အဝေးကွင်းနိုင်ပွဲနဲ့ ထိပ်ဆုံးပြန်ရောက်လာတဲ့ လီဗာပူးလ်

အဝေးကွင်းနိုင်ပွဲနဲ့ ထိပ်ဆုံးပြန်ရောက်လာတဲ့ လီဗာပူးလ်
Photos : AFP
Photos : AFP
Published 21 April 2019

လီဗာပူးလ်အသင်းက တန်းဆင်းဇုန်ထဲရောက် ကာဒစ်ဖ်အသင်းကို အဝေးကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တစ်ပွဲပို၊ နှစ်မှတ်အသာနဲ့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း တစ်ပွဲလုံးစိုးမိုးထားပေမယ့် သေရှင်းရှင်ရေးဖြစ်တဲ့ ကာဒစ်ဖ်အသင်းက ကြံ့ကြံ့ခံတုံ့ပြန်ကစားခဲ့လို့ အခက်အခဲတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ (၅၇)မိနစ်မှာ အာနိုးလ် အနိမ့်ကန်တင်ပေးတဲ့ထောင့်ကန်ဘောကနေ ၀ိုင်နယ်လ်ဒမ်းက ကန်ကွင်းသာ အဖွင့်ဂိုးရယူခဲ့ပြီး ဆာလာကြောင့်ရတဲ့ပယ်နယ်တီကနေ မီလ်နာက (၈၁)မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

၀ိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်ကစားသမားဘဝ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက်အဝေးဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တခြား (၁၉)ဂိုးကိုတော့ အိမ်ကွင်းပွဲစဉ်တွေမှာ သွင်းယူခဲ့ပါတယ်။

ဆာလာကတော့ အခုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒီရာသီ အသင်းအတွက် ပယ်နယ်တီရယူပေးမှု (၅)ကြိမ်အထိရှိလာပြီး ဇာဟာ(၆ ကြိမ်)ပြီးရင် ဒုတိယအများဆုံးဖြစ်နေပါတယ်။

လီဗာပူးလ်အနေနဲ့ အခုနိုင်ပွဲကြောင့် ရမှတ်ပေါင်း(၈၈)မှတ်အထိရှိလာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အသင်းအတွက် စံချိန်တင်ဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာ ထူးခြားတာက ဇယားထိပ်ဆုံး(၆)သင်းစလုံး တန်းဆင်းဇုန်ထဲက (၃)သင်းကို ပွဲတိုင်းအနိုင်ရကာ (၃၃)ပွဲအထိ အနိုင်ကစားထားတာဖြစ်ပြီး ယခင်(၆)ရာသီရှိခဲ့တဲ့ နိုင်ပွဲ(၃၀)ထက် (၃)ပွဲသာလွန်သွားခဲ့ပါတယ်။