံးသပ်ခဲ့သည်။
ဆာရီ၏ချယ်လ်ဆီးအသင်းသည် ယခုရာသီ လိဂ်ဖလားပြိုင်ပွဲတွင် လီဗာပူးလ်၊ စပါးအသင်းများကိုကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန်စီးတီးကိုအရေးနိမ့်ကာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
ထို့ကြောင့် ဆာရီက လိဂ်ဖလားတွင် ၎င်းတို့အသင်းဖြတ်သန်းခဲ့ရသည့် ပွဲစဉ်လမ်းကြောင်းခက်ခဲမှုကို ချန်ပီယံလိဂ်နှင့် နှိုင်းယှဉ်သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဆာရီက '' ပရီးမီးယားလိဂ်ဟာ အလွန်ခက်ခဲပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲတက်ရောက်ဖို့ ကျွန်တော်တို့ လီဗာပူးလ်၊ စပါးတို့လိုအသင်းတွေနဲ့ ကစားခဲ့ရတယ်။ ပြီးတော့ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ဆုံတွေ့ခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတက်ဖို့လမ်းကြောင်းက ဒီ့ထက် ပိုလွယ်ပါတယ်။ ချန်ပီယံလိဂ်ဟာ ဥရောပကလပ်အသင်းတွေအတွက် အလွန်အရေးပါတဲ့ပြိုင်ပွဲပါ။ အကျိုးဆက်အနေနဲ့ ကမ္ဘာအထိ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ကံကောင်းဖို့လိုတဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။