အေဂျက်စ်အသင်း အောင်မြင်မှုရရှိစေရန် နယ်သာလန်လိဂ်ပွဲစဉ်တစ်ခုလုံးကို ရွှေ့ဆိုင်း

အေဂျက်စ်အသင်း အောင်မြင်မှုရရှိစေရန် နယ်သာလန်လိဂ်ပွဲစဉ်တစ်ခုလုံးကို ရွှေ့ဆိုင်း
Published 22 April 2019

နယ်သာလန်ဘောလုံးတာဝန်ရှိသူများသည် နယ်သာလန်ကလပ် အေဂျက်စ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် ယခုရာသီ နယ်သာလန်အမှတ်ပေးပွဲစဉ်တစ်ခုလုံးကို ရက်အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မူလက အေဂျက်စ်အသင်းမှာ ၎င်းတို့၏ အမှတ်ပေးပွဲစဉ် (၃၃) ကို ဧပြီ(၂၈)ရက်နေ့တွင် De Graafschap အသင်းနှင့် ကစားရန် ရှိနေသည်။

အေဂျက်စ်အသင်းအနေဖြင့် စပါးအသင်းနှင့် ချန်ပီယံလိဂ်ပထမအကျော့ အဝေးကွင်းပွဲစဉ် အား ဧပြီ(၃၀)ရက်နေ့တွင် ကစားရန်ရှိနေရာ ယင်းပွဲမတိုင်မီ(၂)ရက်အလိုတွင်ကစားရမည့် အမှတ်ပေးပွဲစဉ်(၃၃)ကို နယ်သာလန်ဘောလုံးတာဝန်ရှိသူများက မေလ(၁၅)ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်။

နယ်သာလန်ဘောလုံးတာဝန်ရှိသူများသည် De Graafschap - အေဂျက်စ်ပွဲသာမက ပွဲစဉ် (၃၃) မှ အခြားနယ်သာလန်အမှတ်ပေးပွဲအားလုံးကိုလည်း မေလ (၁၅)ရက် နေ့သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်ရာ နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ မူလက ၂၀၁၉၊ မေလ (၁၂) ရက် နေ့ တွင် ပြီးဆုံးမည်ဖြစ်သော်လည်း နောက်သို့ (၃)ရက်ဆုတ်သွားကာ မေလ(၁၅)ရက်နေ့မှသာ ပြီးဆုံးမည်ဖြစ်သည်။